NLD အစိုးရ (၃) နှစ်တာကာလ စွမ်းဆောင်မှုများ (အပိုင်း တစ်)

Your browser doesn’t support HTML5

NLD အစိုးရ (၃) နှစ်တာကာလ

NLD အစိုးရရဲ့ (၃) နှစ်တာကာလအတွင်း ကျန်းမာရေး၊ ပညာရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပါအဝင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တဲ့ အပြောင်းအလဲတွေ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NLD ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ဒီလိုတိုးတက်မှုတွေ ရှိပေမယ့် အစိုးရအနေနဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကိုတော့ သိသိသာသာ အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိသလို၊ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအခွင့်အရေး ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေသေးတဲ့အကြောင်း၊ ပိုများလာနေတဲ့အကြောင်း နိုင်ငံရေးပါတီတချို့ကတော့ ဝေဖန်ကြပါတယ်။ NLD အစိုးရရဲ့ (၃) နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်၊ ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစော နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်တို့နဲ့ မခင်ဖြူထွေး တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

မေး ။ ။ ဒီနေ့ကတော့ အခုဆိုရင် NLD ပါတီအနေနဲ့ လူထုတရပ်လုံးက တခဲနက်ထောက်ခံမှုနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ အစိုးရဖွဲ့လာခဲ့တာ အခုဆိုရင် သက်တမ်း (၃) နှစ်ကို ကျော်လာခဲ့ပါပြီ။ ဆိုတော့ NLD ပါတီအနေနဲ့ (၃) နှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့တဲ့ ကာလအတွင်းမှာ အားနည်းချက်တွေ၊ အားသာချက်တွေ ဘာတွေဆောင်ရွက်နိုင်ခဲ့ပြီးပြီလဲ။ ဘာတွေကို တကယ်တမ်း ရွေးကောက်ပွဲ ကတိကဝတ်တွေအတိုင်း အကောင်အထည်ဖော်နိုင်မှု ဘယ်လောက် ရှိသလဲဆိုတာတွေကို အဓိကထားပြီး ဆွေးနွေးသွားပါမယ်။ ပထမဦးဆုံး ဒေါက်တာမျိုးညွှန့် ဆွေးနွေးပေးစေချင်ပါတယ်။ NLD ပါတီအနေနဲ့ လက်ရှိ (၃) နှစ်တာ ကာလအတွင်းမှာ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့အရာတွေ ဘာတွေမြင်မိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ အစိုးရအနေနဲ့ ပြီးခဲ့တဲ့ (၃) နှစ်အတွင်းမှာ အဓိက ကျန်းမာရေးနဲ့ ပညာရေးကို အဓိကဦးစားပေး လုပ်ခဲ့ပါတယ်။ ပညာရေးမှာဆိုရင် အောက်ခြေ မူကြို၊ မူလတန်းက စပြီးတော့ ပညာရေးမှာ ဒါသင်၊ ဒါဖြေဆိုတဲ့ စနစ်ကနေ စဉ်းစားတွေးခေါ်တတ်ဖို့။ လူ့ဘဝမှာ တွေ့ကြုံလာမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်မှု အဲဒီလမ်းကြောင်းကို ပြောင်းပြီးတော့ လုပ်နေပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက်လဲ ပညာရေးမှာ၊ ကျန်းမာရေးမှာ အသုံးစရိတ်တွေကို အဆတိုးပြီး ကျနော်တို့ သုံးစွဲနေပါတယ်။ ဒါက ကျနော်တို့ရဲ့ အဓိကအောင်မြင်မှုလို့ ပြောချင်ပါတယ်။

ဒါက ရုပ်ပိုင်းအရပါ။ နောက်တခါ စိတ်ပိုင်းအရလဲ ကျနော်တို့က ပြည်သူတွေကို ဖိစီးနေတဲ့ အကြောက်တရားကို အတိုင်းအတာတခု လျော့ပါးသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒီဟာတွေက ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တဲ့ အချက်တွေလို့ ပြောချင်ပါတယ်။

