သတင်းလွတ်လပ်ခွင့် ပြုပြင်ပြောင်းလဲရေး

ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်း

Your browser doesn’t support HTML5

သတင်းလွတ်လပ်ခွင့် ပြုပြင်ပြောင်းလဲရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ဒီမိုကရေစီခရီးလမ်းမှာ အဟန့်အတားဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်ပြုပြင်ပြောင်းလဲရေးအတွက်၊ အခုဆိုရင် လွတ်လပ်စွာ သတင်းရေးသားဖော်ပြမှုကို ထိခိုက်စေတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ် ပြင်ဆင်မှုတွေ လုပ်နေပါတယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။ ကိုသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ။ အခု အခြေအနေအားဖြင့်လဲ ကျနော်တို့မှာ မေးစရာ မေးခွန်းတွေရှိတဲ့ အခြေအနေပါ။ နောက် Retuers သတင်းဌာနမှာ နှစ်ပေါင်း (၂၀) ကျော် တာဝန်ထမ်းဆောင်ခဲ့သူ။ အခု ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ အခု နိုင်ငံတကာမှာလည်း Reuters သတင်းထောက်နှစ်ယောက် ဖမ်းဆီးထောင်ချခံရတဲ့သတင်းက တော်တော်လေး မြန်မာအစိုးရပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ပထမဦးဆုံး မေးခွန်ကတော့ ဒီသတင်းထောက်နှစ်ယောက်ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုတုံ့ပြန်ချင်ပါလဲ။

ဦးအောင်လှထွန်း ။ ။ အဲဒါကတော့ အခု တရားရုံးက ကိုင်တွယ်နေတော့ မပြီသေးဘူးပေါ့။ ကျနော် နားလည်သလောက် Process က မပြီသေးဘူး။ ကျနော်တို့ကတော့ ဘာမှပြောလို့ မရဘူး။ ကျနော်အနေအထားက တရားဝင် ဘာမှပြောလို့မရဘူး။ သူတို့က အခုရုံးကတော့ Verdict ချလိုက်ပါပြီ။ ဒါပေမဲ့ Appeal process ရှိသေးတယ်။ အယူခံဝင်ခွင့် ရှိသေးတယ်။ ဂိတ်ဆုံးကတော့ Presidential pardon ရှိတယ်။ Amensty တို့ဘာတို့ - အဲဒီမတိုင်ခင် ကျနော်တို့အနေနဲ့ ဥပဒေအရလည်းပြောဖို့ မသင့်တော်ပါဘူး။ -- ဘာမှ မပြောတာ ကောင်းပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ပဲ နောက်ထပ်မေးခွန်းတခုကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပေါ်မှာလည်း ဝေဖန်ရေးသားတဲ့ ဆောင်းပါးတွေကို ဝန်ကြီးတို့လည်း တွေ့မှာပါ။ အဓိကတော့ NHK တွေ့ဆုံမေးမြန်းခန်းတခုမှာ သူတို့ဟာ သတင်းယူလို့ အဖမ်းခံရတာ မဟုတ်ဘူးဆိုပြီး ပြောခဲ့တဲ့ကိစ္စ။ နောက်ပြီးတော့ တချို့ကလဲ အခုနောက်ပိုင်းမှာ စီရင်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ မြုံနေတယ်ဆိုပြီးတော့ လူ့အခွင့်အရေး မီးရှူးတစောင်လို့ သတ်မှတ်ခံခဲ့ရသူက မြုံနေတယ်ဆိုပြီးတော့ ဝေဖန်တာမျိုးပါ။ ဒါနဲ့ ပတ်သက်လို့ ဝန်ကြီးအနေနဲ့ ပြောစရာရှိပါလား။

