စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်

ကချင် နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနဲ့ ကချင်တိုင်းရင်းသားအဖွဲ့တို့ကြားက ဆွေးနွေးပွဲအခြေအနေကို ဒေါ်ခင်စိုးဝင်း က ညီညွှတ်သော တိုင်းရင်းသားကောင်စီ UNFC (United Nationalities Federal Council) တွဲဖက်အထွေထွေ အတွင်းရေးမှုးနှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ မတ်လ (၁၁) ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ KIO/KIA အဖွဲ့ ကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO အဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ လေ့လာသူအဖြစ်နဲ့ သက်သေအဖြစ် တက်ရောက်ခဲ့တဲ့ UNFC ညီညွှတ်သော တိုင်းရင်းသားကောင်စီ ဖယ်ဒရယ်ကောင်စီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ရွှေလီမြို့မှာ ကျမ တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အိမ်ရှင်တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်ထုတ်တဲ့နေရာမှာ ကြန့်ကြာခဲ့ရတယ်လို့ ကြားသိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်က ဘယ်လိုများ ပါဝင်ပတ်သက်ခဲ့လို့ပါသလဲရှင်။

ခွန်ဥက္ကာ ။ ။ မကြိုက်ဘူး။ တချို့စာလုံးတွေ ပြင်ပေးပါ။ တချို့ စာလုံးတွေ ဘာဖြစ်သင့်တယ်ဆိုပြီးတော့ ဝင်ရောက်အကြံပေးတယ်။ ရိုးရိုးပြောရင်တော့။ ဒါပေမဲ့ စွက်ဖက်တဲ့သဘောမျိုး - intervene များတဲ့အခါကြတော့ အဲဒီအပေါ်မှာ နှစ်ဖက်စလုံးတော့ သိပ်စိတ်မကောင်းကြဘူး။ သို့သော်လဲပဲ တချို့ကိစ္စတွေမှာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်၊ ကိုယ်ဟာကိုယ် သဘောတူ လုပ်ရမယ့်ဟာတွေကရှိတယ်။ ဒါကြောင့် ကျနော်တို့က ဒါဆိုရင် ဒီအိမ်ရှင်မှာတော့ လာမိပြီးဆိုတော့ ပြင်ပေးလိုက်။ တချို့စကားလုံးတွေ၊ တချို့ထွက်လာတဲ့ဟာတွေ။ သို့သော် ကိုယ့်အထဲမှာ တကယ်ရရှိတဲ့ဟာတွေကိုတော့ ဆက်ကိုင်ထား၊ အလုပ်ဆက်လုပ် အဲဒီလိုပဲ။ ဒါကြောင့် အခုထွက်ထားတဲ့ just statement အထဲမှာ မပါတဲ့ တချို့အရေးကြီးတဲ့အချက်တွေကို ကျနော်တို့က အလုပ်ဆက်လုပ်ဖို့တော့ ချန်ထားလိုက်မယ်။ ဒါက အိမ်ရှင်ပြဿနာ၊ အကြံပေးတဲ့အတွက် ကျနော်တို့က လုပ်လိုက်တယ်။ ဒါကြောင့် statement ထဲမှာမပါဘဲနဲ့ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း အတူလုပ်ရမယ့်အလုပ်တွေကို ကျနော်တို့ ဆက်လုပ်သွားမယ့် သဘောတော့ ကျနော် တွေ့ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလို သူများနိုင်ငံမှာလာပြီး ဆွေးနွေးတဲ့အခါကြတော့ အိမ်ရှင်ရဲ့ စွက်ဖက်မှု ခံရတာပေါ့။ အဲဒီတော့ ကိုယ့်ရဲ့ပြည်တွင်းမှာပဲ တဖတ်နဲ့တဖတ် နားလည်းမှုတွေ၊ ယုံကြည်မှုတွေနဲ့ မျက်နှာချင်းဆိုင်ပြီးတော့ ဆွေးနွေးမှုတွေ မဖြစ်နိုင်ဘူးလားရှင်။

