မန္တလေးရွှေကျောင်း ရှေးမူမပျက် ထိန်းသိမ်းရေး

မန္တလေးရွှေကျောင်း

Your browser doesn’t support HTML5

မန္တလေးရွှေကျောင်း ရှေးမူမပျက် ထိန်းသိမ်းရေး

မန္တလေးမြို့က နှစ် (၁၄၀) ကျော် သက်တမ်းရှိ ရွှေနန်းတော်ကျောင်းကြီးကို ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းဖို့ ကမ္ဘာ့အထိမ်းအမှတ် ရန်ပုံငွေအဖွဲ့က ပံ့ပိုးသလို အမေရိကန်သံရုံးကလည်း ရန်ပုံငွေ ထောက်ပံ့ပါတယ်။ ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေးကို ဘယ်လို လုပ်ဆောင်နေကြပါလဲ။ ဒေါ်ခင်စိုးဝင်းနဲ့ အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးထားပါတယ်။

မေး ။ ။ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းတပါးဖြစ်တဲ့ ဘုရင်သီပေါမင်းဟာ ဖခမည်းတော် မင်းတုန်းမင်းတရားကြီးကို ရည်းစူးပြီးတော့ ၁၈၇၈ ခုနှစ်မှာ ရွှေကျောင်း (ခေါ်) ရွှေနန်းတော်ကျောင်းကြီးကို ဆောက်လုပ်လှုဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီရွှေကျောင်းတော်ကြီးဟာဆိုရင် နှစ်ပေါင်း (၁၄၀) ကျော် ကြာခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့် အင်မတန်မှ ဆွေးမြေ့ပြီးတော့ ဟောင်းနွမ်းနေပါပြီ။ ဒီဆွေးမြေ့ဟောင်းနွမ်းနေတဲ့ ရွှေကျောင်းတော်ကြီးကို မြန်မာ့လက်ရာမူတွေ မပျက်အောင်၊ အနုပညာလက်ရာတွေလည်း မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ လုပ်ငန်းတွေကို စတင်နေပါပြီ။

ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စိတ်ရှည်လက်ရှည် လိုက်လံရှင်းပြသူကတော့ ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေးရုံး စီမံကွပ်ကဲသူလည်းဖြစ်၊ စီမံကိန်းအင်ဂျင်နီယာလည်းဖြစ်တဲ့ မသန္တာဖြိုးပါ။

ဖြေ ။ ။ အမေရိကန်အစိုးရနဲ့ မြန်မာနိုင်ငံအစိုးရကြားမှာ နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး စီမံကိန်းတခု ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ စတင်ပြီးတော့ အမေရိကန်သံအမတ်ကြီးများ၏ ယဉ်ကျေးမှုထိန်းသိမ်းရန်ပုံငွေ (Ambassadors Fund for Cultural Preservation) ကနေ ရန်ပုံငွေ ရရှိပြီးတော့ ကမ္ဘာ့အမွေးအနစ် အဆောက်အအုံများ ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (World Monuments Fund) ကနေ တာဝန်ယူပြီးတော့ ပြုပြင်ထိန်းသိမ်းပါတယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် မန္တလေးတိုင်းဒေသကြီး အစိုးရ၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် ဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

မေး ။ ။ ဒီ စီမံကိန်းကို ဘယ်တုန်းက စတင်ပြီးဆောင်ရွက်ခဲ့ပါလဲ။

ဖြေ ။ ။ ဒီ စီမံကိန်းကို ၂၀၁၄ ခုနှစ်က စတင်ပြီးဆောင်ရွက်ခဲ့ပါတယ်။

မေး ။ ။ မန္တလေးမြို့ ပန်းပုပညာရှင်ကြီး ဦးကံချွန်ကတော့ ရွှေကျောင်းကြီး ထိန်းသိမ်းပြုပြင်တဲ့နေရာမှာ ကျွန်းသားပန်းပုလက်ရာတွေကို ရှေးမူမပျက် ထိန်းသိမ်းနေတာတွေနဲ့ ပတ်သက်လို့ အခုလို ပြောကြားခဲ့ပါတယ်။

