NLD အစိုးရ လုပ်ဆောင်သင့်တဲ့ စီးပွားရေးလုပ်ငန်းများ

NLD ဗဟို စီးပွားရေးကော်မတီဝင် ဦးအေးလွင်

Your browser doesn’t support HTML5

NLD အစိုးရ လုပ်ဆောင်သင့်တဲ့ စီးပွားရေးလုပ်ငန်းများ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဒီမိုကရေစီစနစ်ဆီ ဦးတည်လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုမှာ ငြိမ်းချမ်းရေးအပြင် စီးပွားရေးကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အခုတလော တကြော့ပြန် ဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်း ပဋိပက္ခအပါအဝင်၊ တိုင်းရင်းသားဒေသတွေမှာ အေးချမ်းမှု ရရှိဖို့ ကြိုးပမ်းမှုကလည်း တိုးတက်မှု သိသိသာသာ မတွေ့ရသေးပါဘူး။ ဒီတော့ စီးပွားရေးအပိုင်းမှာရော အုပ်ချုပ်မှုသက်တမ်း (၁) နှစ်ခွဲကြာလာပြီး ရှိလာခဲ့တဲ့ NLD အစိုးရအနေနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်နယ်နဲ့ တိုင်းတွေမှာ ဘယ်လိုအစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ ရှိနေပါလဲ။ NLD ဗဟို စီးပွားရေးကော်မတီဝင် ဦးအေးလွင် ကို ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခုလို VOA ကို လာပြီးတော့ ဖြေကြားပေးတဲ့အတွက် ဦးအေးလွင် ကို အများကြီးကျေးဇူးတင်ပါတယ်။ ဦးအေးလွင် က NLD ဗဟို စီးပွားရေးကော်မတီရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ ဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံမှာ အခု NLD အစိုးရလက်ထက်မှာဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေကလည်း အများကြီးခံနေရပါတယ်။ အထူးသဖြင့် ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့။ ဒီအချိန်မှာ အဲဒီလို ဖိအားပေးခံနေရတဲ့အပြင် ငြိမ်းချမ်းရေးအတွက်တွေပါ ဆက်ပြီးတော့ လုပ်နေရတဲ့အတွက်ကြောင့် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို NLD က စိတ်ကြိုက်မလုပ်နိုင်ဘူးလို့ သိရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက သယံဇာတတွေလည်း အများကြီးပေါတယ်။ ပြည်နယ်နဲ့တိုင်းအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဘာတွေလုပ်သင့်သလဲဆိုတာ NLD ဗဟို စီးပွားရေးကော်မတီ အဖွဲ့ဝင်တဦးအနေနဲ့ စပြီးပြောပြပေးပါ - ပထမဦးဆုံး ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ရခိုင်ပြည်နယ်ကို စပြောပြပေးပါ။

ဦးအေးလွင် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၃ လောက်ကတည်းက စီးပွားရေးမူဝါဒတွေကို ရေးဆွဲတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း ဘယ်လို စီးပွားရေးစနစ်နဲ့ သွားမယ်ဆိုတာကိုလည်း ကြေညာခဲ့တယ်။ ရွေးကောက်ပွဲနောက်ပိုင်း တာဝန်ယူရတဲ့အချိန်မှာ အစိုးရသစ် တာဝန်ယူရတဲ့အချိန်မှာ စီးပွားရေး မူဝါဒ (၁၂) ချက်ကိုလည်း တင်ပြထားတယ်။ အဲဒီရဲ့ အသေးစိတ်တွေကိုလည်း ဝန်ကြီးဌာနတွေကို အသီးသီးညွှန်ကြားထားတာရှိတယ်။ ကျနော်တို့ကတော့ အခု အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နံှမှု ကော်မတီအသစ် ဥပဒေပြဌာန်းလိုက်တယ်။ အသစ်ပြဌာန်းထားတဲ့အထဲမှာ မဖွံ့ဖြိုးသေးတဲ့ဒေသ၊ ဖွံ့ဖြိုးမှု နည်းပါးတဲ့ဒေသတွေကို နိုင်ငံခြားသား ရင်းနှီးမြုပ်နံှမှုဖြစ်စေ၊ တိုင်းရင်းသား ရင်းနှီးမြုပ်နံှမှုကိုဖြစ်စေ ပိုပြီး အခွင့်အရေးပေးတဲ့ ဥပဒေတွေကို ထည့်သွင်းထားတယ်။ ဥပမာ ရခိုင်၊ ချင်းတောင်တို့နဲ့ တခြားတိုင်းနဲ့ပြည်နယ် နယ်စွန်းနယ်ဖြားတွေမှာဆိုရင် ဦးစားပေး တစ် - (၇) နှစ် ခံစားခွင့် အကောက်ခွန်၊ အခွန် ကင်းလွှတ်ခွင့် ခံစားခွင့်တွေကို ပေးထားပါတယ်။

