မြန်မာ ဝမ်ပေါင် ကုမ္မဏီတာဝန်ခံ ဖြေရှင်းချက် (အပိုင်း - ၃)

  • ဦးရော်နီညိမ်း

ဦးရော်နီညိမ်း နဲ့ ဝမ်ပေါင် ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ် တောင် (တောင်ပိုင်း) နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုကို၊ “မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်” Myanmar Economics Holding Ltd. (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံက လာရောက်ရင်းနှီး မြှုပ်နံှတဲ့ ကုမ္ပဏီကတော့ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်” Myanmar Wanbao Mining Copper Ltd. (MWMCL) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄)ရက်နေ့က၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖိတ်ခေါ် ချက်နဲ့ ဒီ ကြေးနီစီမံကိန်း လေးခုထဲက အကြီးဆုံးဖြစ်တဲ့ လက်ပံတောင်းတောင်က ကြေးနီသတ္ထုတူးဖေါ်ရေး နယ်မြေရုံးမှာ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သွားရောက်ပြီး ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi ကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဒီအစီရင်ခံစာအတိုင်း အကောင်အထည်ဖေါ်ရေး အစိုးရဖွဲ့စည်းပေးတဲ့ ကော်မီတီ တစ်ရပ်လည်း ပေါ် ပေါက်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိ တက်ရဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး၊ Mr. Geng Yi နဲ့ တွေ့ဆုံမေးမြန်း ခန်း (အပိုင်း - ၃) ကို၊ ဒီ သီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍကနေ ဆက်လက်ထုတ်လွှင့် ပေးလိုက်ပါတယ်။

ရော်နီညိမ်း ။ ။ အခု ကျနော်တို့ပြောနေတာက စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာကို မူတည်ပြီး ပြောနေကြ တာ ဖြစ်တယ်။ ဒီအစီရင်ခံစာထွက်ပြီးတဲ့နောက်၊ အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာပါ အကြံပြုချက် တွေအတိုင်း အကောင်အထည်ဖေါ်ရေးကော်မီတီတစ်ရပ်ကို ဖွဲ့စည်းခဲ့တယ် မဟုတ်လား။ ကျနော်တို့ သတိ ထားမိတာက၊ စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ၊ ဒီကော်မီတီဝင်တွေ ဒီကြေး နီစီမံကိန်းရှိရာဒေသကို သွားပြီးတော့ အစီရင်ခံစာမှာ အကြံပြုထားတဲ့အတိုင်း၊ ဒေသခံတွေကို လျော်ကြေး တွေ တိုးပြီးပေးတာကို သွားလုပ်ကြတယ်။ ဒါက ခင်ဗျားတို့ ဝမ်ပေါင်ကုမ္ပဏီက ပေးတဲ့ဟာတွေ။ အဲဒါပြီးတော့၊ သူတို့ ဘာတွေလုပ်ကြလဲ၊ ခင်ဗျားတို့နဲ့ ဘယ်လို ဆက်ပြီးထိတွေ့ကြသလဲ။ အခု ခင်ဗျားတို့နဲ့ ဒီ အကြံပြုချက် တွေအတိုင်း အကောင်အထည်ဖေါ်ရေးကော်မီတီက ဘာတွေလုပ်ကိုင်နေကြသလဲ နည်းနည်း ရှင်းပြပေးပါလား။