မေး ။ ။ ဆရာဦးဦးလှစော ဘယ်လိုမြင်မိသလဲ။ (၃) နှစ်ကာလအတွင်းမှာ ဝေဖန်မှုတွေ၊ ထောက်ပြမှုတွေလည်းအမျိုးမျိုး ရှိကြပါတယ်။ ဒါပေမဲ့ အရင်ဦးဆုံးအနေနဲ့ အတိုင်းအတာတခုအထိ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တဲ့တချို့ကော မြင်မိပါသလား။

ဖြေ ။ ။ ပထမဦးဆုံး ပြောချင်တာကတော့ ကျနော်တို့က အကုန်လုံး နွေးနွေးထွေးထွေး၊ ချစ်ချစ်ခင်ခင်နဲ့ တပ်မတော်နဲ့ လက်ရှိအာဏာရအစိုးရနဲ့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း အကုန်လုံး ဖြစ်ချင်တယ်။ ဖြစ်ပြီမှ အင်မတန် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ အမှိုက်ပုံကြီးကို တဖြည်းဖြည်းနဲ့ ရှင်းချင်တယ်။ အဲဒီတော့ ကျနော်တို့ပဲ ဆန္ဒစောသလား မသိဘူး။ အရမ်းမျှော်လင့်ချက်ပဲ ကြီးနေသလား မသိဘူး။ ကျနော်တို့ကတော့ စိတ်တိုင်းမကျဘူး။ ဒီအမှိုက်ပုံကြီး ရှင်းဖို့ဆိုတာလဲ သမိုင်းအရ မလွယ်ဘူးဆိုတာလဲ နားလည်ပါတယ်။ စိတ်တိုင်းမကျဘူး။ ကျနော်တို့က ဒီဘက်ကလဲ ဒေါက်တာမျိုးညွှန့်တို့ NLD ဘက်ကလဲ တတ်နိုင်သမျှလုပ်တယ်။ လုပ်လို့မအောင်မြင်တာလဲ ရှိတယ်။ အဲဒီတော့ ကိုယ့်ပါတီလုပ်တာကိုတော့ အကောင်းမြင်မှာပေါ့။ ဒါပေမဲ့ ကျနော်တို့က ဝေဖန်လိုက်မယ်ဆိုရင်လဲ သိပ် Blame Game ဆန်သွားမှာကိုလဲ စိုးရိမ်တယ်။ အဲဒါကြောင့် ကျနော်တို့က စိတ်တိုင်းမကျဘူး။ အခုနပြောသလို ပညာရေးမှာ တိုးတက်မှုတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ တဖြည်းဖြည်းနဲ့ တိုးတက်မှုရှိတယ်။ ဒါပေမဲ့ နိုင်ငံတကာကစံနဲ့ကြည့်၊ ပြည်တွင်းမှာရှိတဲ့ဆန်နဲ့ကြည့်မယ်။ တိုင်းရင်းသားတွေဆိုလဲ မိခင်ဘာသာစကား သင်ကြားမယ်ဆိုရင်လဲ ကျနော်တို့ စိတ်တိုင်းမကျဘူး။ ကျနော်တို့ဆိုရင် ငယ်ငယ်ကတည်းက တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုတွေ၊ တကသ လှုပ်ရှားမှုတွေနဲ့ ကြီးပြင်းလာရတယ်။ အဲဒီတော့ တကသလှုပ်ရှားမှုတွေကလဲ ကျောင်းသားသမဂ္ဂ လှုပ်ရှားတွေလည်း ကျနော်တို့ စိတ်တိုင်းမကျဘူး။ နွေးနွေးထွေးထွေးနဲ့ တကယ့် မိခင်ရင်ခွင်ထဲကို ရောက်တဲ့ပုံစံမျိုး မဖြစ်ဘဲနဲ့ ကျောင်းသားလှုပ်ရှားမှုတွေက ဘေးကိုထွက်ချင်ထွက်လိုက်၊ အစိုးရဆန့်ကျင်လိုက်။ တခါတခါ ကွဲလိုက် အဲဒီလိုဖြစ်နေတယ်။ ကျနော်တို့ လုပ်စရာတွေတော့ အများကြီး - တိုးတက်မှုတွေ ရှိတယ်။ ကျနော့်အမြင် ပင်လုံဆို ကျနော်တို့ အရမ်းစိတ်ချမ်းသာတယ်။ ပထမတကြိမ်၊ ဒုတိယတကြိမ် အဲဒီလိုပုံမှန်လေး result ထွက်လာတာတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ အထစ်အငေါ့တွေဖြစ်ပြီးတော့ နောက်ပြန်ကျဆုတ်သွားတာမျိုး ဖြစ်နေတယ်။ ကျနော့်အမြင်က ဒီမိုကရေစီ အပြောင်းအလဲကာလမှာတော့ ၂၀၀၈ အောက်မှာ လုပ်ရတာ တော်တော်လေး အခက်အခဲ ရှိတယ်ဆိုတာကို ကျနော်တို့ အကုန်သိကြပါတယ်။ ဘယ်ဟာကမှားနေတယ်။ ဘယ်ဟာကစောနေတယ်ဆိုတာတော့ ကျနော်တို့ နိုင်ငံရေးအင်အားစုတွေထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လိုတယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒီနေ့ ဆွေးနွေးဝိုင်းကလဲ အဲဒါတွေကို ဆွေးနွေးစေချင်တာပါ။ ငြိမ်းချမ်းရေးနဲ့လည်း နောက်ပိုင်းမှာ ဆွေးနွေးစေချင်တာပါ။ အရင်ဦးဆုံး ဦးအောင်မိုးဇော်ရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။ (၃) နှစ်တာကာလအတွင်း အပြောင်းအလဲ သိသိသာသာ အပြောင်းအလဲ တွေ့ရတာများ၊ ဘာများမြင်မိပါလဲ။

