ရွှေ့ပြောင်းအလုပ်သမား အကျပ်အတည်း လာဘ်စားမှု တိုက်ဖျက်ဖို့လိုအပ်

ထိုင်းအောက်လွှတ်တော်အမတ်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ ဒု-ခေါင်းဆောင် Rangsiman Rome နှင့် မအင်ကြင်းနိုင် (VOA)

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေအပါအ၀င် အဆမတန်များပြားလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အကျပ်အတည်း ဖြေရှင်းရေး ထိုင်းနိုင်ငံအနေနဲ့ လာဘ်စားမှု တိုက်ဖျက်ရေး ကြိုးပမ်းနေကြောင်း ထိုင်းအောက်လွှတ်တော်အမတ်နဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် Rangsiman Rome က ဗွီအိုအေကို ပြောပါတယ်။ Rangsiman Rome ရဲ့ ထိုင်း အောက်လွှတ်တော်ရုံးခန်းမှာ မအင်ကြင်းနိုင်က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒီအကျပ်အတည်းအပေါ် လက်ရှိအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို Mr. Rome ဘယ်လို မြင်သလဲ။

Rangsiman Rome: မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်က ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီး လူအများအပြား ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ ကံမကောင်းစွာပဲ၊ ထိုင်းနိုင်ငံဘက်က ပြင်ဆင်မထားပါဘူ။ ဒုက္ခသည်တွေဟာ တရားဝင်မှုမရှိပဲ ခိုလှုံနေရပါတယ်။ နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများနဲ့အညီ သူတို့ကို မထားနိုင်ပါဘူး။ ဒါကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးဖို့ NGO များနှင့် လုပ်ဆောင်နေသော်လည်း ရေရှည်ဖြေရှင်းချက် လိုအပ်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ကီလိုမီတာ ၂,၄၀၀ ထိဆက်နေပြီးတော့ မတည်ငြိမ်မှုများကြောင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် လူမှောင်ခိုကူးခြင်းကဲ့သို့သော တရားမဝင် လှုပ်ရှားမုများရှိနေပြီး ထိုင်းနဲ့ ဒေသတွင်းကို ထိခိုက်စေသည်။ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ထောက်ခံအားပေးဖို့အတွက် စစ်ကောင်စီကို အာဆီယံက ဖိအားပေးရပါမယ်။ ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား ၆ သန်းကို ရေတိုအားဖြင့် တရားဝင်နေထိုင်ခွင့်ပေးပြီးတော့ အလုပ်အကိုင်နှင့် ပညာရေးတို့ကို ပေးဆောင်ရမည် ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒက မရှင်းလင်းသေးပါဘူး။

မအင်ကြင်းနိုင် ။ ။ ဒါဆိုရင် ဘယ်အဆင့်ကို ချက်ချင်းလုပ်ဆောင်သင့်တယ်လို့ မြင်ပါသလဲ။

Rangsiman Rome - ထိုင်းနိုင်ငံအနေနဲ့ ပထမဆုံး လုပ်သင့်တာက မြန်မာလူမျိုးတွေကို စာရင်းကောက်ယူ မှတ်ပုံတင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တစ်ခုကတော့ အဂတိလိုက်စားမှုပါပဲ။ ဒုက္ခသည် အများအပြားဟာ အလုပ်လုပ်ဖို့ ရဲ ဒါမှမဟုတ် အခြားအာဏာပိုင်တွေထံ ပိုက်ဆံပေးရပါတယ်။ တကယ်လို့ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင် နေထိုင်သော လူများကို အသိအမှတ်ပြုမယ်ဆိုရင် သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုသာမက ပညာရေးကိုပါ ကူညီပေးနိုင်ပြီး၊ တဘက်မှာတော့ သူတို့ဘက်က အခွန်ပေးဆောင်ဖို့ တာဝန်ရှိပါတယ်။ တချိန်တည်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီရယူဖို့ ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျစတဲ့ မိတ်ဆွေနိုင်ငံတွေထံ ဆက်သွယ် အကူအညီ တောင်းဖို့လိုပါတယ်။

မအင်ကြင်းနိုင် ။ ။ ထိုင်း အောက်လွှတ်တော်မှာ မကြာသေးခင်က တင်သွင်းတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအရေး အစီရင်ခံစာမှာဆိုရင် ဥပဒေဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခွင့် အခြေအနေတွေ ရှိနေတယ်လို့ ထောက်ပြတာတွေ ရှိနေပါတယ်။ Mr. Rome အနေနဲ့ ဘယ်လိုအပြောင်းအလဲတွေကို အဆိုပြုထားပါသလဲ။

