စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဟာ ပြည်သူတွေနိုင်မယ့် တော်လှန်ရေး ဖြစ်တယ်လို့ ကရင်နီပြည်နယ်မှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေးက ဗွီအိုအေကို ပြောပါတယ်။ ဒီနှစ် ဧပြီလက ကရင်နီတပ်ပေါင်းစုတွေရဲ့ ဖါးဆောင်းမြို့သိမ်းတိုက်ပွဲမှာ တပ်ရင်း (၅၁၆) က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေးအပါအဝင် တပ်သား ၅၀ ကျော် လက်နက်ချ အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။ ကရင်နီပြည်နယ် သတင်းယူတဲ့ ခရီးစဥ်အတွင်း မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ကတော့ ကရင်နီတပ်ပေါင်းစု လက်နက်ကိုင်အဖွဲ့တွေ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတချို့နဲ့ VOA က တွေ့ဆုံခွင့် ရခဲ့ပါတယ်။ သူတို့တွေကတော့ စစ်ကောင်စီတပ်ရင်း ၄ ရင်းက စုဆောင်းထားတဲ့ တပ်သားတွေ ဖြစ်ပါတယ်။ ဒီနှစ် ဧပြီလက ကရင်ပြည်နယ် ဖားဆောင်းမြို့သိမ်း တိုက်ပွဲမှာ ဖမ်းဆီးခံခဲ့ရသူတွေလည်း ဖြစ်ပါတယ်။ တပ်သားအရေအတွက် တစ်ရာကျော်လောက်ဟာ အင်အားဖြည့်တင်းဖို့ လာရောက်ပူးပေါင်းချိန်မှာ လမ်းခုလတ်မှာ ကရင်နီတပ်ပေါင်းစုအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ကရင်ပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး ကလလတရဲ့ ဗျူဟာမှူး စိုင်းချစ်လှိုင်နဲ့ VOA တွေ့ဆုံမေးမြန်းခွင့်ရချိန်အတွင်း သူ့ရဲ့ပြောပြချက်အရဆိုရင် စစ်ကောင်စီတပ်သား တစ်ဝက်လောက် တိုက်ပွဲမှာ ကျဆုံးခဲ့ပြီးတော့ နောက်ထပ်တစ်ဝက်လောက်ကတော့ လက်နက်ချ အဖမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။ ဆိုတော့ အခု ၆ နီးပါးအကြာမှာ အဲဒီစစ်သုံ့ပန်းတွေထဲက တပ်ရင်း ၅၁၆ ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေး ကို ကရင်နီတပ်ပေါင်းစုအဖွဲ့တွေ ထိန်းသိမ်းထားတဲ့ နေရာမှာ VOA က တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။
မအင်ကြင်းနိုင် ။ ။ ကျမ VOA ကပါ။ သူတို့ စီစဥ်ပေးတာနဲ့ ဒီမှာ ခဏလာပြီးတော့ မေးမြန်းတာပါ။ နေထိုင်ရတာကော အဆင်ပြေလား မသိဘူး။
ဒု-ဗိုလ်မှူးကြီး ရဲမင်းဌေး ။ ။ ဟုတ် ပြေပါတယ်။
