မြန်မာ စစ်ကောင်စီလက်ထဲ လက်နက်တွေ ရောက်ရှိနေတဲ့နေရာမှာ ထိုင်းဘဏ်တွေ ပါ၀င်ပတ်သက်နေတာကို ရက်ပေါင်း ၃၀ အတွင်း စုံစမ်းစစ်ဆေးသွားမယ်ဆိုတဲ့ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီက ကတိက၀တ်ပြုခဲ့တဲ့အပေါ် ကုလအထူးကိုယ်စားလှယ် Tom Andrews က ကြိုဆိုလိုက်ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့က ထိုင်းလွှတ်တော်မှာ လုပ်ခဲ့တဲ့ ကြားနာ ပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူး ကိုယ်စား လှယ် Tom Andrews ကို မအင်ကြင်းနိုင်က ဘန်ကောက်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ အခုဆိုရင် ကျမတို့ဟာ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew နဲ့ တွေ့ဆုံမေးမြန်းမှာ ဖြစ်ပါတယ်။ သူဟာ ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ သူ့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ ကြားနာပွဲကို လာပြီးတော့ တက်ရောက်တာ ဖြစ်ပါတယ်။ သူ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကတော့ မြန်မာစစ်ကောင်စီအတွက် ငွေပေး၊ ငွေယူတွေကို လွှဲပြောင်းတဲ့နေရာမှာ ထိုင်းဘဏ်တွေ ပါဝင်ပတ်သက်နေတယ်။ ထိုင်းဘဏ်တွေကို အသုံးပြုနေတယ်ဆိုတဲ့ အချက်ကို ဖော်ပြထားတဲ့အပေါ်မှာ ထိုင်းလွှတ်တော်ရဲ့ အမျိုးသားလုံခြုံးရေး ကော်မတီကနေ ကြားနာပွဲကို ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျမတို့က Tom Andrew ကို တွေ့ဆုံမေးမြန်းမှာပါ။
Tom Andrews ။ ။ မြန်မာပြည်သူပြည်သားတွေဟာ ကိုယ့်နိုင်ငံအတွက် သမိုင်းဝင် ထူးခြားတဲ့ တိုက်ပွဲကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြတာပါ။ သူတို့ တိုက်ပွဲအတွက်လည်း သူတို့တွေဟာ အများကြီး မတောင်းဆိုထားပါဘူး။ လူ့အခွင့်အရေးကို အလေးထားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေကို သတ်ဖြတ်ဖို့ အသုံးပြုနေတဲ့ စစ်လက်နက်ပစ္စည်းတွေကို စစ်ကောင်စီလက်ထဲ မရောက်အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ ဒါဟာ မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ အကူအညီလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံတကာ ဘဏ်တွေကို အသုံးပြုပြီး အပြစ်မဲ့ ပြည်သူတွေကိုသတ်ဖို့ စစ်လက်နက်တွေကို ဘယ်လို ရယူနေသလဲဆိုတဲ့ ကိစ္စကို ကျနော် သုတေသန စစ်တမ်းတွေ ပြုစုပြီး အပိုင်းလိုက် အစီရင်ခံစာတွေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခု ကျနော် ဘန်ကောက်ကို ရောက်နေတာဟာလည်း တတိယမြောက် ကျနော်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲအတွက် ဖိတ်ကြားခံရတာကြောင့် ဖြစ်ပါတယ်။ ဒီတတိယမြောက် အစီရင်ခံစာမှာ ဆိုရင် ဘဏ်တွေနဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကိုသုံးပြီး စစ်ကောင်စီက လက်နက်တွေ ၀ယ်ယူနိုင်တဲ့ အခြေအနေကို အဓိက မီးမှောင်ထိုးပြထားတာ ဖြစ်ပါတယ်။