Geng Yi ။ ။ အလုပ်သဘောအကြောင်းတစ်ချက်အနေနဲ့ ကျနော်ဟာ ဒီ အကောင်အထည်ဖေါ်ရေး ကော် မီတီရဲ့ အဖွဲ့ဝင် တစ်ဦးပါ။ ဒါဟ ကျနော့်အတွက် ဂုဏ်ယူစရာဖြစ်သလို၊ ဖိအားတစ်ရပ်လည်း ဖြစ်နေပါတယ်။ ဒါဟာ ကျနော်ကိုယ်တိုင်ပါဝင် အလုပ်အကျွေးပြုမှုတစ်ခု ဖြစ်သလို၊ ကျနော့်ကုမ္ပဏီကိုလည်း၊ ကျနော်က ကိုယ် စားပြုနေပြန်ပါတယ်။ ဒီကုမ္ပဏီဟာ တာဝန်သိ သတ္ထုတူးဖေါ်ရေးုမ္ပဏီပါ။ ကျနော်တို့ဟာ (စုံစမ်းရေးကော်မ ရှင်ရဲ့) အကြံပေးချက်တွေကို အပြည့်အဝလေးစားသလို၊ ကျနော်တို့ဟာ တိုးတက်မှုရှိရေး ဖြစ်လာရမယ့် တာ ဝန်တစ်ရပ်ကို ကျေပြွန်ရစေအောင်၊ အကောင်းဆုံး ကြိုးစားနေပါတယ်။ ဒီ အကောင်အထည်ဖေါ်ရေး ကော်မီ တီဆိုတာ (မြန်မာ)အစိုးရနဲ့ စုံစမ်းရေးကော်မရှင်ကို ကိုယ်စားပြုနေသလို၊ တိုးတက်မှုရရှိရေး တာဝန်ကွေထမ်း ဆောင်နေကြတာမှာ ပံ့ပိုးမှုတွေပေးရမှာ ဖြစ်သလို ကြီးကြပ်ရမှာလည်း ဖြစ်ပါတယ်။ အခု ဒီအကောင်အထည် ဖေါ်ရေးကော်မီတီမှာ အစိုးရအဖွဲ့ဝန်ကြီးတွေ ပါတယ်၊ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ ပါတယ်။ သူတို့ က ကျနော်တို့ကို ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေတယ်၊ ပြီးတာ့လည်း တိုးတက်မှုရှိလာရမယ့် တာဝန်တွေ အားလုံးအတွက်လည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေကြပါတယ်။

ရော်နီညိမ်း ။ ။ ခင်ဗျားတို့တွေ ပုံမှန်ထိတွေ့မှု ရှိနေကြတယ်လို့ ဆိုလိုတာလား။

Geng Yi ။ ။ သိပ်ကို မကြာခဏ တွေ့ကြပါတယ်။ တကယ်တမ်းမှာ ကျနော်တို့တွေ တစ်ယောက်နဲ့တစ် ယောက် ။ သိပ်ကို နီးနီးကပ်ကပ်နဲ့ အလုပ်အတူတူလုပ်နေကြပါတယ်ဗျာ။

ရော်နီညိမ်း ။ ။ ကျနော်ဆိုလိုတာက ခင်ဗျားတို့တွေ ပုံမှန် အချိန်ဇယားနဲ့ တစ်ပတ်ကို တစ်ခါ (သို့မဟုတ်) တစ်ပတ်ကို နှစ်ခါမျိုး၊ ဒီအကောင်အထည် ဖေါ်ရေးကော်မီတီနဲ့ ဘယ်လိုထိတွေ့နေကြသလဲ ဆိုတာပါ။

Geng Yi ။ ။ ပုံမှန်အနေနဲ့ အပတ်တိုင်းမှာ အစည်းအဝေး ရှိပါတယ်။ တိုးတက်မှုရရှိရေး တာဝန်ထမ်း ဆောင်မှုတွေ / လုပ်ကိုင်ဆောင်ရွက်နေတဲ့အလုပ်တွေရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်မှုဆိုင်ရာ ဆွေးနွေး ကြတဲ့ အပတ်စဉ် အစည်းအဝေး ဖြစ်ပါတယ်။ သူတို့ ကော်မီတီဝင်တွေ နေပြည်တော်မှာ ထိုင်နေကြမယ့် အစား၊ အပတ်စဉ် ကျနော်တို့ရဲ့ လက်ပံတောင်းတောင် ကြေးနီသတ္ထုတူးဖေါ်ရေးနယ်မြေကို လာဖို့ကြိုးစားကြ ပါတယ်။ လာနိုင်တဲ့ကော်မီတီဝင်တွေ အပတ်စဉ် လာကြပါတယ်။ ဒီမှာ ကျနော်တို့ ကုမ္ပဏီက တင်ပြမှုတွေ အပါအဝင်၊ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပေးချက်တွေကို ဆောင်ရွက်တာမှာ တစ်ချက်ချင်း အချိန်တိုင်းမှာ တိုးတက်မှုတွေ၊ အခက်အခဲတွေကို ဆွေးနွေးကြသလို၊ အကောင်အထည်ဖေါ်ရေးကော်မီတီရဲ့ လမ်းညွှန်မှု တွေ ပံ့ပိုးမှုတွေကိုလည်း ကျနော်တို့ ရရှိခဲ့ပါတယ်။

