Your browser doesn’t support HTML5
မြန်မာစစ်တပ်က စစ်တိုင်း (၅) တိုင်းမှာ အပစ်ရပ်ကြေညာထားပေမယ့် ရခိုင်နဲ့ ဒေသတချို့မှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ ဒီလိုဖြစ်နေတာတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုသွားရိုက်ခတ်ပါလဲ။ ABSDF ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်၊ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးစည်သူအောင်မြင့်တို့နဲ့ မခင်ဖြူထွေး ဆွေးနွေးထားပါတယ်။
မေး ။ ။ မမိဆူးပွင့်အနေနဲ့ ဆွေးနွေးပေးစေချင်တာကတော့ လက်ရှိ ငြိမ်းချမ်းရေး၊ အခုရောက်နေတဲ့ အနေအထားကို ဘယ်လိုများ သုံးသပ်မိပါသလဲရှင့်။
ဖြေ ။ ။ စစချင်း ဒီဖြစ်စဉ်စတဲ့အချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အယူအဆ၊ အမြင်နှစ်မျိုး ကွဲသွားတယ်။ အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်ဆိုတဲ့ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားတဲ့အဖွဲ့ ရှိတယ်။ အားလုံးပါဝင်ရေးကို ဖြေးဖြေးချင်း ဆက်ယူသွားမယ်၊ လက်မှတ်အရင်ထိုးမယ်ဆိုတဲ့ အဖွဲ့။ အဲဒီမှာ အားလုံးပါဝင်မှ လက်မှတ်ထိုးမယ့်အဖွဲ့နဲ့ လက်မှတ်ထိုးပြီးမှ အားလုံးပါဝင်ရေးကို ဆက်ကြိုးစားသွားမယ်ဆိုတဲ့ အဖွဲ့ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အမြင်နှစ်ခု ကွဲသွားတာရှိတယ်။
စစချင်းတာထွက်မှာကတည်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တစုတစည်းထဲ ပါဝင်လာနိုင်တဲ့ အခြေအနေတခုကို မရလိုက်တဲ့ အားနည်းချက်တခုတော့ ရှိတယ်။ ဆိုတော့ အဲဒီလိုကနေလာပြီး ဒီနေ့ဒီအချိန်မှာကြတော့ အဓိကကျတဲ့ အချက်ကလေးကိုပဲ ကျမအနေနဲ့ ပြောရမယ်ဆိုရင် ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တဦးတဖွဲ့ရဲ့ စိတ်ပူပန်မှုတွေကို ကျန်တဲ့အဖွဲ့က အသိအမှတ်မပြုပေးတဲ့ ပြဿနာ ဖြစ်နေတယ်။ ဥပမာ တပ်မတော်ဘက်က ခွဲထွက်ခွင့် မရှိစေရဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးရင် စိတ်ပူမှုရှိတယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တပ်မတော်ရဲ့ စိတ်ပူမှုကို အသိအမှတ်ပြုပေးနိုင်တဲ့ အခြေအနေမျိုး အားနည်းနေသလို၊ ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တပ်မတော်ရဲ့ သဘောထားတွေအပေါ်မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေက စိတ်ပူမှုတွေ ပြန်ဖြစ်လာတယ်။ အဲဒီ စိတ်ပူမှုတွေပေါ်မှာလည်း တပ်မတော်ဘက်က အသိအမှတ်ပြုမှု၊ လေးစားမှု ပြန်အားနည်းတာနဲ့ ကျမတို့မှာ စိုးရိမ်ပူပန်မှုတွေအပေါ်မှာ အသိအမှတ်ပြု လက်ခံပြီးတော့မှ ပြန်ပြေလည်အောင် ဆွေးနွေးနိုင်တဲ့ အလေ့အထမျိုး လေ့ကျင့်ရအုံးမယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။