ဖြေ ။ ။ ရှေးဆရာကြီးတွေ လုပ်သွားတဲ့ လက်ရာတွေ။ ပျေုာက်သွားတဲ့ဟာတွေ၊ ပျက်သွားတဲ့ဟာတွေကို သူတို့ WMF ပေးတဲ့ ဓါတ်ပုံတွေထဲက နမူနာတွေကို ပြန်ကူးယူတယ်။ တိုင်းပင်ကြတယ်။ ဆွေးနွေးကြပြီးမှ လိုအပ်တဲ့နေရာတွေမှာ ပြန်ထည့်လုပ်ကြတယ်။

မေး ။ ။ ဒီလုပ်ငန်း လုပ်တဲ့နေရာမှာ ရှေးမူမပျက်အောင် ထိန်းသိမ်းဖို့ကလည်း အရေးကြီးတယ်။ ဆရာကြီးအနေနဲ့ အဲဒီလို ရှေးမူမပျက် ထိန်းသိမ်းတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ရှိလဲ။ အခုဟာက ခေတ်မီနည်းပညာတွေနဲ့ နိုင်ငံခြားကလာပြီးတော့ အကူအညီပေးတဲ့အခါမှာ ကိုယ်မှာရှိနေတဲ့ ရှေးရိုးအနုပညာနဲ့ အဲဒီနှစ်ခု သဟဇာတ ဖြစ်ရဲ့လား။

ဖြေ ။ ။ ဖြစ်ပါတယ်။ အခက်အခဲမရှိပါဘူး။ ကိုယ့်နည်းပညာနဲ့ သူတို့ အကြံဉာဏ်ပေးတာနဲ့ ပူးပေါင်းလို့ ရပါတယ်။

မေး ။ ။ ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေး စီမံကိန်းရဲ့ ကြီးကြပ်ရေးမှူး ဦးဝင်းသက်ကတော့ ကိုယ်တိုင်ကိုယ်ကျ စနစ်တကျ ပြုပြင်ထိန်းသိမ်းရတာကို ဂုဏ်ယူပါတယ်လို့ ပြောပါတယ်။

ဖြေ ။ ။ ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့သွားလေ့လာခဲ့တဲ့ ကမ္ဘောဒီးယား အင်ဂျင်နီယားက ကျနော်နဲ့တွဲလုပ်တယ်။ Angkor Wat ကိုလည်း သွားခဲ့တယ်။ ထိုင်းကိုလည်းသွားရတယ်။ အဲဒီက ပညာရှင်က ဒီကိုလာတယ်။ ကျနော်တို့ကလည်း အဲဒီကိုပြန်သွားနဲ့ အဲဒီက အတွေ့အကြုံနဲ့ ကိုယ့်ရွှေကျောင်းနဲ့ ဒီမှာရှိတဲ့အရာတွေကို ပြန်လုပ်ခွင့် ရခဲ့တယ်။ အဲဒီအတွက်က ဒီကအတွေ့အကြုံနဲ့ ဟိုကအတွေ့အကြုံ နည်းနည်းလေးကွာတယ်။

မေး ။ ။ နိုင်ငံခြားသားပညာရှင်တွေရဲ့ ကျွမ်းကျင်မှု အကူအညီနဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့လဲ အခုလို ပြောပြပါတယ်။

ဖြေ ။ ။ သူတို့နဲ့ လုပ်ရတာတော့ ပညာတွေ အများကြီးရပါတယ်။ အခက်အခဲကတော့ တော်တော်များများ ရှိပါတယ်။ ကျနော်တို့က အသစ်လုပ်ရတာ မဟုတ်ဘူး၊ အဟောင်းလုပ်ရတာဆိုတော့ ကိုယ်လုပ်လိုက်လို့ ရှေးဟောင်းမူလက်ရာ ပျက်သွားမလား - နံပတ်တစ် စိုးရိမ်စိတ်က။ ကျနော်တို့ စလုပ်တဲ့ဟာက မူရင်းနဲ့ တူပြီး တစ်ရာ ရာခိုင်နှုန်းပြည့်ပြီး လိုချင်တာ၊ အဲဒီလို မူရင်းအတိုင်းရချင်တော့ ကျနော်တို့ဘက်ပိုင်းတွေက စည်းကမ်းရှိဖို့နဲ့ စည်းကမ်းရှိရှိနဲ့ သူတို့လိုချင်ပုံစံကို ကျနော်တို့ရအောင် လုပ်သွားပါမယ်။