နောက်တခါ မြေပိုင်ဆိုင်မှုနဲ့ မြေငှားရေးနဲ့ ပတ်သက်လို့ တခြားဒေသတွေမှာဆိုရင် ပထမအနှစ် (၅၀)၊ နောက် (၁၀) နှစ်၊ (၁၀) နှစ်ဆိုတော့ အနှစ် (၇၀) - အဲဒီလို မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ အနှစ် (၇၀) အပြင်၊ ရင်းနှီးမြုပ်နံှတဲ့လူဟာ အနှစ် (၇၀) နဲ့ ရင်းနှီးမြုပ်နံှတဲ့အခါမှာ အားမရဘူး၊ ဒီထက်ပိုပြီး လိုချင်ပါတယ်ဆိုတဲ့ သီးခြားတောင်းဆိုရင် ကျနော်တို့က လွှတ်တော်ကို တင်ပြပြီးတော့ ဒီစီမံကိန်း၊ စီးပွားရေးလုပ်ငန်းဟာ နှစ် (၇၀) အပြင်၊ နောက်ထပ် သူတို့တောင်းဆိုတဲ့နှစ်ပေါ် မူတည်ပြီး ဘယ်နှစ်နှစ် တိုးပေးသင့်ပါတယ်။ လွှတ်တော်ရဲ့ သဘောတူညီချက်ယူပြီးတော့ အခွင့်အရေး ပေးမယ်ဆိုတဲ့ အချက်တွေပါပါတယ်။

အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီအနေနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရတွေကို တိုင်းနဲ့ပြည်နယ် အစိုးရတခုချင်းအလိုက် ကျနော်တို့ အကြံတွေပြုဖို့အတွက် ရှိပါတယ်။ ဒါလဲ လွှတ်တော်ကနေတဆင့် တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေကို အကြံပြုသွားမှာပါ။

ဘာတွေလဲဆိုတော့ တိုင်းနဲ့ပြည်နယ်အလိုက် သူ့ရဲ့ Master Plan စီးပွားရေး Plan တွေ ရှိဖို့လိုတယ်။ ဥပမာ ရခိုင်ဆိုပါစို့ - ရခိုင်ပြည်နယ်သည် တခြားတိုင်းနဲ့ပြည်နယ်နဲယှဉ်ရင် သူက ပင်လယ်ကြီးကို ပိုင်ဆိုင်ထားတယ်။ အနောက်ဘက်ကမ်းကြီးကို ပိုင်ဆိုင်ထားသည့်အပြင် ကမ်းလွန်ရေနံတွင်းတွေကလည်း ရှာဖွေနိုင်တဲ့၊ ရရှိနိုင်တဲ့ ကမ်းလွန်ရေနံ၊ သယံဇာတကလည်း ပင်လယ်ထဲမှာ ရှိသလို၊ အခုနပြောတဲ့ ပင်လယ်သယံဇာတဖြစ်တဲ့ သားငါးတွေ ငါးလုပ်ငန်းတွေကိုလည်း တိုးတက်အောင် လုပ်နိုင်တယ်။ အကယ်၍များ ဒီငါးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် ကမ်းရိုးတန်းတလျှောက်မှာ အအေးခန်းစက်ရုံတွေ တည်ထောင်ပြီးနောက် နိုင်ငံခြားကို တိုက်ရိုက် Export လုပ်နိုင်တယ်။ အဲဒီ အနောက်ဘက်ပင်လယ်ပြင်မှာပဲ ရခိုင်တင် မဟုတ်ပါဘူး၊ ဧရာဝတီတိုင်း တောင်ပိုင်းမှာရှိတဲ့ ငါးပူတောကျေးရွာအထိ - ဧရာဝတီတိုင်းကလည်း အနောက်ဘက် ပင်လယ်ပြင်ကို မျက်နှာမူထားတဲ့အတွက် အဲဒီမှာ ရေနက်ဆိပ်ကမ်းတွေ တည်ဆောက်။ ထုတ်ကုန်လုပ်ငန်းတွေ ထုတ်ပြီးတော့ အဲဒီမှာ ဒေသထွက်ပစ္စည်းတွေအားလုံး နိုင်ငံခြားကို တင်ပို့နိုင်တယ်။ ဦးစားပေးလုပ်ငန်းကို လုပ်ဖို့ လိုပါတယ်။