ထိုင်းလွှတ်တော်နဲ့ ထိုင်းပြည်သူတွေက ဒီကြားနာပွဲတခုလုံးကို ဂရုစိုက် အလေးပေး နားထောင်ခဲ့ကြတဲ့အတွက် ကျနော် အလွန်ပဲအားရမိပါတယ်။ နောက် ကြားနာပွဲမှာလည်း အစိုးရ အရာရှိတွေသာမက ဘဏ်လုပ်ငန်းရှင်တွေလည်း တက်ရောက်ခဲ့ကြပြီးတော့ စစ်ကောင်စီ လက်နက်၀ယ်ယူရာမှာ ထိုင်းဘဏ်တွေကို အသုံးပြုနေတယ်ဆိုတဲ့အချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ထွက်ဆိုခဲ့ကြပါတယ်။
မအင်ကြင်းနိုင် ။ ။ Tom Andrew ကတော့ သူ့ရဲ့ နောက်ဆုံးအစီရင်ခံစာမှာတော့ အကောင်းအဆိုးတွေ ပါဝင်နေတယ်ဆိုပြီးတော့လည်း အခုလိုရှင်းပြပါတယ်။
Tom Andrew ။ ။ ကျနော်ရဲ့ အစီရင်ခံစာမှာ အကောင်းနဲ့ အဆိုး သတင်း ၂ ခုလုံး ရှိနေပါတယ်။
သတင်းကောင်းကတော့ စစ်ကောင်စီ ၀ယ်ယူတဲ့ လက်နက်ပမဏ ငွေကြေးဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဒေါ်လာ ၃၇၇ သန်းကနေ ဒေါ်လာ ၂၅၃ သန်းအထိ သုံးပုံတပုံ ကျဆင်းသွားပါတယ်။ နောက်ထပ် အပြုသဘောဆောင်တဲ့ လက္ခဏာတရပ်ကတော့ စစ်ကောင်စီအတွက် တတိယအကြီးဆုံး လက်နက်အရင်းအမြစ်တခုဖြစ်တဲ့ စင်္ကာပူကနေ မြန်မာနိုင်ငံကိုတင်ပို့တဲ့ လက်နက်ပမာဏ သိသိသာသာ လျော့ကျသွားတာပါ။ ၉၀% လောက်အထိ လျော့ကျသွားပါတယ်။ ဒါဟာ လမ်းမှန်ကို ရောက်ဖို့ အလွန်အရေးပါတဲ့အဆင့်ကို ရောက်ခဲ့တာ ဖြစ်ပါတယ်။
သတင်းဆိုးကတော့ ထိုင်းအခြေစိုက် စက်မှုလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေကနေလာတဲ့ စစ်ကောင်စီအတွက် လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေဟာ သိသိသာသာ တိုးလာနေပြီး ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေအတွက် ထိုင်းဘဏ်တွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။ တနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၆၀ ကနေ သန်း ၁၃၀ ထိ နှစ်ဆတိုးလာပြီးတော့ ထိုင်းဘဏ်တွေမှာ ငွေပြောင်းငွေလွှဲ ပမာဏတွေ တိုးလာတာ တွေ့ရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ထိုင်းလွှတ်တော်အနေနဲ့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ဒီလို ထိုင်းဘဏ်တွေကို အသုံးပြုပြီး ငွေအပြောင်းအလဲ လုပ်နေတာတွေကို ရပ်တန့်ပေးဖို့ ကျနော် တောင်းဆိုခဲ့ပါတယ်။
မအင်ကြင်းနိုင် ။ ။ အဲ့ဒီတော့ ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာပွဲရဲ့ ရလာဒ်နဲ့ ပတ်သက်လို့ကော Tom Andrew ဘာတွေ ပြောသွားပါသလဲ။