ဖြေ ။ ။ ကျနော်က တခုလုံးအပြောင်းအလဲကို Focus လုပ်ချင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ကျနော်တို့ မျှော်လင့်ခဲ့တာက အခြေခံဥပဒေနဲ့ အပြောင်းအလဲကိစ္စ ရှိမယ်။ နောက်တခုက တရားဥပဒေစိုးမိုးရေးကိစ္စတွေ ရှိမယ်။ နောက်တခုက ငြိမ်းချမ်းရေးကိစ္စတွေ ရှိတယ်။ အဲဒီလိုကိစ္စတွေမှာ အခုအခြေအနေအထိ ရွေကောက်ပွဲကတိတွေကို သိသိသာသာ၊ အောင်အောင်မြင်မြင် အကောင်အထည်ဖော်ပြနိုင်တာကို မတွေ့ရသေးဘူးလို့ ပြောချင်ပါတယ်။ ဒါက တချက်ပါ။ ဒုတိယတချက်က ဘာလဲဆိုတော့ ကျနော်တို့ လူထုအစိုးရ တက်လာတာ (၃) နှစ် ရှိသွားပြီ။ ဒီ (၃) နှစ်အတွင်းမှာ ကျနော်မြင်တာကတော့ ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်မှုက တန့်သွားတယ်လို့ ကျနော် ယူဆတယ်။ ဆိုကြပါစို့ ကျနော်တို့ လွှတ်တော်ကိုကြည့်မယ် ဦးဦးလှစောတို့လည်း လွှတ်တော်မှာ ရှိပါတယ်။ အစိုးရကိုကြည့်မယ်။ နောက် တရားစီရင်ရေးကို ကြည့်မယ်။ ဒီ (၃) ခုရဲ့ Independence ဖြစ်မှု၊ အပြန်အလှန် ထိန်းညှိမှုက ဒီ (၃) နှစ်အတွင်းမှာ ထင်ထင်ရှာရှာ တွေ့ရတာခက်တယ်။ အုပ်ချုပ်ရေးကို သိပ် Influence လုပ်လွန်းတယ်လို့ ကျနော်ထင်တယ်။ ဆိုတော့ အဲဒါက ဒီမိုကရေစီမှာ အခြေခံအကျဆုံးပဲလို့ ပြောချင်တယ်။ ဒီကိစ္စမှာလည်း နည်းနည်းပြဿနာ ရှိတယ်လို့ ကျနော်ထင်တယ်။ နောက်တခုက လွတ်လပ်စွာ ပြောဆိုခွင့်တွေ၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေ၊ စည်းဝေးခွင့်တွေဟာ၊ တကယ်တမ်းကြတော့ ကျနော်တို့ အစိုးရလက်ထက်မှာ ပိုပြီးတော့ ကျလာသလိုပဲ။ ဒီမိုကရေစီက နည်းနည်းကျုံ့သွားသလို အဲဒီလိုယူဆတယ်။