ရော်နီညိမ်း ။ ။ ပုံမှန်အားဖြင့် ဒီကော်မတီကို ဘယ်သူဦးဆောင်ပြီး လာပါသလဲ။ ဘယ်သူတွေလာပါသလဲ။

Geng Yi ။ ။ ကော်မီတီဥက္ကဋ္ဌကိုယ်တိုင်ကို လာနေပါတယ် ခင်ဗျ။
ရော်နီညိမ်း ။ ။ ဘယ်သူပါလဲခင်ဗျ။

Geng Yi ။ ။ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း ပါ။

ရော်နီညိမ်း ။ ။ အမှတ် (၅) သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း ပေ့ါ။

Geng Yi ။ ။ သူဟာ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖေါ်ရေးကော်မီတီရဲ့ ဥက္ကဋ္ဌပါ။ အလုပ်တွေ သိပ်များကြပေမယ့်၊ ဒီကော်မတီအဖွဲ့ဝင် တခြားဝန်ကြီးတွေဖြစ်ကြတဲ့ သတ္ထုတွင်းဝန်ကြီး ဒေါက်တာမြင့်အောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုတို့နဲ့ သာသနာရေး၊ လယ်ယာ/ဆည်မြောင်း တို့က ဒုဝန်ကြီးတွေလည်း လာကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ ပင်မတာဝန်တွေနဲ့ အလုပ်များနေကြပေမယ့်၊ ဒီ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပေးချက် တွေ ကို အကောင်အထည်ဖေါ်ရေး စီမံချက်အပေါ်မှာ စံပြနမူနာတစ်ခု အဖြစ်သဘောထားပြီးတော့ တခြားလုပ်ငန်း တွေထက် ဦးစားပေးပြီး လုပ်ကိုင်ဆောင်ရွက်ပေးနေပါတယ်။ ဒါဟာ ကျနော်တို့ကို သိပ်ကို အထောက်အကူ ဖြစ်စေတယ်လို့ ခံစားရပါတယ်။

ရော်နီညိမ်း ။ ။ ဒါပေမဲ့၊ ပြီးခဲ့တဲ့ တစ်ပတ်လောက်က၊ နောက်ဆုံး ဖြစ်ပျက်ခဲ့တာ တစ်ခုရှိခဲ့ပါတယ်။ ခင်ဗျား တို့က ဘယ်လောက်ပဲ ကြိုးစားလုပ်ကိုင်နေကြတယ် ဆိုပေမယ့်၊ ဒေသခံ ရွာသားတချို့ကို တက်ကြွလှုပ်ရှားသူ တစ်ချို့က ဦးဆောင်ပြီးတော့ ဆန္ဒဖေါ်ထုတ်မှု ရှိနေပါတယ်။ ခင်ဗျားတို့ ကြေးနီစီမံကိန်းအတွက် ဒေသခံတွေ ဆီက သိမ်းထားတဲ့မြေပေါ်မှာ၊ ဒေသခံ ရွာသားတချို့ ထွန်ယက်မှုတွေ ဝင်လုပ်ကြပြီးတော့၊ သူတို့ရဲ့ ဆန္ဒကို ဖေါ်ထုတ်ကြတယ်။ ခင်ဗျား တို့က ဘယ်လောက်ပဲ ဒေသဖွံ့ဖြိုးရေးတွေလုပ်ပေးပေမဲ့၊ သူတို့က ခင်ဗျားတိုရဲ့ ကြေးနီစီမံကိန်းကို လုံးဝရပ်စေချင်တယ်၊ ဒီမြေပေါ်မှာ မိရိုးဖလာအတိုင်း စိုက်ပျိုးလုပ်ကိုင်ချင်ကြတယ်။ အခု သူတို့ဟာ ခင်ဗျားတို့ ကြေးနီစီမံကိန်းမြေထဲကို ကျူးကျော်ဝင်ရောက်လာကြတယ်ဆိုပြီး သူတို့ရဲ့ခေါင်းဆောင် တချို့ကို ထိန်းသိမ်းထားလိုက်တယ်။ အဲဒီတော့ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အ ထည် ဖေါ်ရေး ခင်ဗျားတို့က အပြင်းအထန် အလုပ်လုပ်နေကြပေမယ့်၊ ဒီလိုတွေဖြစ်နေတာအတွက် ခင်ဗျားရဲ့ အမြင် သဘောထားက ဘယ်လိုရှိလဲ၊ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ။ ကျနော် ဘယ်သူ့ကိုမှ အပြစ် ပြောနေတာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ အမြင်သဘောထားကို သိချင်တာ သက်သက်ပါ။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာပါလဲ ခင်ဗျ။