Rangsiman Rome - သူတို့ကို စာရင်းပြုစု မှတ်ပုံတင်ထားမယ်ဆိုရင် ဥပဒေအရ သူတို့ကို ကာကွယ်ပေးနိုင်မှာပါ။ အခုက သူတို့ကို အသိအမှတ်မပြုထားတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ဖြစ်လာနိုင်ပါတယ်။ အသေအချာ မှတ်ပုံတင်စာရင်းပြုစုထားမယ်ဆိုရင်တော့ ဒီလိုချိုးဖောက်ခံရရင် သူတို့ဖက်ကလည်း တိုင်ကြားနိုင်ပါတယ်။ တချိန်တည်းမှာပဲ ပြဿနာကို တကယ်ဖြေရှင်းချင်တယ်ဆိုတာ စတင်လုပ်စရာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဗုံးကဲတိုက်ခိုက်တာကြောင့် ပြည်တွင်းဒုက္ခသည် နှစ်သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းက စစ်ကောင်စီကို ဖိအားပေးကြပြီး ဒီလိုမျိုး ဗုံးကြဲတိုက်ခိုက်နေတာတွေကို ရပ်တန့်သွားရင် ဒုက္ခသည် တသန်းလောက် သူတို့နေရပ်ရင်းကို ပြန်သွားဖွယ်ရှိပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို စီမံခန့်ခွဲရုံတင်မကဘဲ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။

မအင်ကြင်းနိုင် ။ ။ တဘက်မှာလည်း ထိုင်း အစိုးရ ဝန်ကြီးဌာနတွေအချင်းချင်းမှာ ပေါင်းစပ်လုပ်ဆောင်တာမျိုး မရှိဘဲ၊ သီးခြားစီ လုပ်နေကြတယ်လို့ ဝေဖန်နေတာတွေ ရှိနေပါတယ်။ ၀န်ကြီးဌာနတွေ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု ပိုကောင်းအောင် ဘယ်လို အစီအစဥ်တွေ ရှိပါသလဲ။

Rangsiman Rome- အမျိုးသားလုံခြုံရေးကော်မတီ ဥက္ကဌအနေနဲ့ ကျနော်တို့ အကြံပြုချက်တွေဟာ ထိုင်းနိုင်ငံအကျိုးစီးပွားအတွက် သေချာစေမှာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ထိုင်းနိုင်ငံအနေနဲ့ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်ဆိုတော့ ထိုင်းနိုင်ငံ ဂုဏ်သိက္ခာကို ထိမ်းထားနိုင်ဖို့ ဒုက္ခသည်တွေကို ကောင်းမွန်စွာ ကိုင်တွယ်စီမံရပါမယ်။ မြန်မာဒုက္ခသည်တွေ ဘေးကင်းစွာ နေထိုင်နိုင်စေဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာစစ်ကောင်စီဟာ လက်နက်ဝယ်ယူဖို့ ထိုင်းနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်ကို အသုံးချနေပါတယ်။ ဒါကို အရေးယူဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးကို ကျနော်တို့ တွန်းအားပေးနေပါတယ်။

မအင်ကြင်းနိုင် ။ ။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြေခံဝန်ဆောင်မှုတွေ ရရှိဖို့အတွက် အခက်အခဲတွေ ဆက်ပြီးရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့ အစိုးရဘက်က ကြိုးပမ်းအားထုတ်မှုတွေ ကို Mr. Rome အနေနဲ့ ဘယ်လို အကဲဖြတ်သလဲ။ နောက်ပြီးတော့ ဘာတွေ လုပ်သင့်တယ်လို့ မြင်ပါလဲ။

Rangsiman Rome - ထိုင်းနိုင်ငံတွင်း ပညာရေးနှင့် ပတ်သက်တဲ့ မူဝါဒသည် ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ကလေးတွေ မြန်မာဘာသာနဲ့ သီချင်းဆိုလို့ နေ့ကလေးထိန်းကျောင်းတွေ ပိတ်လိုက်ရတဲ့ ဥပမာမျိုးတွေ ရှိပါတယ်။ ပြဿနာက ဒုက္ခသည်ကလေးများအတွက်က ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့ အလွန်ခက်ခဲပြီးတော့ ကျောင်းတိုင်းမှာ တူညီတဲ့ မူဝါဒတွေ မရှိတာပါ။ နယ်စပ်က ကလေးတွေ ထိုင်းပညာရေးကို မတတ်နိုင်လို့ ထိုင်းအာဏာပိုင်တွေဘက်က သူတို့အတွက် သီးခြားမြန်မာစာ အစီအစဉ်တစ်ခု ဖန်တီးဖို့ ကြိုးစားပေမယ့် ဒါက အဓိပ္ပါယ်မရှိဘူး ထင်တယ်။ ထိုင်းအစိုးရအနေနဲ့ မြန်မာစာအစီအစဉ်ကို ဘယ်လိုဖန်တီးနိုင်မလဲ။ အရမ်းအရေးကြီးတဲ့ အရာတွေထဲက တခုကတော့ ဒီမူဝါဒကို ပြောင်းလဲဖို့ လိုတယ်လို့ ကျနော် ထင်ပါတယ်။ ကလေးတွေက အပြစ်ကင်းတယ်။ ထိုင်းပညာရေးစနစ်ကို သူတို့လက်လှမ်းမီသင့်တယ်၊ တကယ်တော့ သူတို့အတွက် နေရာလွတ်တွေ ရှိပါတယ်။ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းက သက်ကြီးတွေများနေတယ်။ မွေးဖွားနှုန်းနည်းပါးပြီး တက်မယ့်ကလေးမရှိလို့ ကျောင်းတွေ ပိတ်ထားရပါတယ်။ ကျနော်သာ အစိုးရဆိုရင်တော့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူမျိုးတွေအတွက် ပညာရေးစနစ်ကို ဖွင့်ထားရပါလိမ့်မယ်။ သူတို့တွေ ပညာပိုရလေလေ သူတို့အတွက်သာမက ထိုင်းနိုင်ငံအတွက်ပါ အကျိုးရှိပါလိမ့်မယ်။