ဦးအောင်လှထွန်း ။ ။ တကယ်တမ်းကြတော့ NHK အင်တာဗျူးမှာ မမေးသင့်တဲ့ မေးခွန်းတခုပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက အရင်ကနဲ့မတူတော့ဘူး၊ အခုက နိုင်ငံတော်တာဝန်ကို ယူနေရတဲ့ အနေအထားမှာ ရှိပါတယ်။ ပြီးတော့ သူပြောလိုက်တာလဲ ကျနော်ထင်တယ် သူက Fact တခုအနေနဲ့ ပြောလိုက်တာ ဒါက Legal process မှာ ဒီအနေနဲ့ လုပ်ထားတာ။ အဲဒါ သူ့ရဲ့ Comment ဆိုတာထက် အခြေအနေက အဲဒီလိုဖြစ်နေတယ်။ အဲဒါကို ပြောလိုက်တာလို့ ကျနော် နားလည်ပါတယ်။ သူ့ရဲ့ Personal opinion မဟုတ်ဘူး။ ဖြစ်နေတယ်၊ အဲဒါ သူတို့ လုပ်ထားတာ ဒီဥပဒေနဲ့ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ အဲဒါကို အမျိုးမျိုး Interpret လုပ်တာလို့ အဲဒီလိုပဲ နားလည်ပါတယ်။ ကိုယ်လိုရာဆွဲပြီးတော့ လုပ်ကြတာ။ သူ လောလောဆယ် ဘာမှမပြောဘဲနဲ့ Silence လုပ်နေတယ်ဆိုတာ ကျနော် အခုနပြောသလိုပဲ ဒါက Legal process အဲဒီလို ဝင်ပြောလို့ မရဘူး။ ပြောတာဟာ Influence လုပ်ဖို့ ကြိုးစားတဲ့သဘော သက်ရောက်တာပေါ့။ ကျနော် နားလည်တာ အဲဒါကြောင့် အဲဒါကို ဘာမှမလုပ်၊ ဝေဖန်မှု မပြုဘဲ နေတယ်လို့ ကျနော် နားလည်ပါတယ်။ အဲဒါကမှ တကယ့်ကို စည်းးနဲ့ကမ်းနဲ့ အသိအမှတ်ပြုတာ Judiciary ကို အသိအမှတ်ပြုတဲ့သဘောပါ။ Over influence မလုပ်ချင်တဲ့သဘောလို့ ကျနော် နားလည်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒီ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ပတ်သက်လို့ပဲ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေက ဒီနေ့ သတင်းယူရေးမှာ အဓိက အဟန့်အတားတခု ဖြစ်နေတယ်ဆိုပြီးတော့ သတင်းလွတ်လပ်ခွင့် တောင်းဆိုနေတဲ့ ပြည်တွင်းအဖွဲ့အစည်းတွေကတောင် ဝေဖန်ပြောဆိုနေတာမျိုးတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ပြန်လည်ပြင်ဆင်တာမျိုး၊ သုံးသပ်တာမျိုး ရှိပါလား။

ဦးအောင်လှထွန်း ။ ။ ဒီဥပဒေက တကယ်တမ်း ကြည့်လိုက်ရင် နှစ်ပေါင်း တစ်ရာကျော် ရှိပါပြီ။ ကျနော်တို့ ဗြိတိသျှဆီက အမွေရလိုက်တဲ့ ဥပဒေပါ။ ဒါပေမဲ့ ကျနော်လည်း ဒီဥပဒေအောက်မှာပဲ နှစ်ပေါင်း (၂၀) ကျော် အလုပ်လုပ်ခဲ့ပါတယ်။ ဥပဒေဆိုတာ လျှို့ဝှက်ချက်ဆိုတာ နိုင်ငံတိုင်း ရှိပါတယ်။ ဥပမာပြောရင် လူတွေ စိတ်ဆိုးကြမလား - တချို့က Snowden သာ ကြည့်လိုက်ပါတော့ - လျှို့ဝှက်ချက်ဆိုတာရှိတယ် - အားလုံးကို ထုတ်ဖော်ပြောလို့ မရဘူး။ ပြောသင့်ပြောထိုက်တာ ပြောရမယ်။ လျှို့ဝှက်သင့်တာ လျှို့ဝှက်ရမယ်။ ဒီဥပဒေနဲ့ အရေးယူတာကို မပြောလိုပါဘူး။ ဥပဒေတွေရှိတယ်။ တချိန်တည်းမှာ သတင်းသမားဘက်က သိဖို့လိုတယ်။ ဘယ်ဥပဒေက ဘယ်လို အန္တရာယ်ရှိတယ်ဆိုတာ။ ဥပဒေကို ကြေညှက်ထားဖို့ လိုပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဥပဒေပညာရှင်တွေဘက်က ထောက်ပြတာကတော့ အိန္ဒိယမှာလည်း ဒီဥပဒေ ရှိတယ်။ စင်္ကာပူမှာလည်း ရှိတယ်။ ကနေဒါမှာလည်း ရှိတယ်။ ဒါပေမဲ့ သတင်းသမားတွေအတွက် Right to information act သတင်းယူခွင့်နဲ့ ပြန်ပြီးတော့ ထိန်းညှိပေးတဲ့ ခွင့်ပြုတာမျိုးတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ဦးအောင်လှထွန်း ။ ။ မှန်ပါတယ်။ Over rule လုပ်တာမျိုးတွေ ရှိပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ၆၆(ဃ) ဆိုရင် ဒီအစိုးရလက်ထက်မှာ ကြားခံလူတယောက် တရားစွဲလို့ … ပြန်လည်သုံးသပ်တဲ့ အနေအထားမျိုး ရှိပါသလား။