ကျနော်တို့ကိုယ်တိုင် ဟိုတလောကဆိုရင် ဖယ်ဒရယ်ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ ကျနော်တို့ပါတီတွင်းမှာလည်း လေ့လာချင်တာပါတယ်။ နောက်တခုက ကျနော်တို့ လေ့လာထားတာတွေကိုလည်း တခြားသူတွေကို မျှဝေချင်တာတွေလည်းပါတယ်။ တိုင်းပြည်ကလည်း ဖယ်ဒရယ်နိုင်ငံကို တည်ဆောက်မယ်လို့ ပြောနေတော့ အဲဒီလိုကိစ္စမျိုးတွေ လုပ်ချင်တော့ တချို့ပညာရှင်တွေကို ဖိတ်ပြီးတော့ ဆွေးနွေးပွဲလေးတွေလည်း လုပ်တယ်။ ဒီကိစ္စက ကောင်းတဲ့ကိစ္စ လုပ်တာဆိုတော့ အဲဒီလိုကိစ္စမျိုးကိုတောင်မှ လာပြီးတော့ တားဆီးတာ ရှိတယ်။ ဆိုတဲ့အခါကြတော့ နည်းနည်းတော့ စိတ်ထဲမှာ ကသိကအောက် ဖြစ်တယ်။ ကျနော် အဓိက ပြောချင်တာကတော့ ဒေါက်တာမျိုးညွှန့်တို့ဖြစ်ဖြစ်၊ NLD ဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ် ကြိုးစားပမ်းစား အကောင်အထည်ဖော်နေတာတွေ ရှိပါတယ်။ အခုန ဦးဦးလှစော ပြောနေသလိုပဲ လက်ရှိ အခြေအနေကြီးအောက်မှာ အစိုးရ (၂) ခုလို ဖြစ်နေတဲ့ အခြေအနေကြီးအောက်မှာ လုပ်ရကိုင်ရ ခက်ခဲတာတွေကို နားလည်ပါတယ်။ သို့သော်လဲ ရွေးကောက်ပွဲကတိတွေကတော့ ယခုအချိန်အထိ ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်တာကို သေသေချာချာ မတွေ့ရသေးဘူးလို့ ပြောချင်တယ်။ နောက် ကနေ့ အနေအထားမှာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အနေအထား။ နောက်တခုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အနေအထားတွေက ကျုံ့လာတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ဦးအောင်မိုးဇော် ထောက်ပြသလိုပဲ ရွေးကောက်ပွဲ ကတိကဝတ်တွေက တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူတွေကို အမှန်တကယ် လုံခြုံမှုပေးနိုင်တဲ့ အုပ်ချုပ်မှုစနစ် ရှိရေးတို့၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးစတဲ့ ရွေးကောက်ပွဲကတိကဝတ်တွေကို NLD အစိုးရအနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ အကောင်အထည် ဖော်နိုင်တယ်လို့ ဒေါက်တာမျိုးညွှန့်အနေနဲ့ ယူဆမိပါလဲ။