ခွန်ဥက္ကာ ။ ။ ခေါ်တယ်လို့ ပြောတာနဲ့ ကျနော်တို့က legal protection ကို တင်မှာပဲ။ ချင်းမိုင်မှာလည်း ကျနော်တို့ တင်ခဲ့ဘူးတယ်။ Legal protection လုပ်ပါ။ အဲဒါ မလုပ်ရင် ကျနော်တို့ အဲဒါကို လုပ်လို့မရဘူး။ International မှာ ကြည့်လို့ရှိရင် ပြည်တွင်းမှာ legal protection မလုပ်နိုင်ရင် ပြည်ပမှာပဲ တွေ့ကြတယ်။ ကျနော်တို့ Philippines ပွဲဆိုရင်လည်း မလေးရှားမှာပဲ ဆွေးနွေးတယ်။ အင်ဒိုနီးရှားပွဲဆိုရင်လည်း ကမ္ဘာလှည့်ပြီးတော့ ဆွေးနွေးတယ်။ သီရိလင်္ကာမှာလည်း ခြောက်ခါလောက် ဆွေးနွေးတယ်။ အဲဒါလည်း နိုင်ငံခြားမှာပဲ ဆွေးနွေးတယ်။ သူ့ပြည်တွင်းမှာ မဆွေးနွေးဘူး။ ပြည်တွင်းဆွေးနွေးခြင်းအားဖြင့် ဖိအား၊ indirect သို့မဟုတ် direct ဖိအားရှိနေတော့ အဲဒီ ဖိအားအောက်မှာ ဆွေးနွေးတာလည်း လွတ်လပ်တဲ့သဘောထားကတော့ ပြောင်းလဲလာမှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်တဲ့၊ မှီခိုကင်းတဲ့ နေရာမှာ ဆွေးနွေးခြင်းက ထွက်လာတဲ့ သဘောတူညီချက်တွေက ပိုပြီးတော့ စစ်စစ်မှန်မှန်၊ တရားမျှတမှု ရှိတယ်လို့ အဲဒီလို ကျနော် သုံးသပ်တယ်။ အဲဒါကြောင့် venue လို့ခေါ်တဲ့ ဆွေးနွေးတဲ့နေရာလည်း အင်မတန် အရေးကြီးတယ်။ ပြည်တွင်းကို မပြောသေးတာ အဲဒါကြောင့်။

ဒေါ်ခင်စိုးဝင်း ။ ။ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကတော့ နယ်နိမိတ်ချင်းလည်း ထိဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်ဆိုတော့ တိုက်ရိုက်ပတ်သက်တယ်လို့ ပြောလို့ရပါတယ်။ နောက် EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့ - ဥပမာ နော်ဝေ၊ ဂျပန်နိုင်ငံ။ အဲဒီနိုင်ငံတွေကလည်း မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရန်ပုံငွေတွေနဲ့ ပံ့ပိုးနေတာကို တွေ့ရပါတယ်။ UNFC ကိုရော အဲဒီလိုမျိုး ပံ့ပိုးပေးတာ ရှိပါသလားရှင်။

ခွန်ဥက္ကာ ။ ။ ကျနော်တို့အနေနဲ့တော့ လောလောဆယ် တရားဝင်။ ကျနော်တို့ UNFC နဲ့ MOU လက်မှတ်ထိုးပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာ ဂျပန် ရှိတယ်။ Nippon Foundation ကတော့ ကျနော်တို့ရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ထိုးထားတဲ့ ဒီတဖွဲ့တော့ ရှိပါတယ်။ ဒီတဖွဲ့ကတော့ ကျနော်တို့ အစည်းအဝေးတွေ၊ ခရီးစဉ်တွေ၊ တိုင်ပင်နှီးနှောတာတွေကိုတော့ အကူအညီပေးနေပါတယ်။ သို့တည်းမဟုတ် ဂျပန်ကို ဖိတ်ခေါ်ပြီးတော့ အစည်းအဝေး လုပ်ဖို့ပေးနိုင်ပါတယ်။ သို့သော် ကျနော်တို့ ကြည့်သလောက်တော့ နော်ဝေတို့၊ တခြား Europe က အထောက်အပံ့တွေကတော့ မြန်မာ Peace Center ကို အဓိကထားပြီးတော့ သွားတယ်လို့ သိရတယ်။ သို့သော်လည်း အခုအချိန်အထိ ယုံကြည်စိတ်ချရမယ့် အခြေအနေမျိုး၊ ကတိပေးထားတဲ့အတိုင်း ကူညီပေးထားမယ့် amount အရေအတွက်ကို ကူညီတာတော့ တခါမှ မရှိသေးဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာကနေ အခုလိုမျိုး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ရန်ပုံငွေတွေ ပံ့ပိုးပေးနေတယ်ဆိုတော့ လောလောဆယ် မြန်မာအစိုးရအနေနဲ့က ဘယ်လောက်အတိုင်းအတာအထိ ရန်ပုံငွေတွေ ခွဲဝေချထားပေးတယ်လို့ သိရပါသလဲရှင့်။