Geng Yi ။ ။ ပထမဆုံးအနေနဲ့ ကျနော်တို့ကုမ္ပဏီက စပြီးပြောချင်တာက၊ ဘယ်လို အကြမ်းဘက်မှုမျိုး အတွက်မဆို ကျနော်တို့က အမြဲတမ်းပဲ ဝမ်းနည်းစိတ်မကောင်းပါဘူး။ ခင်ဗျားပြောတဲ့အတိုင်းပါပဲ၊ ကျနော့်တို့ အတွက် တစ်ဘက်ဘက်ကို အပြစ်တင်ဖို့၊ သိပ်ကို ခက်ခဲပါတယ်။ ဒီကြေးနီစီမံကိန်းဒေသမှာ ထိခိုက်အနာတရ တွေဖြစ်နေသမျှ ကျနော်တို့က စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းပြည်ရဲ့ ဂုဏ်ဆောင် အမျိုး သမီးကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာ ရှိပါတယ်။ မတူကွဲပြားခြားနားကြတဲ့ ဘယ်လိုအယူအဆ ကို မဆို၊ ဘယ်လိုအငြင်းပွားမှုကို မဆို၊ ဘယ်လို နားလည်မှုလွဲမှားခြင်းတွေကို မဆို၊ ခင်မင်ရင်းနှီးစွာနဲ့ ဆွေး နွေးညှိနှိုင်းယူနိုင်ရမယ် ဆိုတာပါ။ ဒီနည်းလမ်းက ထိတွေ့ဆက်ဆံမှု မရှိပဲ ဆန္ဒပြနေတာတွေထက် အများကြီး ပိုကောင်းတဲ့ နည်းလမ်းပါ။ ခင်ဗျားပြောတဲ့ အဖမ်းအဆီးကိစ္စမှာ၊ ကျနော်တို့ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ သတင်းစာဖတ်ရလို့ တချို့သောအချက်အလက်တွေ သိထားတာပဲ ရှိပါတယ်။ ဒီလိုတွေ ဖြစ်နေရတဲ့အပေါ်မှာ၊ ကျနော် နားလည်သဘောပေါက်နေတာကတော့၊ ထိတွေ့ဆက်ဆံမှု မရှိသေးတာပါပဲ။ ကျနော်တို့ ဘာလုပ် သင့်သလဲဆိုတော့၊ ကျနော်တို့ ကုမ္ပဏီဘက်ကနေ၊ ဆက်ဆံရေးကို စတင်ဖို့ပါပဲ။ မြန်မာအစိုးရကကော ကျနော်တို့ရဲ့ ပါတနာ ဦးပိုင်လိမိတက်ကကော၊ ကြိုးစားလုပ်ကိုင်နေတယ်လို့လည်း ကျနော် ယုံကြည်ပါတယ်။ ဒီကြေးနီစီမံကိန်းအပေါ်မှာ ကျနော်တို့နဲ့ မတူကွဲပြားတဲ့အမြင်ရှိသူ ဒေသခံတွေရဲ့ အဖွဲ့ဟာ၊ သိပ်မကြီးမားဘူး လို့ ကျနော်ယုံကြည်နေပြီးတော့၊ သူတို့နဲ့ ထိတွေ့ဆက်ဆံသွားဖို့ ကျနော် အပြင်းအထန်ကြိုးစား လုပ်ကိုင်သွား မှာပါ။ သူတို့ရဲ့ လိုလားချက်တွေကို ကျနော်တို့ နားလည်နိုင်ပါတယ်၊ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျနော်တို့ နားလည်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့၊ ကျနော်ဟာ တရုတ်လူလတ်တန်းစား မိသားစုကနေ ပေါက်ဖွား ကြီးပြင်းခဲ့တာပါ။ အခု ကျနော်ဟာ (၃၇)နှစ် ရှိပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃ဝ)၊ ကျနော် (၆)နှစ် /(၇)နှစ်သား အရွယ် ပထမတန်းကျောင်းသားဘဝတုံးက၊ တရုတ်ပြည် အနောက်တောင်ပိုင်းက ပြည်နယ်တစ်ခုဖြစ်တဲ့ ကွေ့ဂျိုးပြည်နယ် (Guizhou Province) ထဲက၊ တောရွာလေးတစ်ရွာမှာ ကြီးပြင်းခဲ့ပါတယ်။ ကွေ့ဂျိုးပြည်နယ် ဟာ အခုလည်းပဲ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်နေတုံးပါ။ ခင်ဗျား မှန်းကြည့်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၃ဝ)က၊ ကျနော်တို့ဟာ ကြမ်းတမ်းခက်ခဲတဲ့ဘသတွေကို ဖြတ် သန်းခဲ့ကြရပါတယ်။ ကျနော့်မိဘတွေက အဲဒီတုံးက စက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ကြတာကို ကျနော် သေချာ မှတ်မိနေပါတယ်။