ဦးအောင်လှထွန်း ။ ။ ကျနော်တို့ သုံးသပ်နေတဲ့ ဥပဒေတချို့ ရှိပါတယ်။ ဒါပေမဲ့ Official secret law တော့ မပါသေးဘူးလို့ ထင်ပါတယ်။ Official secret ကတော့ ကျနော် နားလည်သလောက်တော့ Unlawful association act, Electronic act တွေ ရှိတယ်။ သို့သော် အဲဒါနဲ့ထိန်းဖို့ Rights to information law ကတော့ ရေးဆွဲနေပါတယ်။ Draft တော့ ရပါပြီ။ အဲဒီအပေါ် အခြေခံပြီးတော့ အချိန်တော့ နည်းနည်းယူရပါမယ်။ ကျနော်တို့ ချပြမယ်။ လွှတ်တော်ကိုတင်မယ်။ အဲဒီမှာပါလာရင်တော့ Provision တခု ထည့်လိုက်ရင်တော့ အဲဒါကို ကျော်လွှာသွားမယ်လို့ ထင်ပါတယ်။ အခုန ဆရာပြောသလို Right to information က သတင်းသမားတောင်မကဘူး။ ကျနော်ထင်တာ သတင်းထုတ်ပြန်ဖို့ တာဝန်ရှိတဲ့ အစိုးရဝန်ထမ်းအရာရှိတွေအတွက်လည်း Pyschologically အဟန့်အတားတခု ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အစိုးရအရာရှိလည်း လုပ်ခဲ့ဖူးတော့ သတင်းသမားဘဝမရောက်ခင် အဲဒီလိုမျိုးလည်း ရှိတယ်။ အဲဒီတော့ Right to information law ကို ပြဌာန်းလာတဲ့အခါ အဲဒီမှာ ပါပါလိမ့်မယ်။ ဝန်ထမ်းကိုလည်း သတင်းထုတ်ပြန်ခွင့်ပေးရမယ်။ သတင်းသမားကိုလည်း သတင်းရယူခွင့် ပေးရမယ်။ နည်းနည်းတော့ စိတ်ရှည်ဖို့တော့ လိုပါတယ်။ ပြောချင်တာက အဲဒီလို ကျနော်တို့ ပြင်ဆင်နေတုန်းကလာမှာပဲ ပေါ်ပေါက်လာတဲ့ Challenges တွေက သိပ်ကြီးမားလွန်တယ်။ ရခိုင်ကိစ္စကို အကြောင်းပြုပြီးတော့ ရခိုင်မြောက်ပိုင်းက အခြေအနေကို အကြောင်းပြုပြီးတော့ Challenges, International pressure တွေ များလာတယ်။ နောက်တခုက ဝမ်းနည်းစရာ၊ စိတ်မကောင်း အဖြစ်ဆုံးကတော့ ကျနော်တို့ မီဒီယာက ပွင့်ပွင့်လင်းလင်းပြောရင် Independence လို့ ပြောကြတယ်။ မီဒီယာလွတ်လပ်မှုနဲ့အတူ အမှီအခိုကင်းမဲ့မှုကလည်း အရေးကြီးမယ် ထင်ပါတယ်။ ဒီနှစ်ခုက ဆက်နွယ်နေတယ်။ အမှီအခိုကင်းဖို့လိုတယ်။ Financially အမှီအခိုကင်းရမယ်။ Financially independence ဖြစ်ဖို့ သိပ်လိုမယ် ထင်ပါတယ်။ ကျနော် နားလည်သလောက် ပြည်တွင်းမီဒီယာတချို့ဟာ စီးပွားရေးအရ မရပ်တည်နိုင်ဘူး။ တဖြည်းဖြည်းရုတ်သိမ်းနေကြတယ်။ အဲဒါမျိုးလည်း ကျနော် စိတ်မကောင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အတွက် ထူးချွန်ထက်မြက်တဲ့ တကယ့်ကို Professional journalists တွေကို မွေးထုတ်မယ့်နေရာက အဲဒီ Pen media ပါ။ ဒါပေမဲ့ Pen media တွေက မရပ်တည်နိုင်ဘူး။ ဒါလဲ နိုင်ငံတကာ Challenge ပါ။ အဲဒီအခါကြတော့ မီဒီယာလောက က ထူးချွန်တဲ့လူတွေက အားလုံးပြောင်းသွားကြတယ်။ PR line ကို ပြောင်းသွားတယ်။ Advocacy ပိုင်းကို ပြောင်းသွားတယ်။ Training ပိုင်းကို ပြောင်းသွားတယ်။ ကျနော် မိတ်ဆွေတချို့ ကျနော် စာသင်ပေးခဲ့တဲ့ ကလေးတွေအပါအဝင် အားလုံးပြောင်းသွားတော့ သိပ်မကျန်တော့ဘူး။