နောက်တခါ ရခိုင်မှာ ဒါတင်မဟုတ်သေးဘူး အုန်းပင်တွေပေါတယ်။ တခြားသီးနံှတွေ စိုက်ပျိုးနိုင်တာတွေရှိတယ်။ ကွမ်းပင်တွေရှိမယ်။ ဒေသထွက် သီးနံှတွေပေါ် အခြေခံပြီးတော့ Agro Based Industry ကိုလည်း လုပ်ဖို့လိုသလို၊ တတိယကတော့ Tourism - ကမ္ဘာမှာ နာမည်ကြီးခဲ့တဲ့ ငပလီလို ကမ်းခြေမျိုး။ နောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ ချောင်းသာ၊ ငွေဆောင် စသည်ဖြင့်။ ဥပမာ ဂွ - ဒီလို ဆိပ်ကမ်းတွေ၊ ပင်လယ်ကမ်းခြေတွေကိုလည်း ခရီးသွားလာမှု တိုးတက်အောင်လုပ်ဖို့ လိုပါတယ်။ နာမည်ကြီး ရခိုင်ဘုရားတွေလည်း ရှိပါတယ်။ ဒါကို ဦးစားပေး စနစ်တကျလုပ်ဖို့လိုသလို၊ ချင်းတောင်လည်း ဒီလိုပဲ။ ချင်းတောင်ဒေသမှာလည်း ချင်းတောင်ထွက် ဒေသထွက်ပစ္စည်းတွေ။ အထူးသဖြင့် ချင်းတောင်ပန်းသီးလိုဟာမျိုးတွေ။ ခရီးသွားလုပ်ငန်းတွေ ဒါတွေအားလုံးကို လုပ်ဖို့လိုတယ်။ အဲဒီတော့ ဒီဒေသနှစ်ခုကို ဥပမာပေးသလို တခြားတိုင်းနဲ့ပြည်နယ်တွေလည်း - ဥပမာ ကယားပြည်နယ်ဆိုလည်း ကယားဒေသထွက် သတ္တုတွင်းလုပ်ငန်းတွေကို စနစ်တကျလုပ်ရမယ်။ ပတ်ဝန်းကျင် ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင်လို့ ကြပ်မတ်ဆောင်ရွက်ပေးရမယ်။ ကယားပြည်နယ်မှာဆိုရင် ကျနော်တို့ ငယ်စဉ်ကတည်းက ရှိခဲ့တဲ့ လွိုင်ကော်ကျောက်ပြားတွေ တခေတ်တခါက အီတလီတို့ကို ပို့ခဲ့ဖူးတယ်။ အဲဒီလို ဒေသထွက် ကုန်ပစ္စည်းတွေကို အခြေခံရမည်။

ဒေါ်ခင်မျိုးသက် ။ ။ အခု ရခိုင်၊ ချင်း၊ ကယားတို့က ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ ဒေသတွေ။ မြောက်ပိုင်းကို တက်လိုက်မယ်ဆိုရင် ကချင်ပြည်နယ် - ရှမ်းပြည်မသွားခင်ပေါ့။ ကချင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာတွေများ လုပ်သင့်တယ်လို့ ကော်မတီက အကြံပေးချင်ပါလဲ။