စက်ရုံကအားလုံးသော မိသားစုတွေဟာ ကြက်သားဟင်းတစ်ခွက်ကို ဝေမျှစားကြရပါတယ်။ စားပွဲပေါ်မှာ ဒီတစ်နပ်အတွက် ဟင်းတစ်ခွက်ကို တွေ့ရပြီးတဲ့နောက်၊ နောက်တစ်နပ်ကို ဘယ်လိုလုပ် စားကြ ရမယ်ဆိုတာကို၊ ကျနော်တို့ မသိကြပါဘူး။ ထမင်း နောက်တစ်နပ်အတွက် စိုးရိမ်ပူပန်နေကြရပါတယ်။ ဒါကြောင့် အခုအခါ ဒီမှာ၊ ဒီကြေးနီစီမံကိန်းကြောင့်၊ လူထုတွေက သူတို့ရဲ့ အနာဂတ်နေ့စဉ်ဘဝတွေအတွက် စိုးရိမ်ပူပန်နေကြတာကို ကျနော် နားလည်သဘောပေါက်ပါတယ်။ ဒီတိုင်းပြည်ရဲ့ မြို့ပြစီမံကိန်းတို့ စက်မှုစီမံ ကိန်းတို့ကို အေ့ာင်အထည်ဖေါ်ကြတဲ့နေရာမှာ၊ တချို့သော စီမံကိန်းတွေဟာ ဒေသခံလူ့အဖွဲ့အစည်းတွေကို ထိခိုက်နစ်နာစေပါတယ်။ ရေတိုမှာ ဒီထိခိုကနစ်နာမှုတေါကြောင့် ဒေသခံလူထုတွေရဲ့ လူနေမှုဘဝပုံစံတွေ ပြောင်းလဲသွားပါတယ်။ အပြောင်းအလဲတွေ လုပ်ကြတဲ့နေရာမှာ ပိုပြီးကောင်းလာလေမလား၊ အဆိုးဆုံးတွေ ဖြစ်လာလေမလားလို့ သာမန်လူထုတွေကို စိုးရိမ်ပူပန်နေကြမှာကို ကျနော် နားလည်နိုင်ပါတယ်။ ဒီ့အတွက် ဖြတ်သန်းကြရမယ့် အချိန်ကာလ လိုအပ်တယ်လို့၊ ကျနော်ထင်ပါတယ်။ နှစ်ပေါင်း (၃ဝ)ကြာလာပြီးတဲ့အခါမှာ၊ ကျနော်ဟာ လူကြီးတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ အဲဒီအချိန်တွေမှာ တရုတ်ပြည်ဟာ ဖွံ့ဖြိုးတိုးတက်လာနေတာ ကြောင့်၊ ကျနော့်အတွက် ပညာရေးအခွင့်အလမ်းတွေ ပိုပြီး ရရှိလာခဲ့ပါတယ်။ ကျနော်ဟာ အလုပ်အကိုင်အ ခွင့် အလမ်းတွေ ပိုပြီး ရရှိခဲ့ပါတယ်။ တရုတ်ပြည်ဟာ တံခါးကို စပြီးဖွင့်လိုက်တာ လွန်ခဲ့တဲ့ နှစ်(၃ဝ)ကပါ။ အဲဒီကစလို့၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃ဝ)က စလို့၊ တရုတ်ပြည်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာခဲ့ပါတယ်။ နှစ်ပေါင်း (၃ဝ)ကြာလာပြီးတဲ့နောက်၊ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်နေစဉ်က ခုလိုပဲ တတွဲထဲ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ / စိုးရိမ်ပူပန်မှုတွေ အတော်များများကို ဖြေရှင်းပြေလည်သွားစေခဲ့ပါပြီ။ မြန်မာ နိုင်ငံအတွက်လည်း အဲဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့ ကျနော် ခံစားနားလည်နေပါတယ်။

ရော်နီညိမ်း ။ ။ ဝမ်ပေါင်သတ္ထုတူးဖေါ်ရေးကုမ္ပဏီဟာ ကမ္ဘာတဝှမ်းမှာ ရင်းနှီးမြှုပ်နံှလုပ်ကိုင်နေတဲ့ တရုတ် ပြည်ရဲ့ နိုင်ငံတကာအဆင့် ကုမ္ပဏီကြီး ဖြစ်တယ်။ ဒါပေမဲ့ မြန်မာပြည်မှာက နှစ်ပေါင်း (၂ဝ)လောက် တရုတ် ပြည်ရဲ့ နိုင်ငံတကာအဆင့်ထက်နိမ့်တဲ့ ဒေသခံအဆင့်/ခရိုင်အဆင့် / ပြည်နယ်အဆင့် စတဲ့ တရုတ်ကုမ္ပဏီ တွေက၊ အများဆုံး လာပြီး စီးပွားရေးလုပ်ကိုင်နေကြတော့၊ မြန်မာလူထုရဲ့ အမြင်မှာ တရုတ်စီးပွားရေးလုပ်ငန်း တွေဟာ သိပ်အမြတ်ထုတ်လွန်းတယ်၊ မြန်မာပြည်ကနေ ရှိသမျှ အကုန်ခွာယူနေတယ်၊ ဘာမှ မကျန်အောင် ကိုပဲ ဆိုတဲ့ ခံစားမှုတွေ ဖြစ်ပေါ်နေတာကို အခု ကျနော် နှစ် (၂ဝ)ကျော်ကြာပြီးတဲ့နောက်၊ ပြန်ရောက်လာ တဲ့အခါ တွေ့မြင်နေရပါတယ်။ ဝမ်ပေါင်လို နိုင်ငံတကာအဆင့် တရုတ်ကုမ္ပဏီကြီးက ဒီလိုအချိန်မှာမှ ဒီ ကြေးနီ စီမံကိန်းကို မြန်မာပြည်မှာ လာလုပ်မိတာ၊ လွဲမှားတဲ့အချိန် လွဲမှားတဲ့ အဖြစ်အပျက်တွေရှိနေတဲ့ နေရာမှာ လာ ပြီး လုပ်သလို ဖြစ်နေပါသလား။ ဝမ်ပေါင်ဟာ မြန်မာပြည်ထဲက တခြားသော အဆင့်နိမ့် တရုတ်စီးပွားရေးလုပ် ငန်းတွေလို မဟုတ်ဘူး / နှစ်ဦးနှစ်ဘက် အကျိုးရှိအောင် လုပ်ကိုင်ဆောင်ရွက်နေတာပါလို့၊ ခင်ဗျားတို့ မြန်မလူ ထုကို ဘယ်လို ပြသမှာပါလဲ။