ဦးသိန်းထိုက်ဦး ။ ။ အခုန ဝန်ကြီးပြောသွားတဲ့ ရခိုင်ကိစ္စ အကျပ်အတည်း ပြောရင်နဲ့ တဆက်ထဲ အရင်အင်တာဗျူးတခုမှာ ဒီလို ပြောခဲ့ဖူးတာ ရှိပါတယ်။ Proactive disclosure သိသင့်သိထိုက်တဲ့ သတင်းတွေကို ဝန်ကြီးဌာနတွေဘက်ကလည်း ကြိုတင်ပြီးတော့ အချိန်ယူ သတင်းထုတ်ပြန်တာမျိုးတွေ ဖြစ်လာဖို့အတွက် ဆန္ဒရှိတယ်ဆိုပြီး ရခိုင်ကိစ္စမှာ နိုင်ငံတကာက ဝေဖန်နေတာကတော့ Access တို့ Information ပေါ့။ သတင်းရယူခွင့်မှာ သတင်းရယူခွင့်ကို ပိတ်ပင်ထားတာကလည်း နိုင်ငံတကာရဲ့ ဖိအားကို ပိုပြီးတော့ ကြီးစေတယ်။ နိုင်ငံတကာဘက်က သတင်းတွေမှာ မှန်မှန်ကန်ကန် သက်သေပြနိုင်ဖို့အတွက် သူတို့ဘက်က အချက်အလက်စုံစမ်းဖို့ အခက်အခဲဖြစ်တယ်ဆိုပြီးတော့ သူတို့ဘက်က ပြောတာမျိုးတွေ ရှိပါတယ်။ ဒါကိုကော အားနည်းချက်တခုလို့ မြင်ပါလား။