မေး ။ ။ ရှေးဟောင်းအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းရတာ စိတ်ရှည်ရသလို၊ အန္တာရယ်ကင်းကင်းနဲ့ စိတ်ချဖို့လည်း လိုတယ်လို့ ဆိုပါတယ်။

ဖြေ ။။ ။ အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတာ နည်းနည်းတော့ အချိန်တော့ လိုအပ်လိမ့်မယ်။ ကျနော်တို့အထင်၊ ပညာရှင်တွေကလည်း အလောတကြီး မလုပ်ကြဘူး။ ဖြည်းဖြည်းချင်းနဲ့ နည်းနည်းချင်း ချဉ်းကပ်တာ။ အဲဒီလို ချဉ်းကပ်လို့ ဒီလှေကား တစ်စီး၊ နှစ်စီဆိုရင် အခုဆိုရင် ဒီအတွက် ပြင်ဆင်နေတယ်။ ဒီထက်ပြင်ဆင်မယ်ဆိုရင်လဲ သူတို့ဟာက ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့မရဘူး။ ဟိုတနေ့က … ကို သွာတယ်။ ဒီဘက်မှာ tour guard တွေနဲ့ ညှိနှိုင်းကြတယ်။ ရှေ လဆိုရင် Tour season ရာသီလာပြီ၊ နိုင်ငံခြားသားတွေ ရောက်လာရင် ကျနော်တို့က ဟိုလှေကားကို ဖွင့်ပေးရမယ်။ ဖွင့်ပြီးပြီ ဒီလှေကားကို ပိတ်မှာဆိုတော့ ကျနော်တို့ ပြုပြင်နေတဲ့အချိန်မှာ အန္တရာယ်ဆိုတာလဲ ပြောလို့မရဘူး။ အဲဒီအတွက်ကြောင့် ကျနော်တို့က Safety ဖြစ်ဖို့ ပြင်ဆင်ရတယ်။ ရှေ့လဆိုရင် နိုင်ငံခြားသားတွေ ရောက်လာကြမှာ။

မေး ။ ။ ရှေးဟောင်းပစ္စည်းတွေကို ခေတ်မီနည်းပညာနဲ့ ပြုပြင်ထိန်းသိမ်းရတဲ့အတွက် ရေရှည်ခံမယ့်အကျိုးအတွက်လည်း အားရကျေနပ်မိတယ်လို့ ဆိုပါတယ်။

ဖြေ ။ ။ ကျနော်တို့တိုင်းတတိုင်းအတွက် အချိန်ပေါ့။ တချို့က မပြီသေးဘူးလားလို့ မေးကြတယ်။ သူတို့လုပ်ထားတဲ့ဟာက ကျနော်တို့အထင် ကိုယ်က ဒီကဝန်ထမ်းတော့ မဟုတ်ဘူး။ သူတို့လုပ်ထားတဲ့အမြင်နဲ့ဆို နောက်နှစ်ပေါင်းရာကျော်အထိ ခံနိုင်တယ်။

ဖြေ ။ ။ ဒီဝရန်တာကို (၁၉) ရာစုနှောင်းပိုင်း လက်သမားအတတ်ပညာအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းထားပြီး၊ ဒီဝရန်တာနဲ့ ဆက်စပ်နေတဲ့ အမွမ်းအမံတွေ ဒါတွေကို ဒေသခံတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေရဲ့ အင်အားနဲ့ ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့တယ်။ ပြီးတော့ ပျက်စီးပျောက်ဆုံးသွားတဲ့ ပန်းပုလက်ရာတွေ ဒါတွေကို ပြန်လည်အစားထိုးလုပ်ငန်းနဲ့ ဝရန်တာနဲ့ ထိဆက်နေတဲ့ အုတ်လှေကားတွေ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

မေး ။ ။ ဒီအရုပ်လေးတွေက အင်မတန်မှ လက်ရာလည်းမြောက်တယ်။ တကယ့်ကို ရှေးဟောင်းပစ္စည်းတွေ - ဒီလိုမျိုးဟာတွေ မပျောက်ပျက်သွားအောင် သမီးတို့ ဘယ်လိုများ ထိန်းသိမ်းသလဲ။

