နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုအပေါ် လူထုက ပိုပြီး နားလည်လာသလို၊ မကြုံစဖူး ထောက်ခံမှု ပိုရလာတယ်လို့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှုး ခူး ဒယ်နီရယ်က ပြောပါတယ်။ ဒါကြောင့်လည်း အခုတကြိမ် တော်လှန်ရေးဟာ ပြီးပြတ်မယ့် နောက်ဆုံးပွဲ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း သူ့အမြင် ပြောပါတယ်။ ကရင်နီခေါင်းဆောင်တဦးဖြစ်သူ ခူး ဒယ်နီရယ်နဲ့ မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းမှု ဒုတိယပိုင်း ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ အခုဆိုရင် ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ စခဲ့တဲ့ဟာက ဒုတိယလှိုင်း ရောက်လာတဲ့အပိုင်းမှာ ရှမ်းမြောက်ကစခန်းတွေ အခုဆိုရင် ရမခ တိုင်းစစ်ဌာနချုပ်ကိုတောင် သိမ်းခဲ့တယ်ဆိုတော့ အဲဒီရှမ်းမြောက်မှာ ဖြစ်လာတဲ့ စစ်ရေးအရ အားသာမှုရှိတဲ့ တိုက်ခိုက်မှုအနေအထားတွေက ကရင်နီပြည်နယ်အပေါ် ဘယ်လိုရိုက်ခတ်မှု ရှိပါသလဲ။
ခူး ဒယ်နီရယ် ။ ။ မြောက်ပိုင်းစစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်း နှစ်လှိုင်းလုံးက ကျနော်တို့အပေါ် အကောင်းဘက်ရှိတယ်လို့ ပြောနိုင်တယ်။ ပထမစစ်ဆင်ရေး ပထမပိုင်းမှာ အဲဒီအချိန်တုန်းက ကျနော်တို့က ဒီမှာ အကြီးအကျယ် တိုက်နေတယ်။ မြို့ထဲပိုင်း ဘယ်နေရာမဆို ကရင်နီက တိုက်နေတယ်။ အဲဒီတုန်းက ကျနော်တို့ တိုက်နိုင်တဲ့ချိန်မှာ တပ်မ ၅၅၊ ၆၆ တို့ တော်တော်လေး ဝင်လာကြတယ်။ သို့သော် သူတို့ပတ်ဖြစ်နေတဲ့ တစ်လအတွင်းမှာပဲ တော်တော်များများ ပြန်ဆုတ်သွားကြတယ်။ ဒါကတော့ အကောင်းဘက်က ရိုက်ခတ်မှုပါပဲ။ ကျနော်တို့လည်း အဲဒီလိုဖြစ်တာကို မျှော်နေခဲ့တယ်။ ဥပမာ ကျနော်တို့ကြီးပဲ ဖိတိုက်နေတော့ တော်တော်လေး ခံလိုက်ရတယ်။ ပထမ ၁၀၂၇ မတိုင်ခင် အားလုံးလည်း သိနေကြတယ် - ကျနော်တို့ပြည်နယ်လည်း တော်တော်လေး ကြေမွသွားတယ်။ သူတို့စပြီးမှ လုပ်တော့လည်း ကျနော်တို့လည်း သက်သာတာပေါ့။ တော်တော်များများ တပ်မ ၅၅ ပြန်ထွက်တာ၊ နောက် စခစ ၂ ပြန်ထွက်တာ၊ တပ်မ ၆၆ တချို့လည်း ပြန်ထွက်တာ၊ - အပေါ်ပြန်တက်သွားတာကြောင့် တော်တော်လေး သက်သာတယ်။ တဆက်တည်းမှာပဲ ကျနော်တို့တွေလည်း တစ်လေးလုံး စသည်ဖြင့် ခေါင်းစဉ်တပ်ပြီးမှ တိုက်ပွဲဝင်နေကြတာ ရှိပါတယ်။