ဦးအောင်လှထွန်း ။ ။ မီဒီယာ Handling ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီအဖြစ်အပျက်ဖြစ်ပြီး အစောပိုင်းမှာ နည်းနည်းကျနော်တို့ဘက်က ပိုပြီးတော့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုင်တွယ်နိုင်ခဲ့ရင် တမျိုးတဖုံ ပြောင်းလဲသွားနိုင်မယ်လို့ ထင်ပါတယ်။ ပြဿနာတခုက မီဒီယာနဲ့ ကျနော်တို့ကြားမှာ အပြန်အလှန် ယုံကြည်မှုက တော်တော်လေးကို ပျက်ဆီးသွားခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ မီဒီယာသမားတချို့ကလည်း အလွဲသုံးစားလုပ်ခဲ့တာ ကျနော် ရိုးသားစွာ ယုံကြည်ပါတယ်။ ကျနော့်အတွေ့အကြုံအရ အလွဲသုံးစားလုပ်ခဲ့တယ်။ Bias တွေ ရှိတယ်။ Bias တွေက Level တခုခုမှာ ရှိနေတယ်။ အဲဒီဟာမှာ အစိုးရဘက်က အဲဒီအဖြစ်အပျက် စဖြစ်ခါစက နည်းနည်း ကိုင်တွယ်ရမှာကို နည်းနည်းလက်တွန့်သွားခဲ့တယ်။ ဒါပေမဲ့ အခု ကျနော်တို့ ပြန်ပြီးတော့ လုပ်ပေးနေပါတယ်။ ကျနော်တို့ ရခိုင်ကိုလွှတ်တယ်။ ပြည်တွင်းတလှည့်၊ ပြည်ပတလှည့် Alternative လွှတ်ပါတယ်။ သိပ်တော့လုံလောက်မှုတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့မှာလည်း အခက်အခဲတွေ အကန့်အသတ်တွေ ရှိတယ်။ Logistics ရှိတယ်။ သွားရေးလာရေး၊ တည်ခိုတာ အစစအရာရာ။ အရေးကြီးဆုံးက လုံခြုံရေး ဖြစ်ပါတယ်။ လုံခြုံရေးကတော့ အရေးကြီးဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ သတင်းသမားထဲမှာလည်း အမျိုးမျိုးပါလာတာကို ကြားသိရပါတယ်။ သတင်းသမားအလုပ် မဟုတ်တဲ့ လုပ်ချင်တဲ့လူလည်း ရှိချင်ရှိမယ်။ သူတို့ Overzealous ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ သိပ်ပြီးတော့ သတင်းသမားသဘောကို ကျနော် နားလည်ပါတယ်။ သို့သော် ကျနော်တို့က သိပ်ကို အထိန်းအချုပ်မရှိ လွှတ်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။

ဦးသိန်းထိုက်ဦး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း လွှတ်တော်အစည်းအဝေး နားတဲ့အချိန်မှာ ဝန်ကြီးပြောခဲ့တာ ရှိပါတယ်။ သတင်းရယူရေးမှာ အဟန့်အတား ဖြစ်နေတဲ့ ဥပဒေတွေကို ပြန်လည်ပြီးတော့ သုံးသပ်မယ်ဆိုပြီးတော့ - ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကို အကျယ်တဝင့် ရှင်းပြပေးပါ။