ဦးအေးလွင် ။ ။ ကချင်ပြည်နယ်ကလည်း သူ့ရဲ့ဒေသထွက်က ကချင်ပြည်နယ်သည် သယံဇာတ ပေါကြွယ်ဝတယ်လို့ ယူဆထားတယ်။ ယူဆထားတဲ့ အသုံးအနှုန်းက တခေတ်တခါက ငြိမ်းချမ်းရေး မရှိသေးလို့၊ သွားလာရတာ ခက်ခဲတဲ့ဒေသမို့ သယံဇာတ တူးဖော်ရှာဖွေတဲ့ ဘူမိဗေဒ မြေပုံရေးဆွဲခြင်း၊ စမ်းသပ်တိုင်းတာခြင်း လုပ်ငန်းတွေက အသေးစိတ်တော့ မလုပ်ရသေးဘူး။ စမ်းသပ်တိုင်းတာသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧရာဝတီမြစ်ရဲ့ တောင်ဘက်ပိုင်းမှာ ကချင်က ဆင်းလာတဲ့ စစ်ကိုင်းတိုင်းထဲမှာဆို မြစ်ရိုးတလျှောက် ရွှေတွေတွေ့တယ်။ မြစ်ရိုးတလျှောက်မှာတွေ့တဲ့ ရွှေတွေသည် အပေါ်မှာ ပင်မရွှေကြောတွေ ရှိနိုင်တယ်။ တခြားသတ္တုတွေလည်း ရှိနိုင်တယ်။ နောက်တခါ ကချင်ပြည်နယ်ကလည်း သဘာဝပတ်ဝန်းကျင် လှပတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ၊ ရေခဲတောင်လို နေရာမျိုးတွေ ရှိတဲ့အတွက် ပူတာအိုတို့မှာ ခရီးသွားလုပ်ငန်းတွေ တိုးချဲ့လုပ်နိုင်တယ်။ အခုဟာက တရုတ်ပြည်ကစမယ့် ပိုးလမ်းမကြီး One Belt One Road ကလည်း ဒီဘက်ကို ဖြတ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အခုနပြောတဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အဓိက လုပ်နိုင်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွေလည်း ရှိတယ်။ ကမ္ဘာမှာ ဘယ်မှာမှမရှိတဲ့ ရှားပါးတယ်။ နောက် ကချင်ပြည်နယ်ပြီးတော့ ရှမ်းပြည်နယ်နဲ့ အရှေ့ဘက်တလွှား ရှမ်းပြည်နယ်မှာ ဘာတွေ လုပ်သင့်ပါလဲ။

ဦးအေးလွင် ။ ။ ရှမ်းပြည်နယ်မှာလည်း လက်ဖက်တွေ စိုက်မယ်။ ရှမ်းပြည်မှာ ပန်းမာလာတွေစိုက်မယ်။ သစ်သီးဝလံ Farming တွေ လုပ်ဖို့ လိုပါတယ်။ အသီးအနံှတွေ စိုက်မယ်။ နိုင်ငံခြားနဲ့ ပူးပေါင်းပြီးတော့ အအေးခန်းတွေ တည်ဆောက်ပြီးတော့ အချောထည်လုပ်ငန်းတွေ - အခု သာစည်မှာရှိတဲ့ သီးနံှစက်ရုံကြီးလို - ဒါမျိုးတွေ လုပ်ဖို့လိုပါတယ်။ နောက် ရှမ်းပြည်လည်း ခရီးသွားလုပ်ငန်းရှိတယ်။ လုပ်ဖို့လိုတယ်။ နောက် သတ္တုသယံဇာတ - ရှမ်းပြည်မှာဆိုရင် အထူးသဖြင့် အရှေ့မြောက်မှာဆိုရင် ကျနော်တို့ သိရသလောက် ခဲဖြူ အဖြိုက်နက် Virgin သတ္တုမိုင်းကြီးတခုကို ငြိမ်းချမ်းရေးဒေသတခုမှာ တွေ့ရှိထားတယ်။ အဲဒီလိုပဲ တခြားသတ္တုတွေ၊ သယံဇာတတွေကိုလည်း ထုတ်ဖို့လိုတယ်။ တခေတ်တခါမှာဆိုရင် ရှမ်းပြည်မှာ ကမ္ဘာမှာနာမည်ကြီးခဲ့တဲ့ နမ္မတူဘော်တွင်းမိုင်း - အဲဒီဘော်တွင်းမိုင်းရဲ့ သယံဇာတပိုင်းကလည်း Data တွေအရ တန်ပေါင်း သန်းချီ ရှိနိုင်တယ်။ ဒါတွေအားလုံးက တိုင်းပြည်ရဲ့ စီးပွားချမ်းသာမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ လူသုံးကုန်တွေအတွက် မရှိမဖြစ် ထုတ်ရမယ့်လုပ်ငန်းတွေကို စနစ်တကျ ထုတ်ပေးဖို့ လိုပါတယ်။