ခွန်ဥက္ကာ ။ ။ နေပြည်တော်အစိုးရဘက်က တပြားမှ မထုတ်ဘူး။ သူ့ရဲ့ budget တခုလုံးမှာ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် budget ဘယ်လောက်ရာထားတယ်ဆိုတာ မရှိဘူး။ ဒါကို သူတို့ကိုယ်တိုင်လည်း ဝန်ခံတာမရှိဘူး။ ဒါကြောင့် သမ္မတကြီးက ငြိမ်းချမ်းရေး တကယ်လိုချင်တယ်။ တကယ့် ငြိမ်းချမ်းချင်တယ် ပုဂ္ဂိုလ်ကြီးပါ။ ဒီမှာလည်း တပ်မတော်အရာရှိကြီးတွေ ပြောတယ်။ တပ်မတော်လည်း ငြိမ်းချမ်းရေး အင်မတန်လိုချင်တယ်။ အဲဒီ ပြောဆိုချက်ကို အထောက်အကူဖြစ်တဲ့ဟာက နိုင်ငံတော် budget ချပေးရမှာပေါ့။ နိုင်ငံတော်က budget မရှိဘဲနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်။ နိုင်ငံတကာ budget နဲ့ပဲ ငြိမ်းချမ်းရေးလုပ်မှာ။ ပြောတော့လည်း ငြိမ်းချမ်းရေးက ပြည်တွင်းပြဿနာ၊ ညီအကိုတွေ ရန်ဖြစ်တယ်။ စရိတ်က အထဲက မထုတ်ဘဲနဲ့ အပြင်ကပဲ မျှော်လင့်တယ်။ အပြင်ကထဲတဲ့ လူတွေက သူလည်းပါချင်တာပေါ့။ သူကူညီပေးရင် သူလည်းပါချင်တာပေါ့။ ဒီမှာလိုပေါ့ အကယ်လို့ ကျနော်တို့ကို အကူအညီပေး၊ နေရာထိုင်ခင်းပေးရင် သူလည်းပါချင်တာပေါ့။ ဒါက သူထုံစံ။ ဒါကြောင့် ပြည်တွင်းမှာလည်း လုပ်ချင်တယ်။ Budget လည်း လုံလုံလောက်လောက် ရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဘယ်သူ့စွက်ဖက်မှုကို မခံဘဲနဲ့ လုပ်လို့ရတယ်။ အခုတော့ budget လုံးဝမထည့်ဘူးဆိုတော့ အဲဒါလည်း တော်တော်စဉ်းစားစရာပါ။ ဘာကြောင့်လဲ နိုင်ငံတော် budget မထုတ်သလဲ ဒီကိစ္စမှာ။ အဲဒါလဲ စဉ်းစားစရာ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေကရော မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ သုံးသပ်လို့ ရပါသလဲရှင့်။

ခွန်ဥက္ကာ ။ ။ အင်ဒိုနီးရှားနိုင်ငံတနိုင်ငံတော့ ရှိမယ်။ ကျနော်တို့ကိုလည်း ဖိတ်ပါတယ်။ အင်ဒိုနီးရှားအစိုးရက ဖိတ်တယ်။ သူတို့ဆီမှာ အစည်းအဝေးလာလုပ်ဖို့။ သူတို့လည်း နေရာပေးပါတယ်။ သို့သော် အပြင်ကိုထွက်ဖို့ သိပ်စိုးရိမ်တယ်။ ပြည်တွင်းခေါင်းဆောင်တွေက အပြင်ကို မထွက်ချင်ဘူး။ အပြင်ကိုထွက်လို့ရှိရင် ပြည်တွင်းမှာ ရထားတဲ့အရှိန်အဝါ လျော့သွားမှာကို ကြောက်တယ်။ အပြင်ရောက်ရင် ပြည်တွင်းမှာ အရှိန်နဲ့အဝါနဲ့ တိုင်းမှူး၊ ဗိုလ်ချုပ်ကြီးအရှိန်ရှိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဒီဆွေးနွေးပွဲမှာ MPC – Myanmar Peace Center မြန်မာ့ငြိမ်းချမ်းရေးစင်တာက ကိုယ်စားလှယ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီ MPC ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ UNFC အနေနဲ့ အားရကျေနပ်မှု ရှိပါသလား။