မေး ။ ။ ဒါပေမဲ့ အခုလက်ရှိ စစ်ကောင်စီဘက်မှာ လေကြောင်းတိုက်ခိုက်မှု အထူးသဖြင့် ကရင်နီပြည်နယ်မှာလည်း အတိုက်ခိုက်ခံရဆုံးလို့လည်းပါတယ်။ အဲဒီလို လေကြောင်းက တိုက်ခိုက်တာ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ဆိုလို့ရှိရင် တကယ်ပဲ ဆရာတို့အနေနဲ့ စစ်ကောင်စီကို အဲဒီလို ခေတ်မီလက်နက်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်းတွေ ရှိနေတဲ့ အနေအထားမှာ ဆရာတို့ဘက်က တကယ်ပဲ ပြန်လည်တိုက်ခိုက်နိုင်မယ်၊ သူတို့စခန်းတွေကို တကယ်ပဲ သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်ပါသလား။
ဖြေ ။ ။ ကျနော်တို့ဘက်မှာ လက်နက်ရှိသည် မရှိသည် အဓိက မဟုတ်ဘူး။ ကျနော်တို့ သူတို့ကို နိုင်အောင်တိုက်ဖို့ နည်းလမ်းမျိုးစုံနဲ့။ တကယ်တမ်း လေယာဉ်နဲ့ တိုက် ဘာညာကို ကျနော်တို့က ဘာမှပြန်မလုပ်နိုင်ဘူး။ လက်နက်အကြီးဆုံးဆိုလို့ ပွိုင့် 5၊ ပွိုင့် 8 တို့နဲ့ပဲ ပစ်ကြတာ။ ဘာပဲဖြစ်ဖြစ် သူတို့မှာလည်း လေတပ်ရှိတယ်၊ အပြည့်အစုံပါပဲ။ အခုအနေအထား ကြည့်ရရင် တပ်ကလည်း တော်တော်အားနည်းနေပြီ။ လေတပ်ကလည်း တော်တော်အားနည်းနေပါတယ်။ ကျနော်တို့ လက်နက်ကောင်း ရှိသည် မရှိသည်ဖြစ်စေ၊ ကျနော်တို့ကတော့ တိုက်ပွဲဝင်နေအုံးမှာ ဖြစ်တယ်။ တချိန်တည်းမှာပဲ လက်နက်ကောင်းရှိဖို့ နည်းပညာအရ ဖန်တီးမှုတွေလည်း အများကြီး။ ကြိုးစားနေပါတယ်။ ပြည်ပက အဖွဲ့အစည်းတွေ၊ ပြည်ပနိုင်ငံတွေက လာကူပါမယ်ဆိုတာမျိုးကို မျှော်လင့်ခဲ့တယ်။ သို့သော် ဒီအချိန်မှာတော့ သိပ်မျှော်လင့်မနေဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ရှိတာနဲ့ ပြန်တိုက်သွားမယ်။
မေး ။ ။ Burma Act လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုကနေ မြန်မာ့အရေးကို ထောက်ပံ့ကူညီဖို့ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် ဆိုလိုရှိရင် လက်နက်နဲ့ မပတ်သက်ဘဲနဲ့ အုပ်ချုပ်ရေးပိုင်း၊ အခြားထောက်ပံ့ရေးပိုင်းတွေမှာ ပံ့ပိုးကူညီဖို့ဆိုပြီး သီးသန့်ဘတ်ဂျက်ငွေတွေ ချထားတာတွေလည်း ရှိတဲ့အခါကြတော့ အဲဒီ အမေရိကန်နိုင်ငံကနေ ချမှတ်ထားတဲ့ Burma Act က ဆရာတို့လို ကရင်နီဒေသမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဆရာတို့အဖွဲ့အစည်းတွေက အဲဒီအကူအညီတွေ ရမလား။ ဘယ်လိုအခြေအနေတွေ ရှိသလဲ။