ဖြေ ။ ။ အခုဆိုရင် Project ရဲ့ တစိတ်တပိုင်းအနေနဲ့ Documentation ဆိုတဲ့ မှတ်တမ်းမှတ်ရာ ပြုစုခြင်း လုပ်ငန်းတွေ လုပ်ကိုင်ရတယ်။ သမီးတို့ ပြုပြင်တဲ့လုပ်ငန်းတွေ မစတင်ခင်မှာ ရွှေကျောင်းကြီးမှာရှိတဲ့ နံရံပေါ် အမွမ်းအမံတွေကို ဓါတ်ပုံမှတ်တမ်းတင်ပြီး၊ Lasar Scanning တွေ၊ AudoCAD drawing တွေနဲ့ မှတ်တမ်းတင်ပြီးတော့ သိမ်းဆည်းထားပါတယ်ရှင့်။

မေး ။ ။ ဆိုတော့ တခုပျောက်သွားရင် သိသာတာပေါ့။

ဖြေ ။ ။ မှတ်တမ်းတွေ အားလုံးရှိတဲ့အတွက် ပျောက်ဆုံးသွားခဲ့ရင် သိပါတယ်ရှင့်။

မေး ။ ။ အတုနဲ့အစစ် ဘယ်လိုခွဲမလဲ။ တကယ်လို့ သူတို့က အစစ်ကိုဖြုတ်ပြီး အတုကို ပြန်တပ်ထားတယ် ဆိုပါစို့။

ဖြေ ။ ။ တကယ့်မူရင်းလက်ရာမှာ သစ်ဆေးသရိုးကိုင်ထားတဲ့အတွက် ဒီမှာဟင်္သားပြဒါးတွေပါတယ်။ ပြီးတော့ ရွှေပိန်းချထားတဲ့ လက်ရာတွေကို မြင်ရပါတယ်။ နောက်ပိုင်းအစားထိုးတဲ့ ရုပ်ထုမှာဆိုရင်တော့ ဟင်္သားပြဒါးလည်း မတွေ့ရတော့ဘူး။ ရွှေပိန်းချလက်ရာလည်း မတွေ့ရတော့ပါဘူး။

မေး ။ ။ အန်တီက စိုးရိမ်တာက မသမာသူတွေ၊ ရှေးဟောင်းပစ္စည်း ရောင်းဝယ်တဲ့လူတွေ ဒီကိုလာပြီးတော့ မခိုးယူအောင် လုံခြုံရေးအပိုင်းအနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်ထားတာ ရှိပါလဲ။

ဖြေ ။ ။ ဒီထိန်းသိမ်းရေးအပိုင်းနဲ့ ဆိုရင်တော့ သမီးတို့ World Monuments Fund က တာဝန်ရှိတယ်။ Site Management နဲ့ ပတ်သက်လို့တော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်မှုအပိုင်းမှာ ဒီစီမံခန့်ခွဲမှုက တာဝန်ရှိပါတယ်။

မေး ။ ။ အတွင်းပိုင်းကြတော့ အပြင်ပိုင်းလောက် မိုးဒဏ်လေဒဏ် သိပ်မခံရတော့ သိပ်မပျက်စီးဘူး။ အတွင်းပိုင်း ပြုပြင်ထိန်းသိမ်းရေးကော လုပ်ဖို့ရှိပါသလား။

ဖြေ ။ ။ အဲဒါကတော့ Funding ရတဲ့ပေါ်မှာလည်း မူတည်တယ်။ အဲဒါအပြင် ရွှေကျောင်းကြီးမှာ လက်တလော ကြုံတွေ့နေရတဲ့ အကြီးဆုံးပြဿနာက အပြင်ဘက်တွေ ရာသီဥတုနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အပိုင်းတွေဆိုတော့ အပြင်ဘက်တွေကိုပဲ ဦးစားပေးပြီးတော့ လုပ်ဆောင်ပြီး ဆောင်ရွက်နေပါတယ်။ မင်းတုန်းမင်းကြီး နတ်ရွာစံသွားတဲ့အခါမှာ သားတော်သီပေါမင်းက ဖခင်အတွက် ရည်းစူးပြီးတော့ အလှုတခု ပြုလုပ်ချင်တယ်ဆိုပြီး မင်းတုန်းမင်း နေသွားခဲ့တဲ့ အဆောင်ကြီးကို ရွှေ့ပြီးတော့ လက်ရှိနေရာမှာ ဘုန်းကြီးကျောင်းအဖြစ် လှုဒါန်းခဲ့တာပါ။