Geng Yi ။ ။ မြန်မာပြည်သူလူထုရဲ့ ခံစားမှုကို ခင်ဗျားလိုပဲ ကျနော်တို့လည်း နားလည်ပါတယ်။ တချို့ သော ဒီလိုခံစားမှုတွေကို၊ ကျနော်တို့က ဂရုတစိုက်ရှိရပါမယ်။ ဥပမာအားဖြင့် - ဒေသခံလူထုရဲ့ သူတို့ရဲ့ အနာ ဂတ်အတွက် စိုးရိမ်ပူပန်နေကြပါတယ်။ အလုပ်အကိုင်တွေအတွက် ပူပန်နေကြပါတယ်။ ကျနော်တို့ဟာ သတ္ထု တူးဖေါ်ရေးကုမ္ပဏီအနေနဲ့ သတ္ထုတူးဖေါ်ရေးလုပ်ငန်း/ သတ္ထု တူးဖေါ်ရေးစီမံချက်တွေ အပေါ်မှာ အထူးပြုလုပ် ဆောင်ပါတယ်။ ကျနော်တို့ဟာ စီးပွားရေးအရ တွက်ခြေကိုက်ရေးတစ်ခုထဲ မဟုတ်ပဲ၊ သဘာဝပတ်ဝန်းကျင် မထိခိုက်မပျက်စီးစေရေး၊ လူနေမှုဘဝတွေ အရေးတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။ ဒေသခံလူထုတွေက အနာဂတ်အတွက် ပူပန်မယ် / သူတို့ရဲ့ ကလေးတွေရှေ့ရေးကို စိုးရိမ်ကြမယ်။ ကျနော်တို့က အဲဒီလို အားလုံး သော စိုးရိမ်ပူပန်မှုတွေကို နားထောင်ကြရပါမယ်။ ဒီလိုစိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးရေး ဒေသခံလူထုတွေနဲ့ တိုင်ပင်ဆွေးနွေးကြရပါမယ်။ ကျနော်တို့ဟာ ဖြေရှင်းမှုတွေ ရရှိလာပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင် မထိ ခိုက် မပျက်စီးစေရေးနဲ့ လူနေမှုဘဝတွေ အရေးတွေအတွက် ဖြေရှင်းနိုင်မယ်လို့ ကျနော် အခိုင်အမာ ယုံကြည် နေပါတယ်။ ကျနော်တို့မှာ နည်းပညာရှိတယ်။ အတွေ့အကြုံရှိတယ်၊ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နံှမှုလည်းပဲ ရှိ တယ်။ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နံှမှုဟာ ဒီကြေးနီစီမံကိန်းတစ်ခုထဲအတွက် မဟုတ်ဘူး။ ဒီဒေသတစ်ခုလုံးနဲ့ ဒေသခံလူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖြစ်တယ်။ ဒါတွေဟာ နိုင်ငံတကာရင်းနှီးမြှုပ်နံှမှုရဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ဖြစ်တယ်။ ကျနော်တို့ဟာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေကို လိုက်နာတဲ့ တာ ဝန်သိ ရင်းနှီးမြှုပ်နံှတဲ့ စိတ်ရှည်သည်းခံစွာ အလုပ်လုပ်တဲ့ တရုတ်အစိုးရပိုင် သတ္ထုတူးဖေါ်ရေးကုမ္ပဏီ ဖြစ်ပါ တယ်။ ရှေ့ဆက်ပြီးတော့ ဒေသခံလူထုနဲ့ ကျနော်တို့ အလုပ်လုပ်ရပါမယ်။ တချို့တွေကလည်း သယံဇာတ ကျိန်စာ (Resources Cult) ဆိုတာကို ပြောကြတယ်။

ရော်နီညိမ်း ။ ။ ရှေ့သတင်းပတ် တနင်္ဂနွေနေ့ ညချမ်းနဲ့ တနင်္လာနေ့ မနက်ခင်းတွေမှာ မြန်မာဝမ် ပေါင် ကြေးနီ ကုမ္မဏီ လီမီတက်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Geng Yi နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း အပိုင်း (၄) ကို ဆက်လက်ထုတ်လွှင့်သွားပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။