မေး ။ ။ စပြီးတော့ ဖမ်းခံထားရတဲ့ အနေအထား ဘယ်လို ဖြစ်သွားလဲ မသိဘူး။ လက်နက်ချလိုက်တာလား။ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုး ဖမ်းခံထားရတာလဲ မသိဘူး။
ဖြေ ။ ။ ကျနော်တို့ တိုက်ပွဲဖြစ်ပြီးတော့ ကျနော်တို့က တပ်က တပ်ပေါင်းပေါ့နော်။ တစ်ရင်းထဲ မဟုတ်ဘူး။ တပ်ပေါင်းစုံဆိုတော့ ကျနော်တို့က (၉) နာရီလောက်ကျတော့ စစ်ကူပေါ့နော်။ လေယာဥ်ပစ်ကူကို ကျနော်တို့ မတောင်းတော့ဘူး။ လက်နက်ကြီး ပစ်ကူလည်း မတောင်းတော့ဘူး။ မတောင်းဘဲနဲ့ ကျနော်တို့ ခေါင်းဆောင်တွေ တိုင်ပင်ပြီးတော့ လက်နက်ချဖို့ ဆုံးဖြတ်လိုက်တာ။
မေး ။ ။ ဘယ်အချိန်တုန်းက ဖြစ်တာလဲ မသိဘူး။
ဖြေ ။ ။ ဧပြီလ (၁၁) ရက်နေ့ပေါ့။
မေး ။ ။ ဟုတ် အားလုံး ဘယ်လောက်လောက် ရှိလဲ။ တပ်အင်အား တပ်သားအရေအတွက် ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ အားလုံးပေါင်း ကျနော်တို့ (၁၀၉) ယောက်ပေါ့။
မေး ။ ။ ဒဏ်ရာရတာတွေကော ရှိလား အဲ့အချိန်တုန်းက။
ဖြေ ။ ။ ဒဏ်ရာရတာ ရှိတယ်။
မေး ။ ။ အခု အဲ့ဒီလူတွေကော သက်သာသွားပြီလား။ ဆေးကုသပြီတော့။
ဖြေ ။ ။ သူတို့ကတော့ ဒီမှာ မဟုတ်ဘူး။ သူတို့က တနေရာမှာ။
မေး ။ ။ လောလောဆယ် မိသားစုနဲ့ကော ဆက်သွယ်လို့ရလား။
ဖြေ ။ ။ မရဘူး။
မေး ။ ။ မရတာက ဆက်သွယ်ခွင့် မပေးတာလား။
ဖြေ ။ ။ ဆက်သွယ်ခွင့် မပေးတာ။
မေး ။ ။ ဟုတ်ကဲ့။ အခုကနောက်ပြီးတော့ ဒီမှာ ဖမ်းခံရချိန်တုန်းက သူတို့ဘက်က ဆက်ဆံတာတွေကော ဘယ်လိုရှိပါလဲရှင့်။
ဖြေ ။ ။ သုံ့ပန်းတစ်ယောက်လိုဘဲ ဆက်ဆံတာပါ။
မေး ။ ။ အဲ့တော့ ဟိုဘက်မှာကျတော့ ဘာရာထူး၊ ဘာတာဝန်ကို ထမ်းဆောင်ခဲ့တာပါလဲ။
ဖြေ ။ ။ ကျနော်က တပ်ရင်းမှူးပါ။ ကျနော့်နာမည်က ဒုတိယဗိုလ်မှုးကြီး ရဲမင်းထင် (၅၁၆)။
မေး ။ ။ အဲ့ဒီတော့ တကယ်လို့ ဟိုဘက်က စစ်သုံ့ပန်းအနေနဲ့ လဲလှယ်တယ်ဆိုရင်၊ ဘယ်လိုပုံစံမျိုး မျှော်လင့်ထားလဲ။ စစ်ကောင်စီဘက်က ကိုယ့်ရဲ့ တပ်ရင်းတွေ၊ တပ်ရင်းမှူးတွေ၊ တပ်သားတွေ အဖမ်းခံထားရတဲ့ ကိစ္စမှာ သူတို့ဘက်က ကိုယ့်လူတွေ လွတ်မြောက်ဖို့အတွက် စစ်သုံ့ပန်း လဲလှယ်တဲ့ အစီအစဉ်မျိုး ကမ်းလှမ်းလာလိမ့်မယ်လို့ကို မျှော်လင့်လား။
ဖြေ ။ ။ မမျှော်လင့်ဘူး။