ဖြေ ။ ။ ကျနော်တို့အစိုးရအနေနဲ့ ရွေးကောက်ပွဲ ကတိတွေကို အတိုင်းအတာတခုအထိ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ပြောနိုင်ပါတယ်။ ဒီကတိကဝတ်တွေက တခုနဲ့တခု ဆက်စပ်နေတယ်။ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး - ဒီ (၃) ချက်လုံးကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ တနည်းအားဖြင့် ပြန်ပြီးအခြေခံနေပါတယ်။ အခု ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်လိုက်ပြီ။ လုပ်လိုက်တာနဲ့ တပြိုင်တည်း ဒီပြင်ဆင်ရေးအတွက် ဟန့်တားတာ၊ နှောင့်ယှက်တာ၊ အာရုံပြောင်းသွားအောင် လုပ်တာတွေ ဘယ်လောက်ပေါ်လာသလဲဆိုတာကို ပြည်သူတွေ တွေ့နိုင်ပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ပြီဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးလည်း အောင်မြင်သွားမှာပါ။ အကြမ်းအားဖြင့်ပြောရင် တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ့်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေက ဒီပြင်ဆင်ရေးမှာ တခါတည်းပါသွားမှာပါ။ အဲဒါနဲ့အတူ ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေမှာ အစိုးရက အစိုးရနှစ်ရပ်လို ဖြစ်နေတယ်။ အထူးသဖြင့် လုံခြုံရေးနဲ့ ပတ်သက်ရင် တပ်မတော်က ဘယ်သူကိုမှ အခွင့်အမိန့် မတောင်းဆိုဘဲနဲ့ လွတ်လပ်စွာ စီမံခန့်ခွဲဆောင်ရွက်ပိုင်ခွင့် ရှိနေတဲ့ အနေအထားကနေ တာဝန်ယူတဲ့ အစိုးရတရပ်ကပဲ အကုန်လုံး တာဝန်ခံလာတဲ့ အခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေးမှာ ရှေ့ကိုအများကြီး ရောက်လာနိုင်ပါတယ်။

နောက်တခါ တရားဥပဒေ စိုးမိုးရေး၊ တရားဥပဒေ စိုးမိုးရေးမှာ အဂတိလိုက်စားရေးမှာတော့ ကျနော်တို့သိသာတဲ့ ခြေလှမ်းတွေ ရှိနေပါတယ်။ သို့သော် ကျနော်တို့ မူအားဖြင့် ချနေလို့ မပြီပါဘူး။ ဒီတရားဥပဒေ စိုးမိုးရေးမှာ အဓိကလုပ်ရမယ့် Law Enforcing Personal ဥပဒေကို ထိန်းသိမ်းလိုက်နာရမယ့် ပြည်ထဲရေး၊ တပ်၊ တရားရုံဝန်ထမ်းတို့က တရားဥပဒေစိုးမိုးရေးမှာ ဘယ်လောက်လိုက်ပါနိုင်သလဲဆိုတာကို ဒီတရားဥပဒေစိုးမိုးရေး အောင်မြင်မှုမှာ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့တကွ အားလုံးအောင်မြင်လာရေး။ ဥပဒေထိန်းသိမ်းကြပ်မတ်ဖို့ ပါဝင်ရမယ့် ပုဂ္ဂိုလ်အားလုံးရဲ့ Mindset ခံယူချက်ပါ ပြောင်းရမှာ။ အဲဒီ ဥပဒေထိန်းသိမ်းရေးမှာ ပါနေတဲ့ ပုဂ္ဂိုလ်အားလုံး၊ နောက် ဒီဟာနဲ့ ဆက်နွှယ်နေတဲ့ ပြည်သူတွေက တရားဥပဒေစိုးမိုးရေးပေါ်မှာ ထားတဲ့သဘောထား၊ အဲဒါတွေပါ ပြောင်းလဲသွားတဲ့အချိန်မှာ ကျနော်တို့ တရားဥပဒေစိုးမိုးရေးသည်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးသည်လည်းကောင်း အရှိန်အဟုန်နဲ့ တက်လာမယ်လို့ ကျနော်ပြောချင်ပါတယ်။