မေး ။ ။ ဆရာဦးစည်သူအောင်မြင့်အနေနဲ့လည်း သုံးသပ်ပေးစေချင်ပါတယ်။ လက်ရှိမှာဆို ရခိုင်မှာလည်း တိုက်ပွဲတွေက အတော်ပြင်းထန်နေတယ်။ ဒုက္ခသည်တွေဆိုရင်လဲ နှစ်သောင်းနီးပါးလောက် ဒီရက်ပိုင်းအတွင်း၊ လပိုင်းအတွင်းမှာ အတော်များလာတယ်။ ရှမ်းပြည်ဘက်မှာကော ငြိမ်သလားဆိုတော့ တိုက်ပွဲတွေက နေ့စဉ်ဆိုသလို ပစ်တယ်ခိုက်တယ်ဆိုတဲ့ဟာတွေ ကြားနေရတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း တဘက်က ရှိနေတယ်ဆိုပေမယ့်လဲ ဒီလိုဖြစ်နေတဲ့ အနေအထားက ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အထိ အနုတ်လက္ခဏာဆောင်နေသလဲ။ ငြိမ်းချမ်းရေးကို ရှေ့ဆက်ဖို့အတွက် ဒါတွေက ဘယ်လောက် အဟန့်အတားတွေ ဖြစ်နေသလဲ။
ဖြေ ။ ။ ကျနော် နားလည်တာကတော့ ကျနော်တဦးချင်း နားလည်တာကတော့ ဒီဥစ္စာက ရပ်တန့်နေတာ မဟုတ်ဘဲ၊ နောက်ကိုပြန်ဆုတ်နေတယ်။ နောက်ကို ဘာလိုပြန်ဆုတ်တယ်လို့ ပြောရသလဲဆိုတော့ ဥပမာ NCA စာချုပ်အရ တောင်ဘက်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေက ပုံမှန်အတိုင်း သွားနေတယ်ဆိုရင် ဒါက ရပ်တန့်နေတယ်လို့ ပြောလို့ရတယ်။ ထပ်မတိုးတက်လာသေးရင်ပေါ့။ တော်သေးတာပေါ့။ အခုတော့ အဲဒီအခြေအနေမှာ မဟုတ်ဘူး။ အခုတော့ အဲဒီမှာလဲ ရပ်တန့်နေတယ်။ ပြီးတော့မှ မပါဝင်ရသေးတဲ့လူတွေ ပါဝင်လာအောင် ဆွေးနွေးတဲ့ဆီမှာလည်း အောင်မြင်မှု မရသေးဘူး။ ဒီထက်ပိုဆိုးတာက အခုနတုန်းကလို ရခိုင်ပြည်နယ်ဆိုရင် အခုဆိုရင် မြောက်ပိုင်းနေရာ တော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်လာတယ်။ ကျယ်ပြန့်လာပြီးတော့မှ အဓိက လူထုတွေလည်း တော်တော်ဒုက္ခရောက်လာတယ်။ နိုင်ငံတကာကလည်း ပြောရတဲ့အဆင့် ရောက်လာတယ်။ အဲဒါတွေကို ခြုံငုံလိုက်ရင် ပထမတခုကတော့ အခုနပြောသလို နည်းနည်းနောက်ဆုတ်နေတယ်။
အဲဒီလို နောက်ဆုတ်နေတယ်ဆိုရင် လုပ်ရမယ့် အချက်တွေ ရှိတာပေါ့။ ဥပမာ ဆွေးနွေးပွဲတွေ ပြန်ပြီးတော့ဖြစ်ဖို့ လုပ်ရမယ်အချက်တွေ ရှိတယ်။ ဥပမာ ဆွေးနွေးပွဲတွေ ပြန်ပြီးတော့ဖြစ်ဖို့ လုပ်ရမယ့်ဟာတခု ရှိတယ်။ နောက်တခုကတော့ ပစ်ခတ်မှုတွေ ရပ်ဖို့အတွက် လုပ်ရမယ့်ဟာတွေ ရှိတယ်။ ရှိတော့ ပစ်ခတ်တဲ့ဟာတွေနဲ့ ပတ်သက်ရင် အရမ်းရိုးရှင်းတယ်။ ဘာလဲဆိုတော့ ဘယ်လက်နက်ကိုင် တပ်ဖွဲ့မဆို ငြိမ်းချမ်းရေးကို လိုချင်တယ်။ စကားတွေ ပြောချင်တယ်ဆိုရင် ရောက်တဲ့နေရာမှာ ရောက်တဲ့အချိန်မှာ သူက ရပ်ရစမြဲပါ။