မေး ။ ။ အဓိကက ဘာကြောင့်လဲ။
ဖြေ ။ ။ ဘယ်လို ပြောရမလဲ။ အမှန်မှာတော့ မိဘနဲ့ သားသမီးပေါ့နော်။ မိဘနဲ့ သားသမီးမှာ ကိုယ့်သားသမီးဆိုရင် မိဘကတော့ စိတ်ပူမှာပေါ့။ အခုက မိဘတွေက မဟုတ်တော့၊ သားသမီးကို စိတ်ပူမှာမှ မဟုတ်ဘူး။
မေး ။ ။ တကယ်လို့ တပ်မှာ ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ အနေအထားကော ရှိသေးလား။
ဖြေ ။ ။ ကျနော်တို့က မလုပ်တော့ဘူး။ တော်ပြီ သာမန်ပြည်သူအနေနဲ့ပဲ နေတော့မယ်။
မေး ။ ။ ဟိုဘက်မှာတော့ မိသားစုတွေ ကျန်ခဲ့တဲ့ပေါ့နော်။
ဖြေ ။ ။ မိသားစုတွေက အိမ်မှာပါ။
မေး ။ ။ သူတို့ လုံခြုံရေးကော ဘယ်လိုနေလဲရှင့်။
ဖြေ ။ ။ ကျနော်တို့က အဆက်အသွယ်မရတော့ မသိဘူး။
မေး ။ ။ အဲဒီတော့ ဒီဘက်က အခုဆိုရင် နွေဦးတော်လှန်ရေး၊ စစ်အာဏာသိမ်းတာကို လက်မခံတဲ့ လက်နက်ကိုင် ခုခံတယ်ဆိုတဲ့ တော်လှန်ရေးကိုကော တပ်ရင်းမှူးတို့ဘက်က ဘယ်လို မြင်ပါလဲရှင့်။
ဖြေ ။ ။ ဒါက ပြည်သူလူထုပါသွားပြီ။ ပြည်သူလူထုပါသွားပြီဆိုတော့ ဒါကတော့ အောင်မြင်မှာပါ။
မေး ။ ။ အဲဒီတော့ စစ်အာဏာသိမ်းတာကို ကျမက မေးချင်တာက ပုဂ္ဂိုလ်ရေးအရဆိုရင် စစ်အာဏာသိမ်းတာကို လက်ခံလား။
ဖြေ ။ ။ အဲဒါတော့ မကြိုက်ဘူး။ ဘာလို့ဆို ဒီမိုကရေစီ သွားနေပြီ။ ဒီမိုကရေစီ သူ့ဘာသာသူ သွားနေပြီ။ သမ္မတကြီး ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က ဒီမိုကရေစီ ပြောင်းလဲဖို့အတွက်ဆိုပြီး ဟိုဟာကို တခါတည်းပေးလိုက်ပြီလေ။ သမ္မတကြီးဦးသိန်းစိန် တက်တယ်။ ပြီးရင်တခါ နောက်ထပ်အစိုးရ (၅) နှစ် သက်တမ်း တက်တယ်။ အစိုးရက သူ့ဘာသာသူ ဒီမိုကရေစီကို ဆက်လုပ်သွားမှာ။ ဥပမာဆိုရင် ဘင်္ဂလားဒေ့ရ်ုက ရှိုတ်ဟာစီနာပေါ့။ သူ့ကို ပြည်သူလူထုက မကြိုက်တော့ သူ့ဘာသာသူ ထွက်သွားတယ်။ ဝန်ကြီးချုပ်က ထွက်သွားပြီး သူ့ဘာသာသူ တနိုင်ငံကို ထွက်သွားတယ်။ အခု ပြည်သူလူထုကြိုက်တဲ့ တယောက်က လာပြီးတော့ အုပ်ချုပ်တော့မယ်။ အဲဒီတော့ တိုင်းပြည်ကလည်း မပျက်သွားဘူး။ ပြီးရင် ဘာဖြစ်လဲ။ ဒီတိုင်းပဲ။ ကျနော်တို့ဆိုရင် တိုင်းပြည်က ပျက်သွားပြီ။