အရေးကြီးတာက ကျနော်တို့ လုပ်ရမယ့်လမ်းစဉ်ကို လမ်းစဉ်မပျောက်ဘဲ၊ ပန်းတိုင်းအတိုင်း တစိုက်စိုက်မတ်မတ် လုပ်နေဖို့ အရေးကြီးကြောင်း ကျနော်ပြောချင်ပါတယ်။

မေး ။ ။ NLD ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို လွှတ်တော်ထဲမှာ စလုပ်နေတာတော့ ကျမတို့ တွေ့ရပါတယ်။ ဒါပေမဲ့ အစမှာပဲ ပြင်ရေးဆိုတဲ့အဆင့် မရောက်ခင်၊ ပြင်ဖို့လေ့လာသုံးသပ်တဲ့ ပူးပေါင်းကော်မတီဖွဲ့တဲ့အဆင့်မှာ ကန့်ကွက်မှုတွေ ရှိတယ်ဆိုတော့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးက တကယ်တမ်း ပြင်နိုင်မယ့်အခြေအနေမှာ ဘယ်လောက်အထိ လက်တွေ့ကျပါသလဲ။ ဒါကို ဦးဦးလှစော ကို ဆွေးနွေးပေးစေချင်ပါတယ်။ တကယ်ပြင်ဆင်နိုင်ဖို့ လက်တွေ့ကျကျ အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေးက လွှတ်တော်ထဲမှာ NLD လုပ်ရပ်ပေါ်မှာ တပ်မတော်က မတ်တပ်ရပ်ကန့်ကွက်တယ်။ NLD နဲ့ တပ်မတော်ကြားထဲမှာတော့ ကြိုတင်ညှိနှိုင်းမှုတွေလည်း မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးဟာ ချောချောမွေ့မွေ့ မရှိဘူး။ အဲဒီလို မရှိတဲ့ကြားထဲမှာ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတာ ထိရောက်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံပြင်မယ့် လမ်းကြောင်းတခုတော့ ပေါ်ခဲ့တယ်။ အဲဒါက ကျနော်တို့ ပင်လုံညီလာခံခေါ်ပြီးတော့ ပင်လုံညီလာခံထဲမှာ ကျနော်တို့ National Accord တွေ သဘောတူညီချက်တွေရတယ်။ ရတော့ လွှတ်တော်ထဲမှာ လုပ်မယ်။ အဲဒီ National Accord တွေကို အစိုးရနဲ့ တပ်မတော်၊ ဝန်ကြီးဌာနတွေက တာဝန်ယူပြီးတော့ အကောင်အထည်ဖော်မယ်။ ဖွဲ့စည်းပုံပြောင်းမယ်ဆိုတဲ့ဟာကို Political Framework မှာလည်း တာဝန်ခွဲပြီး ချထားပြီသား။ (၅၁) ချက်လည်း ထွက်ပြီသား။ အဲဒီဟာကြီးက သားလျှောသလို လျှောသွားတယ်။ အဲဒီလို Abortion ဖြစ်သွားပြီးမှ လွှတ်တော်ထဲမှာ ပေါ်လာတယ်။ အဲဒါကြီးကို ကျနော်တို့ မလုပ်နိုင်ဘူးဆိုတာ ဘာကြောင့်လဲ NCA ကြောင့်လား။ NCA အားနည်းချက်ကြောင့်လား။ လက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ပြဿနာကြောင့်လား။ ဒါမှမဟုတ် တပ်မတော်ရဲ့ ပြဿနာကြောင့်လား။ NLD ကပဲ နည်းနည်း Capacity ညံ့လို့လား။ နိုင်ငံရေးပါတီတွေကပဲ ညံ့လို့လားဆိုတဲ့ အဖြေတွေကို မရှာနိုင်ဘူး။ မရှာနိုင်ဘဲ အဲဒါကြီးက ဇာတ်မျှောကြီးဖြစ်တဲ့အခါကြမှ ဖွဲ့စည်းပုံပြင်ရေးဆိုတာကြီး တက်လာတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး တက်လာရင်တော့ အခန်း (၁၂) ပုဒ်မ (၄၃၆) မှာ ထစ်မှာပဲ။ ဒါတွေကို ကျနော်တို့ ဘယ်လိုဖြေရှင်းမလဲ။ ကျနော်ကတော့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ အကုန်လုံးပါဝင်တဲ့ All inclusive ဆိုတာ EAO လည်း ပါသင့်တယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ပါသင့်တယ်။ နိုင်ငံရေးပါတီလည်းပါမယ်။ အာဏာရပါတီ NLD လည်းပါမယ်။ တပ်မတော်လည်းပါမယ်။ အဲဒီလို ဝိုင်းဝန်းပြီးလုပ်မှ ဖွဲ့စည်းပုံ ပြင်လို့ရမယ်ထင်တယ်။ အဲဒီလိုမဟုတ်ဘဲ လွှတ်တော်ထဲမှာ အဲဒီလိုလုပ်မယ်ဆိုရင်တော့ Civil vs. Military Relation မကောင်းတဲ့အတွက်ကြောင့် တယောက်က (၃) ဆိုရင် နောက်တယောက်က (၄) ဖြစ်နေလိမ့်မယ်။ ပိုပြီးတော့ ဆက်ဆံရေး ဆိုးပြီးတော့ အကုန်လုံး လူမှုစီးပွားတွေ ဂယက်ရိုက်လိမ့်မယ်။ တိုင်းနဲ့ပြည်နယ်တွေမှာလဲ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်တို့မှာ လက်နက်ကိုင်ပုန်ကန်မှုတွေ ရေချိန်မြင့်လာလိမ့်မယ်။ အဲဒီလိုဆို NLD က ဘယ်လောက်ပဲ ကြိုးစားတည်ဆောက် (၃) နှစ် မပြောနဲ့ နောက် (၂) နှစ် တည်ဆောက်လဲ ကျနော်တို့တိုင်းပြည်အတွက် ကောင်းမယ့်အလားအလာ မမြင်ဘူး။