အဲဒီတော့ တချို့တွေကြတော့ အားသာမှုရအောင် ပိုပြီးတော့ တိုက်ခိုက်ပြပြီးတော့ ရပ်ချင်တဲ့သဘောလည်း ရှိတယ်. ဒါကတော့ ဘယ်နေရာရောက်ရောက် ရပ်လို့ရတယ်။ ရပ်ပြီးတော့မှ ကျန်တာဆက်သွားလို့ရမယ်။ အဲဒါကတချက်။
ဒုတိယတခုက ဆွေးနွေးပွဲတွေ ပြန်စဖို့ဆိုရင် အခုဆိုလဲ ပြောနေကြတယ်။ ဘာကြောင့် ဆွေးနွေးပွဲတွေက ရပ်နေလဲ။ အဲဒီဥစ္စာကို အဖြေရှာရမယ်။ ရှာပြီးရင် ဆက်သွားဖို့ လုပ်ရမယ်။ နောက် မပါလာနိုင်သေးတဲ့လူတွေ ပါလာအောင် ဘာလို့မလဲ - ဒါလဲ အခုမြင်နေရတယ်။ ပါလာနိုင်အောင်လို့ဆိုရင် ဆက်ပြီးညှိနိုင်ရမယ်။ အဲဒီလိုသွားနိုင်တော့မှသာ ငြိမ်းချမ်းရေးဖြစ်စဉ်က ပြည်သူလူထုကိုလည်း ယုံကြည်ပြီးမှ အကျိုးသက်ရောက်မှု ရှိတဲ့ ဖြစ်စဉ်ဖြစ်မယ်လို့ ထင်ပါတယ်။
မေး ။ ။ အခုဟာက NCA လက်မှတ်ထိုးထားတဲ့လူတွေ ထပ်ပြီးတော့ ပါဝင်လာဖို့ ဆွေးနွေးနေတဲ့အချိန်မှာ တကယ်တမ်း အထဲမှာရှိတဲ့ လူတွေတောင် ယုံကြည်မှု လျော့လာပြီးတော့ ပိုပြီးတော့ လက်မှတ်ထိုးလာဖို့ အပိုင်းမပြောနဲ့ ရှိနေတဲ့ ကြားထဲမှာတောင် ကွဲလွဲမှုတွေ ထပ်ဖြစ်လာပြီးတော့ ယုံကြည်မှု အားနည်းလာတဲ့သဘောတွေ ဖြစ်နေတယ်။ အဲဒီလိုမျိုး ယုံကြည်မှုကင်းမဲ့နေတဲ့ အခြေအနေကို ပြန်လည်တည်ဆောက်ဖို့ အဓိက ဘာတွေဆောင်ရွက်ဖို့လိုလဲ။ ဘာတွေက အခက်အခဲ ဖြစ်နေတာလဲ။
ဖြေ ။ ။ တကယ့် တိုင်းရင်းသားတွေဘက်က လိုလားတဲ့ခေါင်းစဉ်တွေကို ဘယ်လောက်အထိ ဆွေးနွေးခွင့် ရပြီလဲဆိုတဲ့ မေးခွန်းတခု ပေါ်လာတာပေါ့။ တချို့ခေါင်းစဉ်တွေက ဆွေးနွေးလို့ မရဘူး ဖြစ်လာတယ်။ အထူးသဖြင့် အခုနောက်ဆုံး တစ်ဆို့မှု ဖြစ်နေတဲ့ ခေါင်းစဉ်တွေ။ ခွဲမထွက်ရဆိုတာရယ်၊ တခုတည်းသော တပ်မတော်ဆိုတဲ့ ကိစ္စတွေ။ ကျမတို့က ကျား-မ တန်းတူရေး ခေါင်းစဉ်ကိုပြောင်းပြီးတော့ နိုင်ငံရေးကဏ္ဍအောက်မှာ ဆွေးနွေးရတဲ့ ပုံစံတွေ ဖြစ်လာတယ်။ အဲဒီအပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ယုံကြည်မှု တစုံတရာကျလာတယ်။ ပြီးတော့ ရရှိခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း တစ်နဲ့နှစ်ကို ပြန်ကြည့်ရင်လဲ ဒါတွေက တကယ့်ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူတွေ၊ အားကောင်းတဲ့ အခြေခံမူတွေ မဟုတ်ဘူးလို့ ရှုမြင်သုံးသပ်တာတွေ ရှိလာတယ်။ ဒီလိုပဲ အချိန်အတိုင်းအတာ ခြောက်လတကြိမ် ဆက်ပြီးသွားနေမယ်ဆိုရင် ဒီငြိမ်းချမ်းရေး ညီလာခံတွေက ပြီသွားမယ်။ သုံးလေးငါးကြိမ် ဆယ်ကြိမ် သို့သော် တကယ်လိုချင်တဲ့ သဘောတူညီချက်တွေကတော့ ထွက်လာပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ဖြစ်လာတာတွေရှိတယ်။ ဆိုတော့ ဒီအချိန်မှာ အခုနလိုမျိုး တကယ့်အင်အားကြီးအဖွဲ့နှစ်ခုဖြစ်တဲ့ KNU နဲ့ RCSS တို့ကနေ ခဏလေး ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ ရပ်ထားတယ်ဆိုတဲ့ကိစ္စ ဖြစ်ပေါ်လာချိန်မှာ အားလုံးအတွက် စိတ်ပူစရာတခု။ ငြိမ်းချမ်းရေးဖြစ်စဉ်က ရပ်များရပ်သွားမလားဆိုတဲ့ အခြေအနေတခု ဖြစ်တယ်။
သို့သော်လဲ ဒီလိုနှစ်ဖွဲ့ရဲ့ တဖွဲ့ချင်းဆီရဲ့ ဆွေးနွေးမှုတွေအရ NCA လမ်းကြောင်းပေါ်မှာပဲ ရပ်တည်မယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေ ပိုမိုခိုင်မာဖြစ်လာအောင် အားထုတ်သွားဖို့အတွက် ကြားထဲမှာ အလွတ်သဘော ဆွေးနွေးမှုလေးတွေကို သူတို့လုပ်ချင်တယ်။ ပြီးရင် (၁၀) ဖွဲ့ထဲမှာ EU Summit လိုမျိုး မေလမှာ ပြန်ခေါ်ဖို့အတွက် ဆုံးဖြတ်ချက်တခု ကျလာတယ်။ ပြီးရင် ဆက်သွားနိုင်မယ့်လမ်းကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ပြန်ပြီးတော့ ဖော်ထုတ်လာနိုင်မယ်လို့ ကျမတို့က ယူဆတယ်။
ဆိုတော့ အဲဒီအနေအထားမှာ အခုနလို KNPP ပါဝင်နိုင်မှု ကြိုးစားနေတဲ့ အခြေအနေကလဲ အခြေအနေအကြောင်းအမျိုးမျိုးကြောင့်လို့ လက်မှတ်ထိုးမယ့်ဆဲဆဲမှာ လက်မှတ်ထိုးဖို့ စဉ်းစားပြီးမှ နိုင်ငံရေးဆွေးနွေးမှုတွေကို အားကောင်းအောင် သူတို့က ပါဝင်အားဖြည့်မယ်လို့ စဉ်းစားချက်ရှိတယ်လို့ သိရှိရတယ်။ သို့သော်လဲ NCA လက်မှတ်မထိုးခင်မှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတာတွေ နှစ်ကြိမ်သုံးကြိမ် ဖြစ်ခဲ့တယ်။ သူတို့အနေအထားကလဲ ဒီလို bilateral အစိုးရနဲ့ သီးသန့်လက်မှတ်ရေးထိုးပြီးမှ ပါဝင်လာဖို့ အခြေအနေတခုကို ပြန်စောင့်နေရသလိုဖြစ်တယ်။ နောက် မြောက်ပိုင်းအခြေအနေတွေ ရှုပ်ထွေးတဲ့နောက်ခံ အခြေအနေတွေ ရှိတယ်။ နောက် နယ်မြေအချင်းချင်း ဆက်နွှယ်နေတဲ့ အနေအထားတွေအရ မြောက်ပိုင်းအခြေအနေကတော့ တဖြည်းဖြည်းချင်း တထစ်ချင်း ကြိုးစားလာရတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်။
ကျမတို့အမြင်အရ ပြောရမယ်ဆိုရင် NCA လမ်းကြောင်းက ကျမတို့ တိုင်းပြည်မှာ အနှစ် (၇၀) အတွင်းမှာ တခါမှ နိုင်ငံရေးဆွေးနွေးပွဲတံခါးကို ဖွင့်လိုက်ပြီဆိုတဲ့ အဆင့်ကို မရောက်ခဲ့ဘူး။ အခုကတော့ တံခါးကို ဖွင့်လိုက်ပြီ။ ဒါပေမဲ့ ဆက်သွားဖို့ အားတွေလိုနေတယ်။