ခွန်ဥက္ကာ ။ ။ သူတို့ရဲ့ တရားဝင်မှုက တဝက်တပျက်ပဲ။ တိုင်းပြည်တပြည်ရဲ့ တရားဝင်လမ်းကြောင်းပြောရင် လွှတ်တော်ကိုဖြတ်ရတယ်။ စုံစမ်းရေးကော်မရှင်တခု - ဘာလေးပဲပြောပြော အစိုးရကဖွဲ့တဲ့ ကော်မရှင်တရပ်က၊ အစုအဖွဲ့တရပ်က သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ သူ့ရဲ့ လွှတ်တော်ကိုတင်တယ်။ ပြဌာန်းဥပဒေအနေနဲ့တင်တော့ လွှတ်တော်က အတည်ပြုလိုက်ရင် ပိုခိုင်တယ်။ အခု MPC law ကို ကျနော်ကြည့်တော့ သမ္မတကြီးရဲ့ အထူး ဒီဂရီ အထူးအမိန့်နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ဦးအောင်မင်းပါတဲ့ ဝန်ကြီး (၉) ပါးပါတဲ့ ကြီးကြပ်ဖို့၊ အဲဒီအောက်မှာ ဝန်ထမ်းတွေခန့်တယ်။ ဒါရိုက်တာတွေ ခန့်တယ်။ အားလုံးက လခစားဝန်ထမ်းတွေ ဖြစ်တယ်။ အဲဒီလစာ လည်ပတ်စရိတ်တွေကိုတော့ နော်ဝေ က ပေးတယ်။ အဲဒီလိုင်းလောက်မှာပဲ ရှိတယ်။

လွှတ်တော်က အတည်ပြုထားတဲ့ အစုအဖွဲ့မဟုတ်သေးဘူး။ လွှတ်တော်သည်ပင် အခုထိတိုင် MPC ကို မေးခွန်းထုတ်နေတယ်။ MPC က ဘာလဲပေါ့။ လွှတ်တော်က အဲဒီလို မေးခွန်းထုတ်နေတော့ တပ်က ပိုဆိုးတာပေါ့။ တပ်က MPC ဘာလုပ်နေသလဲ။ တို့တပ်ကိစ္စ ဘာဝင်ပြောသလဲ။ သူတို့တပ်တွေ ဆုတ်တယ်တက်တယ်ဆိုတာကို MPC က ဝေဖန်မိရင် MPC ကိုပါ တပ်ကစိတ်ဆိုးတာ။ ဘာဖြစ်လို့လဲဆိုတော့ MPC က တပ်မတော် နဲ့ လွှတ်တော်ကို သူကပြန် challenge လုပ်နေတာ။ သူတို့က အစိုးရတခုတည်း၊ သမ္မတကြီးတယောက်တည်းရဲ့ ဝိတ်နဲ့ သွားနေတာ။ Run နေတဲ့အခါကြတော့ ပထမပိုင်းမှာတော့ သူက အကျိုးဆောင်၊ ကြားနေ ဟိုဖက်လည်းမပါဘူး၊ ဒီဖက်လည်းမပါဘူး။ ကြားနေ အကျိုးဆောင်။ အဲဒီလိုမျိုး ပြထားတယ်။ … International, observers တို့ကိုပြထားတယ်။ လုပ်ရင်လုပ်ရင်နဲ့ မပြနိုင်တော့ဘူး။ မပြနိုင်တော့ ဘက်တဖက်ပါသွားတယ်။ ပါသွားတယ်ဆိုတော့ အခုဆိုရင် MPC ဆိုရင် ကရင်တောင် သူတို့အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် အကုန်လုံးထည့်လိုက်တယ်။ တဖတ်ကိုပဲ ပြောရတော့မယ်။ အရင်တုန်းက တဖတ်ကမဟုတ်ဘူး။ ကြားမှာနေသလိုလို လုပ်နေတယ်။ အခုတော့ ရှင်းသွားတယ်။ MPC ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တရားဝင်နံမည်ထည့်ထားတယ်။ MPC က လူတွေအားလုံး ထည့်ထားတယ်။ ထည့်လိုက်တော့ အခုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရအဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ်။