ဗမာပြည်ရဲ့ တိုင်းနဲ့ပြည်နယ် (၁၄) ခုထဲမှာ စစ်ကိုင်းတိုင်းက အကျယ်ဆုံး ဧရိယာ။ သူက ချင်းတောင်နဲ့လည်းဆက်တယ်။ အိန္ဒိယနယ်စပ်အထိ ဆက်တယ်။ စစ်ကိုင်းတိုင်းရဲ့ အိမ်းနီးနားချင်းက အိန္ဒိယရဲ့ အရှေ့မြောက်လို့ခေါ်တဲ့ အာသံ၊ မဏိပူ၊ နာဂလန်း၊ မီဇိုရမ်ခေါ်တဲ့ ပြည်နယ်ကြီး (၄) ခုမှာ လူသန်းပေါင်း လေးရာလောက် နေထိုင်တယ်။ အဲဒီသန်းပေါင်း လေးရာ Market ကို ကျနော်တို့ဆီက ထွက်ကုန်တွေကို ပို့နိုင်တယ်။ ဂျုံတွေ စိုက်ပျိုးနိုင်တယ်။ ဆန်းစပါးတွေ စိုက်ပျိုးနိုင်တယ်။ စစ်ကိုင်းတိုင်းက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းပြီးရင် ဆန်စပါး အများဆုံး စိုက်ပျိုးတဲ့ဒေသဖြစ်တယ်။ နောက်တခါ စစ်ကိုင်းတိုင်းမှာ သယံဇာတ တူးဖော်ထုတ်လုပ်နိုင်တယ်။ ရွှေသတ္တုမိုင်းတွေရှိတယ်။ နီကယ်သတ္တုတွေ ရှိတယ်။ ကျောက်မီးသွေး - ဒါတွေအားလုံးက ကျနော်တို့ သယံဇာတကို စနစ်တကျ ထုတ်လုပ်ဖို့လိုတယ်။ ခရီးသွားလုပ်ငန်း စစ်ကိုင်းတိုင်းမှာ လုပ်လို့ရတယ်။ တန်းခိုးကြီးဘုရားတွေ ရှိပါတယ်။

အဲဒီလိုပဲ မန္တလေးတိုင်း ဆင်းသွားမယ်။ ရန်ကုန်တိုင်းကတော့ အဓိကပေါ့။ မကွေးတိုင်းဆိုရင်လည်း ရေနံတွင်းတွေ ရှိတယ်။ လက်ယက်တွင်းတွေကို အခုလို မိရိုးဖလာ တူးနေမယ့်အစား အဆင့်မြင့် စနစ်တကျတူးတဲ့ ရေနံတွင်းလုပ်ငန်းတွေ၊ နည်းပညာတွေ ကောင်းကောင်းတွေ ဖိတ်ခေါ်ပြီးလုပ်ဖို့ လိုပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒါက အလယ်ပိုင်းလည်း ပြီးသွားပြီ။ မြန်မာနိုင်ငံ အနောက်ခြမ်းကနေ မြောက်ခြမ်းနဲ့ အရှေ့တလွှားပြီးပြီ။ အလယ်ပိုင်းပြီးတော့ တောင်ပိုင်းဘက်ကို ဆင်းလာလို့ရှိရင် ရန်ကုန်တိုင်းတို့ ဧရာဝတီတိုင်းတို့ မပါခင် အောက်ဘက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ ရှိပါတယ်။ ဒီဒေသတွေအတွက်…