မေး ။ ။ အဲဒီအခါမှာလေ ဟိုတခြားတပ်သားတွေပေါ့နော်။ အခုဆိုရင် စစ်ကောင်စီအောက်မှာပဲ ဆက်ပြီးတော့ တာဝန်တွေ ထမ်းဆောင်နေတဲ့ တပ်သားတွေ ရှိနေတဲ့ အနေအထားကြတော့ ဘယ်လိုရှိလဲ။ အတွေ့အကြုံအရ တပ်ရင်းမှူး အတွေ့အကြုံအရဆိုရင် ဘယ်လို အတွေ့အကြုံကို ပြန်ပြီးတော့ မျှဝေချင်လဲရှင့်။
ဖြေ ။ ။ ရှင်းရှင်းပြောရရင် အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သူတွေက ရုန်းထွက်လို့ မရဘူး။ ဥပမာဆိုရင် ကျနော်တို့လိုပေါ့။ ရုန်းထွက်လို့ မရတဲ့ဟာလေးတွေတော့ ရှိတာပေါ့။ ရုန်းထွက်လို့ မရလို့ သူတို့က ဆက်လုပ်နေကြတာပေါ့။ ဒါပေမဲ့ လက်ရှိလည်း သူတို့လည်း ပြောရရင်တော့ သိပ်ပြီးတော့ ဒီဟာကို ဆက်လက်တိုက်ပွဲဝင်ဖို့ အရာရှိစစ်သည်တွေက လုံလုံလောက်လောက် မရှိတော့ဘူး။ လျော့နည်းသွားပြီ။ အရင်လို မဟုတ်တော့ဘူး။ အရင်တုန်းကတော့ ကျနော်တို့ တပ်မတော်ထဲ စဝင်တုန်းကတော့ ဒါကတော့ ကျနော်တို့က ပြည်ပ ကျူးကျော်စစ်အတွက် ဆိုပြီးတော့ ကျနော်တို့က ရည်မှန်းပြီး ဝင်လာတာ။ ကျနော်သင်ကြားခဲ့ စစ်ပညာတွေကလည်း ပြည်ကကျူးကျော်စစ်အတွက် လုပ်ခဲ့တာ။ အရင်တုန်းကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေတော့ ရှိတယ်။ ကြိုကြားကြိုကြားပဲ ပစ်ကြတာ။ အရင်လို ရန်သူလို သဘောထားပြီးတော့ တိုက်ကြတာ မဟုတ်ဘူး။ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ဟာတွေက။ အခုကြတော့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာကို ဒီမိုကရေစီလမ်းကြောင်းကို သွေးဖီသွားတာ။ သူ့ဘာသာ မဲပဲ မသမာ မသမာ၊ မဲပဲလိမ်လိမ် အဲဒါက ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့နဲ့ဆိုင်တာက ပြည်သူလူထုကို ကာကွယ်ဖို့ပဲ။ ကျနော်တို့ သင်ထားတဲ့ စစ်ပညာ ပြည်သူလူထု ကာကွယ်ဖို့ပဲ။ ပြည်သူလူထု ကို သတ်ဖို့မဟုတ်ဘူး။
မေး ။ ။ အခု တပ်မတော်ကနေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဆိုပြီးတော့ စွပ်စွဲခံထားရတာတွေလည်း ရှိတယ်။ အခုဆိုရင် ရွာတွေမှာ မီးရှို့တာတွေပေါ့လေ။ ဒီလို အဲဒီလို တပ်မတော်က ကျုးလွန်နေတဲ့ အဲဒီလိုဟာတွေကို စွပ်စွဲခံထားရတာတွေနဲ့ ပတ်သက်ပြီးတော့ တပ်ရင်းမှူးတစ်ယောက်အနေနဲ့ ဒါတွေကို နောက်တချိန်မှာ တရားဥပဒေနဲ့ ရင်ဆိုင်ရမှာတွေ ဘာတွေ ဖြစ်လာမယ်ပေါ့နော်။ အခုလည်း ရခိုင်မှာဆိုရင်လည်း (၂၀၁၇) တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေအတွက် တပ်မတော်ကို လူမျိုးတုန်း သတ်ဖြတ်မှုတွေထိ စွပ်စွဲထားတာတွေလည်း ကြားရမှာပေါ့။ ဆိုတော့ နိုင်ငံတကာက အဲဒီလိုမျိုး ဝေဖန် စွပ်စွဲထားတဲ့အပေါ်မှာ တပ်မတော်ရဲ့ အဲဒီလိုမျိုး ပြစ်မှုကျုးလွန်ထားတာကို အဲ့လိုမျိုး အရေးမယူခဲ့တဲ့အတွက် ဒါတွေ ပိုပြီးဆိုးလာတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို မြင်ပါလဲရှင့်။
ဖြေ ။ ။ အဲဒါကတော့ ကျနော် သိသလောက်ကတော့ သူက စစ်မြေပြင်မှာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းတဲ့ ဒေသမှာပဲဖြစ်ဖြစ် စစ်ရာဇဝတ်မှု ကျူးလွန်ရင် အထက်ဌာနက သိရင်တော့ အရေးယူတယ်။ တာဝန်ခံအရာရှိက တာဝန်ခံကို အရေးယူတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ဖြစ်စဥ်ဆိုလည်း တကယ်တမ်း ကျူးလွန်ခဲ့တဲ့သူတွေဆိုရင် ဖော်ထုတ်ပြီးတော့ အရေးယူတယ်။ ကျနော်တို့လည်း အရာရှိတွေကို သင်ထားပြီးသား၊ နိုင်ငံတကာ စစ်မြေပြင် စည်းကမ်းအတိုင်းပဲ ကျနော်တို့တွေကို သင်ပေးလိုက်တာ။ တချို့တွေ စစ်သည်တွေကြတော့ မသိတာ ရှိတယ်။ တချို့တွေကတော့ ဒေါသအလျောက် ကျူးလွန်တာတွေ ရှိတယ်။ ဒါပေမဲ့ တချိန်မှာ ဖော်ထုတ်လို့ သိသွားတယ်ဆိုရင်တော့ စစ်ဥပဒေ စည်းကမ်းအရ ထောင်ဒဏ်ပြစ်ပေးခံရတယ်။ အဲဒီလိုတော့ လုပ်လို့တော့ မရဘူး။ ကျနော်တို့လည်း ဒီမှာ ဒီကမေးသလိုပေါ့နော်။ ကျနော်တို့လည်း တချိန်မှာ ကျနော်တို့ ပြည်သူလူထုကို မသတ်ခဲ့ဘူး။ ကျနော်တို့ ရွာတွေ ကျောင်းတွေကိုလည်း မီးမရှို့ခဲ့ဘူး။ အဲဒီအတွက် ကျနော်ကတော့ ဘာမှမဖြစ်ဘူး။ တချို့တွေ ကျုးလွန်းခဲ့တဲ့သူတွေ မရှိဘူးလားဆိုရင် ရှိတယ်။ အဲဒီလို ကျုးလွန်ခဲ့တဲ့သူတွေ တကယ်တမ်း ရှိတယ်ဆိုရင် စုံစမ်းစစ်ဆေးခုံရုံး အဖွဲ့တွေနဲ့ စုံစမ်းစစ်ဆေးလို့ ပေါ်ပေါက်တယ်ဆိုရင် အမိန့်ပေးတဲ့ Commander ကတော့ အရေးယူခံရမှာပဲ။ ထောင်ဒဏ်တော့ ပြစ်ပေးခံရမှာပဲ။ ဒီအတိုင်းတော့ မထားဘူး။