မေး ။ ။ ဒေါ်မိဆူးပွင့် ထောက်ပြသလိုဆို နှစ်ဘက်ကိုက သေသေချာချာ ကျေကျေလည်လည် ညှိရမယ့် ကိစ္စတွေ။ အခုဟာက သမ္မတရုံး ပြောခွင့်ရက ပြောတယ်။ သူတို့ဘက်က လမ်းဖွင့်ထားတယ်။ လမ်းဖွင့်ထားတယ်ဆိုတဲ့ စကားတခုနဲ့ပဲ လုံလောက်မှု ရှိမရှိဆိုတာတော့ ပြောစရာရှိတယ်။ ဆိုတော့ တိုင်းရင်းသားတွေဘက်ကရော ဘာတွေ အလျှော့အတင်း လုပ်ရမလဲ။ ဒီဘက်က မြန်မာပြည်အစိုးရဘက်ကဆိုရင်လဲ ဘယ်လိုအလျှော့အတင်းတွေ အပြန်အလှန်လုပ်မှ ဒီဟာက ပြေလည်နိုင်မလဲ။ ဘယ်လို သုံးသပ်မိသလဲ။
ဖြေ ။ ။ အဓိကတော့ အပိုင်းတွေက မတူကြဘူး။ လက်မှတ်မထိုးရသေးတဲ့အပိုင်းက တပိုင်းရှိတယ်။ လက်မှတ်ထိုးပြီးသာ အဖွဲ့တွေနဲ့ ဖြစ်နေတဲ့အပိုင်းက တပိုင်းရှိတယ်။ လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ ဖြစ်တဲ့ကိစ္စတွေက ကျနော်မြင်တာ ရိုးရိုးလေးပါ - တပ်မတော် သဘောထားတွေက တဖြည်းဖြည်း ပြောင်းလာတယ်လို့ ကျနော်ကတော့ အဲဒီလိုမျိုး မှန်းဆမိတယ်။ တပ်မတော်သဘောထားက ဘယ်လိုပြောင်းလာလဲဆိုတော့ အစပိုင်းမှာ အခုန မမိဆူးပွင့်ပြောတဲ့ အထဲမှာလဲ ပါပါတယ်။ ကျနော်တို့ အရှေ့က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ နောက်ပြီးမှ အပစ်အခတ် ရပ်ဆဲဖို့ အစိုးရနဲ့ လက်နက်ကိုင်တွေ တွေ့ဆုံတဲ့ဟာတွေက နှစ်ပေါင်းများစွာ နှစ် (၆၀) ပတ်ဝန်းကျင်လောက်ကို လေ့လာကြည့်တော့ ပြီးခဲ့တဲ့ဖြစ်စဉ်က အကောင်းဆုံးအနေအထားကို ဖန်တီးခဲ့တယ်။
လွယ်လွယ်လေး ပြောမယ်ဆိုရင် ဦးအောင်မင်း က ဒါလေးကို လွယ်လွယ်လေး ပုံဖော်တာရှိတယ်။ ဘာလဲဆိုတော့ လက်နက်တွေကိုင်ထား နိုင်ငံရေးကို ဆွေးနွေးကြမယ်။ ဆွေးနွေးကြတဲ့အချိန်မှာ လွတ်လွတ်လပ်လပ် ဆွေးနွေး။ အဲဒီအချိန်မှာ လက်နက်ဖြုတ်တာတွေ၊ လက်နက်တပ်တာတွေ ဘာမှမပြောဘူး။ အဲဒီလိုမျိုး နိုင်ငံရေးဆွေးနွေးမှု ပြေပြီဆိုမှ NCA မှာလည်း နောက်ဆုံးအဆင့်မှာပါတယ် အကောင်အထည်ဖော်ဖို့က တပ်တွေ ပြန်လည်ပေါင်းစည်းဖို့ဆိုတဲ့ အချက်တွေပါတယ်။ ဆိုတော့ တပ်မတော်က အခုကြတော့ အဲဒီသဘောမျိုး မဟုတ်ဘဲနဲ့ အခုနပြောသလို ဒါဆွေးနွေးရတော့မှ ရှေ့ကိုဆက်သွားမယ်။ ဒီဥစ္စာကို အရင်လုပ်ရမယ်။ ပြီးနောက် အရေးကြီးလုပ်ရမယ့်ကိစ္စဆိုတာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းမှာလည်းပါတယ်။ အရေးတကြီး လုပ်ရမယ့်ကိစ္စက တပ်တွေကို ပြန်လည်ပေါင်းစည်းခြင်း ဘာညာစကားတွေ ပြောလာတဲ့အခါကြတော့ ဒီမှာ ဆွေးနွေးမှုကို တစ်ဆို့မှုတွေ ဖြစ်လာတယ်။