ဝရန်တာကို ပြုပြင်ပြီးတဲ့နောက်မှာ သန့်စင်ပြီးထားတဲ့ လက်ရံပန်းပြားတွေ၊ အမွမ်းအမံတွေကို ပြန်လည်တပ်ဆင်တယ်။ ပြီးနောက် ပျက်ဆီးပျောက်ဆုံးသွားတဲ့ ပန်းပုတွေကို ပြန်လည်အစားထိုးတယ်။ ဒါဆိုရင် ဝရန်တာက အပြည့်အစုံ ကုန်းဘောင်ခေတ်ဟန်အတိုင်း မြင်ရတာ ဖြစ်ပါတယ်။

ဒါကတော့ ဝရန်တာ မပြုပြင်ခင်မှာ တွေ့ရတဲ့ အခြေအနေ ဖြစ်တယ်။ ဒီမှာဆိုရင် တိုင်လုံးတွေက ဆွေးမြေ့နေပြီး - ဒါဆို ကုန်းဘောင်ခေတ် ရိုးရာက ဆောက်လုပ်ခဲ့တဲ့ မြေစိုက်စနစ် မဟုတ်တော့ဘဲ၊ ကွန်ကရစ်ခုံပေါ်မှာ တင်ထားတယ်။ ပြီးတော့ တိုင်တွေက အရမ်းကို တိုသွားတယ်။ ပြီးတဲ့အခါမှာ ကြမ်းပြင်တွေ ခင်းတဲ့အခါမှာလည်း ကုန်းဘောင်ခေတ်ကလို ယက်မလျှိုစနစ်ကို မဆောက်တော့ဘဲ တိုင်တွေမှာ နားဖားတုံးတပ်ပြီးတော့ ယက်မကို တင်ထားလိုက်တယ်။

အခု ရွှေနန်းတော်ကျောင်းမှာ အဓိက ပြုုပြင်ထိန်းသိမ်းနေတဲ့ အပိုင်းလေးပိုင်းကတော့ ဝရန်တာကို ကုန်းဘောင်ခေတ် လက်သမားအတတ်ပညာအတိုင်း ထုတ်စွပ်ယက်မလျှိုနည်းနဲ့ ဆောက်လုပ်နေတာတွေ။ ပြီးနောက် ဝရန်တာမှာ ဆက်စပ်နေတဲ့ အမွမ်းပန်းတွေ နရားရုပ်တွေကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ၊ ပျက်ဆီးပြီး ပျောက်ဆုံးသွားတဲ့ ပန်းပုအစိတ်အပိုင်းတွေ ပြန်ပြီးအစားထိုးတဲ့ လုပ်ငန်းတွေ နဲ့ ရွှေကျောင်းကြီးရဲ့ အနီးတဝိုက်မှာ ရေစီးရေလာ ကောင်းမွန်ဖို့အတွက် ရေမြာင်းစနစ်တွေကို ကောင်းမွန်အောင်ဆိုပြီး လုပ်နေတဲ့ စီမံကိန်း (၄) ခု ရှိပါတယ်။

မေး ။ ။ အဲဒါတွေက အသစ်တွေလား။

ဖြေ ။ ။ အသစ် - သမီးတို့ သန့်ရှင်းရေး လုပ်ပြီသွားတဲ့ အပိုင်းတွေ။ ဟိုဘက်မှာဆိုရင် သိသာတယ်။ ဟိုဘက်မှာဆိုရင် ရေနံချေးတွေနဲ့ ပိတ်နေတာ။ အခု ပြန်ပြုပြင်ပြီးတဲ့အခါမှာ သစ်ဆေးတွေ ပြန်ပေါ်လာတယ်။ သူ့ရဲ့ အစိတ်အပိုင်းလေးတွေ၊ ပန်းပုထုတဲ့ အပိုင်းလေးတွေကို အသေးစိတ် မြင်ရတယ်။