ဦးအောင်လှထွန်း ။ ။ သုံးသပ်မယ်ဆိုတာ အဟန့်အတားရှိတဲ့ ဥပဒေတွေ ရှိတယ်။ တချို့ဟာတွေကို သုံးသပ်နေတယ်။ တချို့ဟာတွေဆို ပြင်တောင်ပြင်ဆင်ပြီးပါပြီ။ ဥပမာ Emergency Provisions Act ဆိုတာ ကျနော်တို့ သတင်းသမားဘဝမှာ ရှိခဲ့တဲ့ အရေးပေါ်စီမံချက် ဥပဒေဆိုတာ - အရပ်ထဲမှာတော့ တမျိုးတော့ ခေါ်ကြတယ်။ အဲဒီဥပဒေဆိုရင် ဟိုအရင်အစိုးရလက်ထက်ကတည်းက ပိတ်ခဲ့လိုက်ပါပြီ။ နောက်တခုက ၁၉၇၅ the law to protect the state from the danger of subversive elements - နိုင်ငံတော်အား ဖျက်ဆီးနှောင့်ယှက်လိုသူများ၏ အန္တရာယ်မှ တားဆီးရေးဥပဒေ - အဲဒီဥပဒေတွေကို ကျနော် သတင်းသမားဘဝက လေ့လာခဲ့ဖူးပါတယ်။ ထဲထဲဝင်ဝင် လေ့လာခဲ့ပါတယ်။ ၁၉၇၅ မှာ ပြဌာန်းခဲ့တယ်။ အရင်က အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးတင်ဦးကို အရေးယူဖို့အတွက် အဲဒီဥပဒေကို ပြဌာန်းခဲ့တယ်။ လိုအပ်ချက်အရ ပြဌာန်းခဲ့တယ်။ ကျနော်တို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရတယ်။ အဲဒီအခါကြတော့ သူကို မလွှတ်ချင်တဲ့အခါကြတော့ အဲဒါကို Amend လုပ်ခဲ့တယ်။ ဆက်တိုက်ဆက်တိုက် ဖမ်းလို့ရအောင် ဆိုပြီးတော့။ အဲဒါလဲ သတင်းသမားတွေ သိပ်အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ အဲဒါကိုလည်း ဖျက်သိမ်းလိုက်ပြီ။ ဒါပေမဲ့ ကျနော်တို့မှာ ဘာပြဿနာ ရှိသလဲဆိုတော့ Cyber Law မရှိသေးဘူး။ Cyber Telecom Industry က သိပ်ထွန်းကားလာတယ်။ တကယ့်ကို Booming ဖြစ်လာပြီး သန်း (၃၀) ကျော်လောက် ဖုန်းကိုင်လာတယ်။ ပြီးတော့ ကျနော်တို့မှာ Ethics ပိုင်းမှာ အားနည်းချက် ရှိပါတယ်။ Mobile phone users တွေ၊ နောက် Citizen journalists တွေက အများကြီး ရှိလာတယ်။ Smart phone တလုံးရရင် ဘယ်သူမဆို တွေ့တာမြင်တာကို ရိုက်ပြီးတော့ ရေးပြီးတော့ တင်လို့ရတယ်။ သူတို့မှာ Ethic Training မရှိဘူး။ တင်ချင်သလိုတင် အဲဒီလို အခြေအနေမျိုးမှာ Cyber Crimes ရဲ့ အန္တရာယ်က သိပ်ကြီးမားပါတယ်။ ကျနော်တို့ဘက်က လုပ်နေတာ တခုတော့ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ Law ကိုတော့ ပြုလုပ်တာကတပိုင်းပါ။ လုပ်နေကြတယ်။ အချိန်တော့ ယူရမယ်။ တချိန်တည်းမှာပဲ Law အစစ် - အခုနပြောတဲ့ Right to information law တို့နဲ့လည်း ပြန်ထိန်းညှိရတာပေါ့။ အဲဒါလဲ ပြဌာန်းခဲ့ပါတယ်။ နောက်တခုက ကျနော်တို့ ပြန်ကြားရေးက တာဝန်ခံပြီးတော့ Focal Ministry တွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူ့အခွင့်အရေးကော်မရှင်ပါတယ် စသည်ဖြင့် Attorney General's Office ပါတယ်။ ကျနော်တို့ SOP တခုထွက်အောင် လုပ်နေပါတယ်။ Standard Operation Procedure သတင်းသမားတွေအတွက်။ ကျနော်တို့က ဘာလုပ်လဲဆိုတော့ လေ့လာပါတယ် - ဘယ် Provisions တွေ၊ ဘယ်ဥပဒေရဲ့ ဘယ်ပြဌာန်းချက်ဟာ မီဒီယာသမားတွေအတွက် ဘယ်လိုအဟန့်အတားတွေ ရှိတယ်ဆိုတာကို သုံးသပ်ပါတယ်။