ဒေါ်ခင်စိုးဝင်း ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ကြတယ်။ ဆွေးနွေးပွဲတွေပြီးတော့ ပူးတွဲကြေညာချက်တွေ ထုတ်တယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီကြတယ် စသဖြင့်။ အဲဒီ ဆွေးနွေးပွဲတွေလည်း ပြီးသွားရော ကရင်ပြည်နယ်မှာ တိုက်နေပြန်ပြီ၊ ကချင်ပြည်နယ်မှာ စစ်ရှိန်တွေမြှင့်ပြီးတော့ စစ်အင်အားတွေ တိုးချဲ့နေတယ်လို့ ကြားနေရပြန်ပြီ၊ နောက် ရှမ်းနဲ့လည်း တိုက်နေတုန်းပဲဆိုတဲ့ သတင်းတွေက လူထုကြားမှာ ပြန့်နှံနေတာပါ။ အဲဒီတော့ ဒီသဘောတူညီမှုတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံအရ နည်းနည်းလောက် ရှင်းပြပေးပါလား။

ခွန်ဥက္ကာ ။ ။ ပမာဏဆိုပြီး လုပ်လိုက်ရင်လည်း ပမာဏလို့ လူတွေက သိတာမဟုတ်ဘူး။ ကေအိုင်အို လက်မှတ်ထိုးလိုက်တာနဲ့ ငြိမ်းချမ်းရေးရသွားပြီ။ တောင်ပိုင်းလည်းရပြီ၊ မြောက်ပိုင်းလည်းရပြီ။ Investment တွေ လာလို့ သွားဖိတ်လိုက်တာ။ အဲဒါကို လိုချင်တာ။ အဲဒီတော့ agreement အဆင့်ကို ဟိုဘက်ကတော့ တော်တော်တောင်းတယ်။ ကေအိုင်အို က မပေးနိုင်တာက agreement ကို တည့်တည့်မဟုတ်ဘဲနဲ့ အလွဲသုံးစား လုပ်သွားရင် မကောင်းဘူးလို့ အဲဒီလိုမြင်တယ်။ ဒါကြောင့် တကယ့်ကို ယုံကြည်စိတ်ချရတဲ့ အပစ်အခတ်ရပ်စဲရေးအဆင့် ရောက်သွားမယ်ဆိုရင် (၁) စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်လာရင်တော့ ဒီ agreement က မခက်ဘူး။ ဟိုဟာတွေကို လက်ဆုတ်လက်ကိုင် မပြနိုင်သေးဘဲနဲ့ agreement ပဲဆိုရင် ဒီမှာပဲ အနိုင်ပိုင်းပြီးတော့ ဟိုဘက်ကို မသွားဘူးကွာ။ အဲဒီလို နေလိုက်မှာကိုလည်း စိုးရိမ်တယ်။

တကယ်ပဲ ၁၇ နှစ် နေခဲ့တာပဲ။ ဟိုအရင်တုန်းက ချုပ်ထားတာတောင် မဖျက်သေးဘူး။ မဖျက်သေးတော့ ဘာကြောင့် ဆက်ထိုးဖို့ လိုသလဲ။ ဒါကို ဆက်မတိုက်ရုံနဲ့ ရပ်သွားတာပဲ။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတင်လိုက်။ နိုင်ငံရေးဆွေးနွေးပွဲလိုင်း တကယ်တက်လာမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးက ယုံကြည်စိတ်ချရတဲ့အဆင့် ရောက်သွားမှာပါ။ စားပွဲပေါ် အားလုံး မျက်နှာစုံညီ တွေ့နေကြပြီလေ။ ရင်းရင်းနှီနှီ တဆင့်ပြီးတဆင့် ဒီတိုင်းပြည်အတွက် nation building ပျက်စီးနေတဲ့ဟာ၊ ယိုးယွင်းနေတဲ့ဟာကို ပြန်လည်ထူးထောင်ဖို့ လုပ်ကြပြီဆိုရင် အဲဒီအချိန်မှာ ဒါဟာ ပစ်တာရပ်တာတော့ နားသွားမှာပဲ။ နောက် nationwide ceasefire လိုဟာမျိုး အစိုးရက ဒိုင်ခံပြီးတော့ လူသိနတ်ကြား ကမ္ဘာသိ ကြေညာလိုက်လည်း သွားတိုက်လို့ မရတော့ဘူး။ အခုကတော့ အဲဒါတွေ မရှိတော့ လိုအပ်လို့ တိုက်သလို။ လိုအပ်လို့ တိုက်တာလည်း ကချင်မှာ နည်းနည်းနားတာနဲ့ ရှမ်းပြည်မြောက်ပိုင်းကို သွားတိုက်တယ်။ ရှမ်းပြည်မြောက်ပိုင်းကို တိုက်ဖို့ လူ ရှစ်ထောင် ပို့ထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။