ဦးအေးလွင် ။ ။ ကရင်ပြည်နယ်ကလည်း ကျနော် အခုနပြောသလို ကရင်ပြည်နယ်သည် နဂို ကရင်တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး ယူထားပြီးပြီ။ ကရင်ပြည်နယ်ရဲ့ အဓိက အားသာချက်က အာဆီယံနိုင်ငံရဲ့ ဝင်ပေါက်တပေါက် ဖြစ်တယ်။ ထွက်ပေါက်တပေါက် ဖြစ်တယ်။ ယိုးဒယားနိုင်ငံနဲ့ ဆက်စပ်နေတဲ့ မြဝတီ ရှိတယ်။ ကော့ကရိတ် ရှိတယ်။ ဒီဒေသတွေက ကရင်ပြည်နယ်ရဲ့ ဖားအံမြို့ကလည်း အင်မတန် စက်မှုလက်မှု ဖွံ့ဖြိုးမှု လုပ်နိုင်တဲ့ အနေအထားရှိတယ်။ ဖားအံမှာဆို မြေတွေလည်း ပေါတယ်။ အဲဒီဒေသတွေမှာ လျှပ်စစ်မီးတွေ ရရှိအောင်လုပ်ပြီးတော့ စက်မှုလက်မှု အသေးစား၊ အလတ်စား လုပ်ငန်းတွေကို တိုးတက်အောင်လုပ်။ ပြီးတော့ ပဲခူးတိုင်းကထွက်တဲ့ ဆန်စပါး၊ တခြားကောက်ပဲသီးနံှတွေ၊ ကရင်မှာထွက်နိုင်တဲ့ ဒေသထွက်ပစ္စည်းတွေကို အခြေခံပြီးတော့ လုပ်နိုင်တယ်။ နောက်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းရနိုင်တဲ့ အထည်ချုပ်လုပ်ငန်းတွေလည်း လုပ်နိုင်တယ်။ နောက် ကရင်ပြည်နယ်မှာ နှစ်ရာစုက တန်းခိုးကြီးဘုရားတွေ ရှိတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ လုပ်နိုင်တယ်။ အဲဒီလိုပဲ တနင်္သာရီတိုင်းက တောတောင်တွေ ထူထပ်တယ်။ ပင်လယ်ကြီးကို ပိုင်ထားတယ်။ အဲဒီ ပင်လယ်ကြီးကို ပိုင်ထားတဲ့အတွက် တနင်္သာရီတိုင်းကလည်း ပင်လယ်ရေ လုပ်ငန်းတွေ တိုးတက်အောင် လုပ်သင့်တယ်။ အအေးခန်းတွေ လုပ်ရမယ်။ ရာဘာ စိုက်ပျိုးတဲ့ လုပ်ငန်းတွေ။ ကရင်လည်း ရာဘာ စိုက်ရမယ်။ မွန်လည်း ရာဘာ စိုက်ပြီး၊ တာယာစက်ရုံတွေ တည်ဆောက်ရမည်။ ရာဘာမျိုးတွေ သေချာကောင်းအောင် စိုက်ရမယ်။

ဓါတ်သတ္တုကဏ္ဍကတော့ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ထိုက်သင့်တဲ့ သတ္တုတွေရှိတယ်။ စနစ်တကျ တူးဖော်ထုတ်လုပ်ရမယ်။

ဒေါ်ခင်မျိုးသက် ။ ။ နောက်ဆုံးက ဖွံ့ဖြိုးမှု အများဆုံးလို့ပြောတဲ့ ရန်ကုန်တိုင်းနဲ့ ဆက်နွယ်နေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့ ပတ်ဝန်းကျင်မှာ ဘာတွေ လုပ်သင့်လဲ။