ဖြေ ။ ။ ဒီ ဥပဒေ ထွက်လာတုန်းကလည်း တော်တော်လေး ဝမ်းသာခဲ့ပါတယ်။ အဲဒီလို ဝမ်းသာလို့ လိုက်ပြီးတော့ စပ်စုကြည့်ပါတယ်။ သို့သော် အခုန သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေ အကြောင်းအရလည်း အမှန်တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးတဲ့ အစီအစဉ်တော့ မရှိဘူး။ တချို့နည်းပညာအရတော့ ကျနော်တို့ ရနိုင်ပါတယ်။ နောက်တခုက ကျနော်တို့ကို လူထုတွေကိုသာ ကောင်းကောင်းမွန်မွန် ကြည့်ပေးနိုင်တယ်ဆို ကျနော်တို့ တအားဝမ်းသာပြီ။ ကျနော်တို့ အနေအထားအရ တဘက်မှာ တိုက်ရတယ်။ တဘက်မှာလည်း လူထုရဲ့ ယုံကြည်မှု၊ လူထုရဲ့ စားဝတ်နေရေး၊ ကိုယ့်ရဲ့စားဝတ်နေရေးတွေကို တချိန်လုံး စဉ်းစားနေရတော့ - နောက်ဆုံး ဆွေးနွေးပွဲတုန်းက ကျနော်တို့ လူထုကိုပဲ ကောင်းကောင်းမွန်မွန် ကြည့်ပေးဖို့။ ရေရှည်မှာ ထမင်းကောင်းကောင်း ကျွေးပေး၊ ပညာရေး၊ ကျန်းမာရေးသာ ကြည့်ပေးမယ်ဆို ကျနော်တို့ တော်တော်ဝမ်းသာပါပြီ။ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ၊ မိုင်းရှင်းကရိယာ၊ မိုင်းရှင်းတဲ့ပညာတို့ စသည်ဖြင့်။ ဥပမာ Data တွေ - ဒါတွေကတော့ ကျနော်တို့ List တွေ လုပ်ပြီးမှ NUG, K2C တို့ စသည်ဖြင့် ဝိုင်းဝန်းလုပ်ကြရမယ်။ လေယာဉ်ပစ်လက်နက်၊ လေကြောင်းရန်ကာကွယ်ဖို့တို့ကတော့ အထက်လူကြီးလို့ ပြောရမယ့် - ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတွေကတော့ ပြောဆိုဆွေးနွေးနေကြပါတယ်။
မေး ။ ။ နောက်တခုကတော့ ကရင်နီနဲ့ ကယား - အဲဒီလို အခေါ်အဝေါ်။ ဆရာတို့က သမိုင်းတလျှောက်လုံး ရပ်တည်ခဲ့တဲ့ ပါတီအဖွဲ့အစည်းလည်း ဆိုတဲ့အခါမှာ အရင်ကဆိုရင် တောက်လျှောက်သိထားကြတာ ဒါက ကယားပြည်နယ်။ အခုကြတော့ ကျမတို့ သတင်းမီဒီယာတွေကိုလည်း ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ ကရင်နီလို့ပဲ ခေါ်ဝေါ်ဖို့ဆိုတာ ဘာကြောင့်လဲရှင့်။
ဖြေ ။ ။ ကယားပြည်ဆိုတာက ၁၉၅၂ မှာ ပြောင်းသွားခဲ့တယ်။ အရင့်အရင်ကတော့ ကရင်နီပြည်၊ ကရင်အမျိုးသား စသည်ဖြင့် အဲဒီလိုမျိုးပဲ သုံးနှုန်းကြပါတယ်။ အဲဒါကြောင့် ကရင်နီအမျိုးသား၊ ကရင်နီပြည်တို့ဆိုတာ ပြည်ကတော့ တိုင်းပြည်ကို ပြောတာပါ။ ကရင်နီအမျိုးသားဆိုတာက အဲဒီအမျိုးသားအောက်မှာ ကယား၊ ကယန်းတို့နဲ့ ဒီထဲမှာရှိတဲ့ လူမျိုးစုတွေအားလုံး ပါဝင်နေပြီသာ ဖြစ်တယ်။ အဲဒါကို ဥပမာ လူမျိုးစုတွေ - ကယားဆိုရင် လူမျိုးစုတခု ဖြစ်တယ်။ ကယန်းဆိုလည်း လူမျိုးစုတစု ဖြစ်တယ်။ ကယောဆိုတာလည်း လူမျိုးစုတစု ဖြစ်တယ်။ အဲဒါတွေကိုပေါင်းမှ ကရင်နီအမျိုးသားဆိုတာ ဖြစ်လာတယ်။ ဒီပြည်နယ်ကလည်း ကရင်နီပြည်။ ဒါကတော့ ကျနော်တို့ မမွေးခင်၊ လွတ်လပ်ရေး မရခင်ကတည်းက ရှိထားပြီသား အသုံးအနှုန်း ဖြစ်ပါတယ်။
မေး ။ ။ ကယားပြည်လို့ ဦးနုအစိုးရလက်ထက် လွတ်လပ်ရေးရပြီး ခေတ်ကာလမှာရှိတဲ့ အစိုးရက ကယားပြည်နယ်လို့ ခေါ်ဝေါ်ဖို့ သတ်မှတ်တဲ့ပေါ်မှာ ဘာကြောင့် သူတို့ကပြောင်းပြီး သတ်မှတ်လိုက်တာလဲ။
ဖြေ ။ ။ ကျနော်တို့ ပြည်နယ်သူ ပြည်နယ်သားတချို့ကိုယ်က ကယားကို ပြောင်းချင်ကြတယ်။ အကြောင်းရှိပါတယ်။ ဦးနုလက်ထက်မှာ ဖက်ဒရယ် အခြေခံမူတွေ ရေးဆွဲတော့ ဟိုဘက်မှာ ကရင်ပြည်နယ်ဆိုတာ ရှိတယ်။ နောက် ကရင်နီပြည်နယ်ဆိုတာ ရှိတယ်။ ဒါပေမဲ့ တကယ်တမ်းပြောရင် ကျနော်တို့က အဲဒီခေတ်တုန်းက ဗမာပြည် အစိတ်အပိုင်း မဟုတ်ဘူး။ သို့သော် ပြည်နယ်ဖွဲ့စည်းတဲ့ အချိန်မှာ ကရင်ပြည်နယ်က မထူး၊ ပေါင်းလိုက်ကြမယ်ဆိုတဲ့ ကရင်ခေါင်းဆောင်တချို့ရဲ့ အယူအဆတွေ ရှိခဲ့တယ်။ အဲဒီလို ဂယက်ရိုက်မှုတွေ ဖြစ်တော့ ကျနော်တို့ ပြည်နယ်မှာရှိတဲ့ ပြည်နယ်ခေါင်းဆောင်တချို့ကလည်း ဒါဆိုရင် - အဲဒီတုန်းက ပါလီမန်ခေတ် အခြေခံ ဥပဒေ ပုဒ်မ ၁၈၀ လား မသိဘူး - အတိအကျတော့ မမှတ်မိတော့ဘူး။ အဲဒီပုဒ်မအရ ကရင်နီပြည်နယ်ဟာ ကရင်ပြည်ရဲ့ အထူးဒေသတခုလို့ အတိအလင်း ဖော်ပြထားတယ်။ အဲဒီအပေါ် ကရင်နီခေါင်းဆောင်တွေက ဒါဆိုရင် မဖြစ်ဘူး၊ ငါတို့ ကရင်နီ ဆိုတာကို မသုံးတော့ဘူး၊ ကယား ဆိုတာ ဖြစ်လာတယ်။
မေး ။ ။ အခု ဆရာကိုယ်တိုင်က အခုတော်လှန်ရေး တောက်လျှောက်သက်တမ်းအရ နှစ်ပေါင်း ဘယ်လောက်လောက် ဖြတ်သန်းခဲ့ပြီလဲရှင့်။
ဖြေ ။ ။ ကျနော်က ၈၅ ကတည်းက အဲဒီတုန်းကတော့ ကလေးလို့ ပြောလို့ရသေးတယ်။ အဲဒီအချိန်ကတည်းက တော်လှန်ရေးထဲ ဝင်လာတယ်။ အဲဒီတုန်းက တော်လှန်ရေးက ဘာရယ်လို့ မရှိသေးဘူး။ သို့သော် တော်လှန်ရေးထဲ ရောက်လာမှ သမိုင်းကတော့ သင်ရတယ်။ ပြည်တွင်းမှာတော့ ကျနော်တို့ ကရင်နီပြည်ရဲ့ သမိုင်းဖြစ်ရပ်မှန်ကို မသင်ရဘူးလေ။
မေး ။ ။ ဒီတကြိမ် နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ ဆရာရဲ့ မျှော်လင့်ချက်။ တောက်လျှောက် စစ်တပ်က နောက်ထပ်အာဏာသိမ်းလာခဲ့တဲ့ ဒီတကြိမ် နွေဦးတော်လှန်ရေးရဲ့ အားသာချက်၊ အားနည်းချက်တွေထဲမှာ ဆရာရဲ့ မျှော်လင့်ချက်က ဘာလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ ဒီတကြိမ် တော်လှန်ရေးကတော့ နောက်ဆုံးပဲ ဖြစ်ရမယ်။ အဲ့လိုမျိုးပဲ ခံယူထားတယ်။ မျှော်လည်းမျှော်လင့်ထားတယ်။ ဒီတစ်ပွဲ နောက်ဆုံးပွဲပဲပေါ့။ ဒီစစ်အာဏာရှင်ကလည်း ရှေ့ဆက်စရာ မရှိရတော့ဘူးဆိုတာ ကျနော်တို့က ယုံကြည်တယ်။ ဘာဖြစ်လဲဆိုရင် ကျနော်တို့ တိုင်းရင်းသားအားလုံးအပါအဝင် မြန်မာလူမျိုးစုတွေ ကိုယ်နှိုက်က တော်လှန်နေပြီ။ ဒါက အရေအတွက်။ ကျနော်ပြောသလို ကျနော်တို့ တိုင်းရင်းသားတွေ လက်နက် ဘာကြောင့်ကိုင်လဲဆိုတာ လူတိုင်းက မသိဘူး။ ကျနော်တို့အမျိုးကိုယ်တိုင်ပင် မသိကြဘူး။ အထူးသဖြင့် ဝါဒဖြန့်ချီရေးကလည်း ကောင်းတယ်။ ဒီတိုင်းရင်းသား လက်နက်ကိုင်ဆိုရင် အဖျက်သမားသောင်းကျန်းသူစသဖြင့် ဝါဒဖြန့်ချီရေးရှိနေလို့ သူတို့စိတ်ထဲမှာ လက်နက်ကိုင်တဲ့သူတိုင်းက အဖျက်သမား သောင်းကျန်းသူလို့ပဲ မြင်ကြတယ်။ ဒါက တခြားတိုင်းဒေသနဲ့ချီပြီး မပြောဘူး။ ကျနော်တို့လည်း ဒီမောဆိုကလူ၊ ရွာကလူကလည်း ဒီတိုင်းပဲ မြင်တယ်။ သို့သော် ကျနော်တို့ ဒီနေ့ နောက်ဆုံး အာဏာသိမ်းမှုမှာက လူထုရဲ့ ၂၅/၈၀ နှုန်းက အာဏာရှင်ကို တော်လှန်နေကြတာ ဖြစ်တယ်။ ဆန့်ကျင်ကြတာ ဖြစ်တယ်။ ဆိုတော့ ဒါက အာသာချက်တွေပေါ့နော်။ နောက် ပြီးခဲ့တဲ့ ကျနော်တို့ခေတ် တော်လှန်ရေးကာလ နောက် ၈၈ အရေးအခင်း၊ နောက်ဆုံးအရေးခင်းက လူငယ်တွေကလည်း မတူကြဘူး။ လူထုတွေကလည်း နားလည်ကုန်ပြီ။ ဆိုတော့ ဒီပွဲက အောင်ကိုအောင်ရမယ်ဆိုတာ ယုံကြည်ပြီသားပါ။
၈၈ အရေးခင်တုန်းက ကျနော် ၅ နှစ်လောက် လုပ်လာခဲ့ပြီးပြီ။ အဲဒီ ကျောင်းသားတွေ ထွက်လာတော့ တော်တော်တော့အားရှိတယ်။ နောက်တော်တော်လေး တက်ကြွတယ်။ အဲ့ဒီတုန်းကလည်း ငယ်သေးတယ် အသက် (၂၀) လောက်ပဲ ရှိသေးတယ်ဆိုတော့။ တော်တော်လေး ဝမ်းသာခဲ့တယ်။ သို့သော် နောက်ကွယ်ကနေ ပံ့ပိုးမှု့က မလိုက်လာဘူး။ လူထုရဲ့ ထောက်ခံမှု၊ လူထုရဲ့ ပံ့ပိုးမှု့က မလိုက်လာတော့ ကျနော်တို့ စာမတတ်ပေမတတ်တဲ့ လူတွေပဲ ပြန်ကျန်ခဲ့တယ်။ အဲ့ဒါကြောင့် ဒီနေ့က စာတတ်တတ် မတတ်တတ် မိဘပြည်သူအားလုံးက တော်တော် ထိထိရောက်ရောက် ပံ့ပိုးတာ ဖြစ်တယ်။ ပါဝင်နေတာ ဖြစ်တယ်။ အားလည်း ရှိတယ်။ ပွဲလည်းပြီးရမယ်။ ဒီအချိန်မှာ ကရင်ပါ ကယားပါ၊ ဗမာပါလို့လည်း မပြောကြဘူး။ အားလုံးတယောက်နဲ့တယောက် နားလည်ပြီးတော့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း ဒီလိုပဲ လူမျိုးစုအားလုံး ဗမာပြည်သူတရပ်လုံးက အပြန်အလှန် နားလည်မှုနဲ့ စုစည်းမှုကို တည်ဆောက်ပြီး၊ ဒီထက်ကောင်းမွန်တဲ့ တည်ဆောက်မှုရှိတော့ မအောင်ပဲ မရှိဘူးပေါ့လေ။ မြန်မြန်ပြီးဖို့လည်း လိုတယ်။ အဲ့ဒါမှ ကျနော်တို့လည်း နားရမယ်။
မအင်ကြင်းနိုင် ။ ။ အခုလို အချိန်ပေးပြီးတော့ ကျမတို့ မေးတဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ဆရာခူးဒယ်နီရယ်, ကို ကျေးဇူးတင်ပါတယ်ရှင့်။