မေး ။ ။ ဒီဝရန်တာကြီးတွေကိုလုပ်တာ ဘယ်လောက်လောက်ကြာလဲ။

ဖြေ ။ ။ ဒီဝရန်တာ ပြင်ဖို့ကို ၂၀၁၆ အောက်တိုဘာလထဲက စပြီးတော့ အနောက်ဘက် ဝရန်တာကို ပြုပြင်ခဲ့တာ အခုဆိုရင် အရှေ့ဘက်အခြမ်းကို ရောက်လာခဲ့ပြီ။

မေး ။ ။ ဘယ်နှစ်ပိုင်း ပြီးသွားပြီလဲ။

ဖြေ ။ ။ အခုဆိုရင် နှစ်ခြမ်းပြီးသွားပြီ။ နောက်ထပ် နှစ်ခြမ်းကျန်ပါသေးတယ်။

သုံးသပ်တင်ပြချက် ။ ။ ဒီရွှေကျောင်းကြီးဟာ သရက်ကင်း အုတ်လှေကားကြီးငါးစင်း တပ်ထားတဲ့ ရတနာပုံခေတ် အမွမ်းပန်းတွေ တပ်ဆင်ထားပြီးတော့ အတွင်းအပြင်မှာလည်း ရွှေပိန်းတွေ ချထားခဲ့ပြီးတော့ ဒုတိယကမ္ဘာစစ်ဒဏ်ကနေ လွတ်မြောက်ခဲ့တဲ့ ရတနာပုံခေတ် အဆောက်အအုံကြီး ဖြစ်ပါတယ်။ ပဉ္စမသင်္ဂါရတနာတင်၊ ရတနာပုံမြို့ကို တည်ထောင်ခဲ့တဲ့ ဘဝရှင်မင်းတရားကြီးဟာ ၁၈၇၀ ခုနှစ်မှာ နတ်ရွာစံခဲ့ပါတယ်။ သူ့ရဲ့ ထီးနန်းကို ဆက်ခံခဲ့တဲ့ သားတော်သီပေါမင်းက မြနန်းစံကျော် ရွှေကျောင်းကြီးပေါ်မှာရှိတဲ့ မင်းတုန်းမင်းကြီး နတ်ရွာစံခဲ့တဲ့ နန်းဆောင်နဲ့ ဓနုဆောင်ကို သက္ကရာဇ် ၁၂၄၀ ပြည့်နှစ် သီတင်းကျွတ်လပြည့်ကျော် (၃) ရက်နေ့မှာ ဖြုတ်သိမ်းခဲ့ပြီးနောက် မဟာအတုလဝိဇရာ ရာမတိုက် မဟာရံတတိုင်းနှစ်ခုကြား အရှေ့တောင်ထောင့်မှာ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းရွှေ့တည်ဆောက်ခဲ့ရာမှာ သက္ကရာဇ် ၁၂၄၅ ခု၊ တန်ဆောင်မုန်းလဆန်း (၁) ရက်နေ့မှာ ပြီးစီးခဲ့ပြီနောက် ကုန်ကျငွေ အဲဒီခေတ်ကာလက ကျပ်တသိန်းနှစ်သောင်းခန့် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

ဒီရွှေနန်းတော်ကျောင်းကြီးကို ပြည်တွင်းပြည်ပက ကျွမ်းကျင်ပညာရှင်တွေနဲ့ ရှေ့မူမပျက် ထိန်းသိမ်းနိုင်သလို၊ တခြားမြန်မာပြည်တဝှမ်းမှာရှိတဲ့ ရှေးဟောင်းအမွေးအနစ်တွေကိုလည်း ရေရှည်ထိန်းသိမ်းနိုင်အောင် ပြည်သူတွေကြား အသိပညာတိုးအောင် ပညာပေးဖို့ လိုအပ်တာမို့ အထက်တန်းကျောင်းတွေမှာ ဗဟုသုတတိုးအောင် ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေး အဖွဲ့သားတွေက ဆောင်ရွက်နေကြကြောင်း သတင်းကောင်းပါလိုက်ပါတယ်ရှင်။