အဲဒီတော့ ဒီဥစ္စာကို ပြေလည်ဖို့ဆိုရင် အခုန တိုင်းရင်းသားတွေ လုပ်နေသလိုပဲ အလွတ်သဘောတွေ ပြန်တွေ့ပြီး လုပ်မှပဲ ရတော့မယ်။ အဲဒီတော့ အရေးကြီးတာက ဘာကြောင့် ဖြစ်သွားသလဲလို့ အကြမ်းမျဉ်းပြောမယ်ဆိုရင် တပ်မတော်ဘက်ကနေ အရင်တုန်းက သဘောထားနဲ့ ပြောင်းလဲလာတာကို သွားတွေ့တယ်။ ပြောင်းလဲလာတဲ့ဟာကို ပြန်စဉ်းစားဖို့လိုတယ်။ ပြန်စဉ်းစားပြီးမှ တကယ့်တကယ် NCA လမ်းကြောင်းအတိုင်းသွားမယ်။ ငြိမ်းချမ်းရေးကိုလည်း သေချာလုပ်မယ်ဆိုရင် ဒီအတိုင်းသွားလို့ ဖြစ်မလား။ မဖြစ်ဘူးဆိုရင် သေချာအလျှော့အတင်း လုပ်ပြီးမှ ပြန်ဆွေးနွေးရမယ်။ ဒီလိုမျိုး လုပ်ရမယ်။
မေး ။ ။ အခုက လက်ရှိအခြေအနေအရ ပြောမယ်ဆိုရင်တောင်မှ ငြိမ်းချမ်းရေး လုပ်သင့်တယ်အမြင်နဲ့ နောက် ပြင်ပက ဖိအားတွေကြောင့်နဲ့ပဲ လုပ်နေသလား။ တကယ်တမ်း ဆန္ဒမရှိလို့ ညှိနှိုင်းရ ခက်နေသလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ နောက်တခုက ဘာလဲဆိုတော့ နိုင်ငံတကာမှာ သုတေသနလုပ်တဲ့ အချက်တွေ၊ စာတမ်းတွေကို လိုက်ဖတ်ကြည့်တဲ့အခါ အမျိုးသမီးတွေပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ပိုပြီးတော့ အားကောင်းတယ်။ ဖြစ်နိုင်ချေ အလားအလာ ပိုပြီးတော့ သုံးဆယ်ရာခိုင်နှုန်း ပိုရှိတယ်လို့ ပြောကြတယ်။ တကယ်လို့ အဲဒီငြိမ်းချမ်းရေးက အောင်မြင်သွားတယ်ဆိုရင် ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး ဖြစ်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျမတို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုအားက အင်မတန်မှ နည်းပါးနေတယ်။ ဆိုတော့ အဲဒီအချက်ကရော ငြိမ်းချမ်းရေးမှာ အဟန့်အတား ဖြစ်နေတဲ့အချက်လို့ ဆရာမဒေါ်မိဆူးပွင့်အနေနဲ့ ယူဆမိသလား။ ဘယ်လို သုံးသပ်မိသလဲ။
ဖြေ ။ ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က NCA က လာတဲ့အခါမှာ NCA ကို ပြန်လေ့လာကြည့်လိုက်တဲ့အခါကြတော့ သူက ဘာကို အသားပေးထားသလဲဆိုရင် လက်နက်ကိုင် အဖွဲ့အစည်းတွေအချင်းချင်း စကားပြောပြီးမှ နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတဲ့ လမ်းကြောင်း။ ဆိုတော့ ဒီအထဲမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍတောင်မှ တော်တော်လေး အားနည်းနေတယ်။ ဒါကို ထောက်ပြနေကြတာတွေ ရှိတယ်။ ဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အချင်းချင်းရှင်းမှ ငြိမ်းချမ်းရေးရမယ်ဆိုတဲ့ အယူအဆကြောင့် ပါဝင်သင့်ပါဝင်ထိုက်တဲ့ လူတွေအများကြီး ကျန်ခဲ့တယ်။ ဆိုတော့ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို မူဝါဒအနေနဲ့ သေချာစီမံဆောင်ရွက်ခဲ့သလားလို့ မေးရင် အနှစ် (၇၀) လုံးလုံးက နိုးလို့ပဲ ပြောရမှာပဲ။ ဒီနောက်ပိုင်း လေးငါးဆယ်နှစ်မှာ အသံလေးတွေ ထွက်လာတယ်။ မူအားဖြင့် လက်ခံတယ်။ ဥပမာ ဗဟိုကော်မတီ (၃၅) ယောက် ရွေးမယ်ဆိုရင်တော့ အမျိုးသမီး (၁၀) ရာခိုင်နှုန်းပါရမယ်။ (၂၀) ရာခိုင်နှုန်း ပါရမယ့်ဆိုတဲ့ မူအားဖြင့် ထောက်ခံတဲ့ အချက်တွေလောက်ပဲ တွေ့တယ်။ လက်တွေ့လုပ်ငန်းစဉ်တွေ မရှိဘူး။ ဆိုတော့ ဒီစားပွဲတွေမှာ အမျိုးသမိးတွေ ပါဝင်လာဖို့ဆိုတာက ကျမတို့ မျှော်မှန်းချက်၊ အိပ်မက်သက်သက်ပဲ ဖြစ်နေမှာပဲ။
မေး ။ ။ တကယ်တော့ ဒါကို အရေးကြီးတဲ့ အချက်အနေနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ ကိစ္စတခုလို့ ထင်ပါတယ်။ ဆိုတော့ အချုပ်အနေနဲ့ ငြိမ်းချမ်းရေးရဲ့ အလားအလာကို အတိုချုပ်လေး နည်းနည်းသုံးသပ်ပေးစေချင်ပါတယ်။ ကျမတို့ တကယ်ပဲ ငြိမ်းချမ်းရေးအတွက် မျှော်လင့်လို့ရပြီလား။ လက်ရှိ အစိုးရကတော့ ပြောထားတယ် ငြိမ်းချမ်းရေးက သူတို့ရဲ့ အဓိက ဦးတည်သွားမယ့်အထဲမှာပါတယ်။ ဒါပေမဲ့ တကယ်တမ်းကြတော့ ငြိမ်းချမ်းရေး အလားအလာဟာ ကောင်းလာပြီလား။
ဖြေ ။ ။ အခုနဟာနဲ့ ဆက်ရရင် အမျိုးသမီးပါဝင်မှု ပြောတယ်။ ကျနော် နားလည်တာက ပြည်သူလူထု ပါဝင်မှုကို ကျနော် ပြောချင်တယ်။ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပြောတာပဲ ပြည်သူလူထု ပါဝင်ရမယ် ဘာညာ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဘာတွေမြင်နေရသလဲဆိုရင် ငြိမ်းချမ်းရေးကို တွန်းအားပေးဖို့ အစိုးရကိုလည်း တွန်းအားပေးဖို့ လှုပ်ရှားမှုတွေလိုတယ်။ ဟိုအရင်ခေတ်တုန်းက ရှိခဲ့တယ်။ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ အခုကြတော့ လုပ်လိုက်တဲ့ လှုပ်ရှားမှုတွေ၊ ထောက်ခံမှုတွေက တပ်မတော်ကို ထောက်ခံရင်ထောက်ခံ၊ မထောက်ခံရင် အခုနပြောတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံ။ မဟုတ်ရင် နိုင်ငံရေးပါတီတခုခုကို ထောက်ခံ။ အဲဒါမျိုးတွေပဲ တွေ့နေရတယ်။ အဲဒါတွေက ငြိမ်းချမ်းရေးကို အားပေးစေတဲ့ဟာမျိုးတွေ မဟုတ်ဘူး။ လူထုတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးကို တကယ့်ကို ထောက်ခံပြီးမှ ဖိအားပေးတဲ့ဟာမျိုးတွေ ပေါ်လာရင် ပိုပြီးတော့ တွန်းအားဖြစ်စေမယ်လို့ ထင်တယ်။