အဲဒါ ဘယ်ဟာကို ပြန်ပြီးတော့ ပြင်ဆင်တာတွေ ရှိမယ်။ ပြင်သင့်တာတွေ ရှိမယ်။ ဒီအတိုင်းထားသင့်တာတွေ ရှိမယ်။ အခြေအနေအရလဲ ထားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်တော်ဟိုဟာ ဖြစ်သွားမယ်။ ကျနော်တို့က Media Management က အတွေ့အကြုံ တော်တော်နည်းပါးခဲ့ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဝန်ကြီး စပြီးတော့ တာဝန်ယူခဲ့တဲ့အချိန်မှာ မီဒီယာအခင်းအကျင်း၊ လွတ်လပ်တဲ့ သတင်းယူခွင့်၊ သတင်းစာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်တွေကို ပိုပြီးတော့ တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောခဲ့ဖူးပါတယ်။ အခု တာဝန်ထမ်းလာတဲ့ ကာလအတွင်းမှာ လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ်မှာ ကျေနပ်ပါရဲ့လား။ နောက်ပြီးတော့ မကျေနပ်သေးဘူးဆိုရင် ဘယ်လိုကိစ္စတွေက အဟန့်အတားတွေ ရှိပါသလဲ။

ဦးအောင်လှထွန်း ။ ။ ကျနော် မကျေနပ်တာတော့ ကိုယ့်ဘာသာကိုယ်ပါ။ အများကြီး လုပ်ချင်တာပေါ့။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကျနော်တို့နိုင်ငံက ၁၉၆၂ လောက်ကနေ ကျနော်တို့ ကလေးပေါက်စဘဝကတည်းက Press Freedom နဲ့ ဝေးခဲ့ရတယ်။ ဒီမိုကရေစီနဲ့ ဝေးခဲ့ရတယ်။ တကယ်တမ်းးပြောရရင် ကျနော်တို့ရဲ့ တကျော့ပြန် ဒီမိုကရေစီက (၇) နှစ်သားပဲ ရှိသေးတယ်။ တကျော့ပြန် Media Freedom ကလည်း (၅) နှစ်သားလောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ Challenges တွေက သိပ်များတယ်။ ကျနော် သုံးသပ်မိတာပါ။ စိန်ခေါ်မှုတွေက သိပ်များလွန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ ငယ်ငယ်တုန်းက ကျနော်တို့ နိုင်ငံအပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုက ဒီလောက် မရှိပါဘူး။ ကျနော်တို့ နိုင်ငံပိုင်မီဒီယာဆိုတာကလဲ ပြည်သူနဲ့ အစိုးရကြားမှာ ပွင့်ပွင့်လင်းလင်း ခပ်ရိုင်းရိုင်းပြောရရင် ဝါဒဖြန့်တဲ့အဆင့်လောက်ပဲ ရှိတယ်။ ဝါဒဖြန့်တဲ့ မီဒီယာဟာ တကယ့် Professional media နဲ့ တော်တော်ကို ကွာဟပါတယ်။ အခုကိစ္စက Professional media က Handle လုပ်ရမယ့်ကိစ္စ။ အဲဒါအတွက် ကျနော်တို့ အချိန်ယူရပါမယ်။ အဲဒါကြောင့်လဲ ပုဂ္ဂလိက မီဒီယာကို သိပ်ရှင်သန်စေချင်ပါတယ်။ ပုဂ္ဂလိက Print media နဲ့ Online media အားလုံးကို အရမ်းအားကောင်းမောင်းသန် ဖြစ်စေချင်ပါတယ်။ အဲဒါ အချိန်ယူရပါမယ်။ နားလည်ဖို့လိုတယ်။ နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီးတော့ အေးအေးဆေးဆေး အချိန်ယူဆွေးနွေးဖို့ လိုပါတယ်။ တဘက်သတ် ဖိအားပေးရုံနဲ့ မရဘူး။ အဲဒါလဲ အလုပ်မဖြစ်ဘူးလို့ ထင်ပါတယ်။ ကျနော် အဲဒါလေးကို ဝမ်းနည်းတာပါ - မီဒီယာညီအကိုတွေကို လက်တွဲပြီးတော့ နားလည်အောင် မလုပ်နိုင်သေးတာကို အားမလိုအားမရ ဖြစ်မိပါတယ်။