မအင်ကြင်းနိုင် ။ ။ ဒါကတော့ တပ်ရင်းမှူးရဲ့ ရပ်တည်ချက်။ လက်ရှိမှာတော့ အဲဒီလို မလုပ်ခဲ့လို့၊ ပြစ်မှုကျူးလွန်သူကို အရေးမယူခဲ့တဲ့အတွက် ဒီလောက်အထိ အခြေအနေ၊ လူထုအပေါ်မှာ တော်တော်လေးကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေတာ စစ်ရေးအမြင်ကကြည့်ရင် အဲဒီလို တိုက်ခိုက်သင့်တယ်လို့ မြင်ပါသလား။
ဖြေ ။ ။ ပြည်တွင်းစစ်မှာတော့ လေယာဉ်သုံးတာ မသင့်တော်ဘူးပေါ့။ လေယာဉ်ကတော့ အပေါ်ကပဲ အမိန့်ပေးတာ။ ပြောရရင်တော့ ပိုင်လော့မှာလည်း တာဝန် မရှိဘူး။ လေယာဉ်မောင်းတဲ့ လေယာဉ်မှူးဆီမှာ တာဝန်မရှိဘူး။ အမိန့်ပေးတဲ့လူဆီမှာပဲ တာဝန်ရှိတယ်။ အမိန့်ပေးတဲ့လူက ဒီနေရာကိုပစ်လိုက်ဆို - လေယာဉ်မှူးက အဲဒီနေရာမှာ ရန်သူရှိလား၊ အရပ်သားရှိလားဆိုတာကို ကောင်ကင်ပေါ်ကနေ မမြင်ရဘူး။ သူက ပစ်ချလိုက်တာပဲ။ ဒါပေမဲ့ တကယ်တမ်း ကျူးလွန်တာကတော့ အမိန့်ပေးတဲ့လူဆီမှာ တာဝန်ရှိတယ်။ လေယာဉ်မှူးက မြေပြင်ကို မမြင်ရဘူး။ ကောင်ကင်ပေါ်ကနေ အရှိန်နဲ့ ပျံတဲ့အတွက် ဒီနေရာကို ပစ်ဆိုတဲ့ မြေပုံညွှန်းပေးလိုက်တဲ့အတွက် သူက ပစ်ချသွားတာ။ အဲဒီအတွက် အမိန့်ပေးတဲ့လူဆီမှာပဲ တာဝန်ရှိတယ်။ တကယ်တမ်း ဖြစ်ရင်တော့။
မေး ။ ။ စောစောကတော့ ပြောသွားတယ်။ နောက်တချိန်မှာတော့ ပြည်သူတရပ်အနေနဲ့ ပြည်သူတဦးအနေနဲ့ပဲ ရပ်တည်မယ်ဆိုတော့ ကိုယ့်တိုင်းပြည်အတွက် မျှော်လင့်ချက် - အခု ပြည်တွင်းစစ်လည်း ဖြစ်နေတယ်။ တော်လှန်ရေးကလည်း တိုက်ပွဲတွေက ဆက်ရှိနေတုန်းဆိုတော့။ တပ်ရင်းမှူးရဲ့ မျှော်လင့်ချက်က ဘာရှိလဲ။
ဖြေ ။ ။ မျှော်လင့်ချက်ကတော့ တော်လှန်ရေးကာလကြီး ပြီးဆုံးသွားပြီဆိုရင်တော့ ပြည်သူလူထု တောင်းဆိုနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ။ ပြီးရင် ကျနော်တို့ စစ်သုံ့ပန်းတွေ ရှိမယ်။ စစ်ရှောင်ဒုက္ခသည်တွေလည်း ရှိတယ်။ ပြည်သူလူထုတွေအားလုံး ကိုယ့်မိသားစုတွေ စည်းစည်းလုံးလုံးနဲ့ ပြန်နေပြီးတော့ ကျနော်တို့တွေလည်း တခန်းတကဏ္ဍ၊ သာမန်ပြည်သူလူထုတဦးအနေနဲ့ နေသွားမယ်။ မြန်မာနိုင်ငံကြီးကို ကျနော်တတ်တဲ့ပညာနဲ့ ကျနော် ဘာလုပ်ပေးလို့ ရမလဲ။ ကျနော် ကူညီသွားပါမယ်။ ဒီလိုဟာမျိုး စစ်ပွဲကြီးတွေ ဖြစ်သွားတဲ့အတွက် ကျနော်တို့မှာလည်း တာဝန်မကင်းဘူး။ အဲဒီအတွက် ပြန်ပေးဆပ်ရမှာပါ။
မအင်ကြင်းနိုင် ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။