ဦးအေးလွင် ။ ။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့ကြတော့ ဆက်စပ်နေတယ်။ မြေပြန့်ဒေသ ဖြစ်တယ်။ ဆန်စပါး အများဆုံး စိုက်ပျိုးနိုင်တယ်။ ဆန်စပါးအပြင် ဆန်စပါးနဲ့ ဆက်နွယ်နေတဲ့ တခြားကောက်ပဲသီးနံှတွေ စိုက်ပျိုးရမယ်။ နောက်တခါ မွေးမြူးရေးလုပ်ငန်းတွေ လုပ်ရမယ်။ သားငါး မွေးမလား။ ကျွဲနွား မွေးမလား။ တခြားတိရစ္ဆာန်တွေ မွေးမလား။ နို့စားနွားမတွေ မွေးမလား။ ဒါတွေအားလုံးက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့မှာ အများကြီးလုပ်နိုင်ပြီး နို့ချက်စက်ရုံတွေ value --- ပစ္စည်းတွေ၊ မန္တလေးတိုင်းအပါအဝင် ဒါတွေအားလုံးက ပင်မဒေသကြီးတွေဖြစ်တဲ့၊ လူဦးရေလည်း ထူထပ်တဲ့အတွက် လျှပ်စစ်မီးကို နိုင်နိုင်နင်းနင်း ပေးနိုင်ရင် အသေးစား၊ အလတ်စား အစ Heavy Industry တွေ လုပ်နိုင်တယ်။ အခုဆိုရင် ပဲခူးတိုင်းဘက်မှာ မော်တော်ကားစက်ရုံတွေ တည်ထောင်တော့မယ်။ ဒါမျိုးတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရနိုင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒါတွေက တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လုပ်သင့်တာတွေ။ ဒီလို တိုင်းနဲ့ပြည်နယ်တွေမှာပဲ တွေ့ရမယ့်၊ တွေ့နေရတဲ့ အခက်အခဲတွေကို နည်းနည်းလေး အကျဉ်းချုံးပြီး ပြောပြပါ။

ဦးအေးလွင် ။ ။ အခက်အခဲကတော့ နံပတ်တစ် မူဝါဒ ချတာက ကျနော်တို့ ပါတီ စီးပွားရေးကော်မတီက ဒါတွေလုပ်သင့်တယ်ဆိုပြီး အကြံပြုပေမယ့် အကောင်အထည်ဖော်တာက သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရတွေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေက ချိတ်ဆက်ပြီးတော့ အကောင်အထည်ဖော်ရမှာ။ အခက်အခဲကတော့ နံပတ်တစ် မြေယာပိုင်ဆိုင်မှုတွေ ရှင်းလင်းအောင် လုပ်ပေးရမယ်။ နံပတ်နှစ် အရင်ခေတ်ကလိုပဲ မြေယာနဲ့ တခြားအခွင့်အရေးတွေကို ယူထားတဲ့ လက်ဝါးကြီးအုပ် Monopoly လုပ်တဲ့စနစ်တွေကို ဖော်ထုတ်ပြီးတော့ ဈေးကစား Speculation လုပ်တဲ့ ဈေးကစားတဲ့အကျင့်တွေ၊ ဈေးကစားတဲ့ ပုဂ္ဂိုလ်တွေကို ဥပဒေအရ အရေးယူရမယ်။ နောက် အလွယ်တကူ ရင်းနှီးမြုပ်နံှနိုင်အောင်လို့ လိုအပ်တဲ့ ဌာနဆိုင်ရာ ညွှန်ကြားချက်တွေက အလွယ်တကူ ဖြစ်ရမယ်။ လူတိုင်း လိုက်နာလွယ်ကူအောင် ခဏခဏ မပြောင်းတဲ့ နည်းဥပဒေတွေ ထုတ်ပေးရမယ်။ အားလုံးကိုလည်း ဝိုင်းဝန်းကူညီပေးရမယ်။ အဓိကတော့ အလုပ်သမားတွေ ရရှိအောင်လို့ အလုပ်ခွင်သင်တန်းတွေကို တိုင်းနဲ့ပြည်နယ်အားလုံးမှာ ဖွင့်ရမယ်။ Vocational training တွေ ဖွင့်ကို ဖွင့်ရမယ်။ အဲဒါတွေကို သုံးလေးနှစ်လောက် အချိန်ယူပေးနိုင်မယ်ဆိုရင် အရည်အချင်းပြည့်တဲ့ လုပ်သားတွေလည်း ပေါ်ပေါက်လာမယ်။