မအင်ကြင်းနိုင် ။ ။ အခုဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည် အရေအတွက် အဆမတန် များပြားလာတာနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမျိုး ဖြစ်လာဖို့ ဘယ်အရာက တွန်းအားပေးတယ်လို့ မြင်ပါသလဲ။

Rangsiman Rome - ထိုင်းနိုင်ငံမှာ စီးပွားရေးအရ ရုန်းကန်လာရတာမို့ အလုပ်အကိုင်တွေ ဆုံးရှုံးနေပြီး၊ ဒီနေရာမှာ မြန်မာဒုက္ခသည်က ၆ သန်းကျော် ရှိတာမို့ တင်းမာမှုတွေလည်း မြင့်တက်လာပါတယ်။ အကျင့်ပျက်ခြစားမှုတွေက တိုးစေပြီး၊ ဒုက္ခသည်တွေအနေနဲ့ သူတို့ နေထိုင်ရှင်သန်ခွင့်ရဖို့ မဖြစ်မနေ လာဘ်ပေးရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ မြန်မာဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေ မကြာခဏ လူသိရှင်ကြားဖော်ပြခံရပြီး ထိုင်းနဲ့မြန်မာလူမျိုးတွေအကြား ဆက်ဆံရေးဆိုးရွားလာပါတယ်။ ဒုက္ခသည်တွေကို စာရင်းပြုမှတ်ပုံတင်လိုက်မယ်ဆိုရင် အဂတိလိုက်စားမှုလျော့နည်းစေပြီး၊ ဥပဒေအရ တန်းတူညီမှုမှုလည်းရှိလာပါမယ်။ ထိုင်းဥပဒေအရ ကဏ္ဍအတော်များများမှာ နိုင်ငံခြားသားတွေကို အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ထားပါတယ်။ ဒါကို သေသေချာချာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် မြန်မာအလုပ်သမားတွေဟာ ထိုင်းစီးပွားရေးကို သိသိသာသာ အကျိုးပြုနိုင်ပါလိမ့်မယ်။ သူတို့ဟာ ထိုင်းနိုင်ငံအတွက် မရှိမဖြစ် လိုအပ်ပြီး၊ သူတို့အခြေအနေကိုသာ ကြည့်ရှုစောင်မပေးမယ်ဆိုရင် ကျနော်တို့အားလုံးအတွက် အကူအညီ ဖြစ်မှာပါ။

မအင်ကြင်းနိုင် ။ ။ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဘယ်လိုသတင်းစကား ပြောချင်လဲ။

Rangsiman Rome - မြန်မာပြည်ကလူတွေဟာ သူတို့မိသားစုတွေကို ထောက်ပံ့နိုင်ဖို့ မျှော်လင့်ပြီး ဒီမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကို ရှာတယ်ဆိုတာ နားလည်ပါတယ်။ မြန်မာနိုင်ငံမှာ အကျပ်အတည်းကြောင့် သူတို့ကို ထွက်ပြေးပြီး တခြားနေရာတွေမှာ အခွင့်အလမ်းတွေ ရှာကြရတာပါ။ ထိုင်းလွှတ်တော်အမတ်တဦးအနေနဲ့ ထိုင်းနိုင်ငံကို လူ့အခွင့်အရေး လက်ကိုင်ထားစေချင်ပေမယ့် သမိုင်းကြောင်း ပညာရေးနဲ့ စီးပွားရေး အချက်လက်တွေကြောင့် ခက်ခဲပါတယ်။ အိမ်နီးချင်းအနေနဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံဟာ လက်တွဲလုပ်ဆောင်ရမယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ စစ်မှန်တဲ့အပြောင်းအလဲ လိုပါတယ်။ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လိုချင်တယ်ဆိုတာ သိပါတယ်၊ အတူတူအောင်မြင်နိုင်မယ် မျှော်လင့်ပါတယ်။