မေး ။ ။ ပိုပြီးတော့ လက်တွေ့ကျတဲ့ နည်းလမ်းရှိတာမျိုး ဆရာ ထောက်ပြတယ်လို့ ယူဆပါတယ်။ ဦးအောင်မိုးဇော်အနေနဲ့ ဘယ်လိုမြင်မိလဲ။ လက်ရှိသွားနေတဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လုပ်တဲ့နေရာမှာ လုပ်ထုံးလုပ်နည်းတွေက မှားနေသလား။

ဖြေ ။ ။ ကျနော်ထင်ပါတယ် ဖွဲ့စည်းပုံကိစ္စကတော့ အကုန်လုံး လုပ်ရမယ့်ကိစ္စ။ လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပ နည်းပေါင်းစုံနဲ့ လုပ်ရမယ့်ကိစ္စလို့ ကျနော်မြင်ပါတယ်။ လွှတ်တော်တွင်းမှာ ကနေ့ ကြိုးစားတဲ့ ကြိုးစားမှုကတော့ လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အထူးသဖြင့်တော့ NLD ရှိမယ်။ USDP ရှိမယ်။ တပ်မတော်ကိုယ်စားလှယ်တွေ ရှိမယ်။ ဒီလူတွေက ဘယ်လောက်အထိ ညှိနှိုင်းနိုင်မလဲဆိုတဲအပေါ်မှာ အပြောင်းအလဲက နည်းရင်လဲနည်းမယ်။ များရင်လဲများမယ်။ ကျနော်တို့ လိုချင်သလောက်လဲ ရချင်မှရမယ်။ အဲဒီအတိုင်း သွားနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။ သို့သော်လဲ တကယ်တမ်း ဒီမိုကရေစီ အနစ်သာရရှိတဲ့၊ ဖယ်ဒရယ်အနစ်သာရ ရှိတဲ့ ကျနော်တို့အားလုံး လိုချင်တဲ့ Constitution တခု ဖြစ်ဖို့ကတော့ ဘက်စုံလုပ်ရလိမ့်မယ်။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လုပ်ရမယ်။