Tom Andrew ။ ။ ကြားနာပွဲ သတင်းကောင်းရလာဒ်ကတော့ ထိုင်းလွှတ်တော်က ကမကထလုပ်တဲ့ ကိစ္စမှာ သက်ဆိုင်သူတွေဘက်က စုံစုံလင်လင် တက်ရောက်ပြီး အလေးအနက် ထားကြရုံတင်မဟုတ်ဘဲ၊ လက်နက်တွေနဲ့ စစ်ပစ္စည်းတွေကို မြန်မာကို တင်ပို့ရာမှာ ထိုင်းဘဏ်တွေအနေနဲ့ စစ်ကောင်စီအသုံးပြုနေတဲ့ လက်နက်ပစ္စည်းတွေအတွက် သူတို့ ၀န်ဆောင်မှုပေးဖို့ မလိုလားကြပါဘူး။
ဒါဟာ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အလွန်အရေးကြီးတဲ့ ခြေလှမ်းတခုပါ။ အခု ထိုင်းနိုင်ငံသားတွေရဲ့ အာရုံစိုက်မှုနဲ့ ကတိကဝတ်တွေကြောင့် နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းသစ်တခုကို လှမ်းနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။
မအင်ကြင်းနိုင် ။ ။ ဒီနေရာမှာ Tom Andrew ကနေပြီးတော့ မနှစ်က သူထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီအတွက် တတိယ လက်နက်နဲ့ ပတ်သက်လာရင် တတိယ အရင်းအမြစ်ဖြစ်တဲ့ စင်္ကာပူနိုင်ငံက ဒီနှစ်မှာဆိုရင် (၉၀) ရာခိုင်နှုန်းထိကို ကျဆင်းသွားတယ်ဆိုတဲ့အချက်ကို သူကအခုလို နမူနာပေး ပြောဆိုသွားပါတယ်။
ဖြေ ။ ။ စင်္ကာပူနိုင်ငံမှာ မနှစ်က ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ ရလာဒ်ကို တွေ့ခဲ့သလိုမျိုးပဲ ထိုင်းနိုင်ငံမှာလည်း အလားတူ အပြုသဘောဆောင်တဲ့ ခြေလှမ်းကို တွေ့ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေကို ဆက်လက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီအတွက် ရနေတဲ့ လက်နက်တွေကို ရတဲ့နည်းလမ်းတွေကနေ ဝိုင်း၀န်းပိတ်ဆို့ဖို့ ကျနော်တို့ အတူတကွ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ ထိုင်းဘဏ်တွေဘက်ကတော့ သူတို့ ၀န်ဆောင်မှုပေးတဲ့နေရာမှာ အခု ငွေပြောင်းငွေလွှဲ လုပ်နေတဲ့အချက်တွေက တကယ်တမ်းကြတော့ မြန်မာစစ်ကောင်စီ လက်ထဲကို ရောက်ရှိသွားတယ်ဆိုတာ သတိမပြုမိဘူးပေါ့။ ဒီလိုမျိုး ငွေပြောင်းငွေလွှဲတွေ လုပ်တဲ့နေရာမှာ စစ်ကောင်စီကိုပဲ ရောက်ရှိတယ်ဆိုတာမျိုး သီးသန့်ခွဲထုတ်ပြီးတော့ စုံစမ်းစစ်ဆေးတာမျိုးတွေလည်း သူတို့ မလုပ်နိုင်ဘူး စတာတွေကို ဒီကြားနာပွဲမှာ တုံ့ပြန်ပြောဆိုသွားတာတွေ ရှိပါတယ်။ အဲဒီတော့ Tom Andrews အနေနဲ့က ထိုင်းဘဏ်တွေက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ပထမဦးဆုံး တုံ့ပြန်ချက်ကို ဘယ်လိုမြင်ပါသလဲ။
Tom Andrews ။ ။ ပထမအဆင့်ကတော့ တကယ်ပဲ ဒါတွေဖြစ်နေတာလားဆိုပြီး မေးခွန်းထုတ်တာပါ။ သူတို့ ဘဏ်တွေကို စစ်ကောင်စီ အသုံးပြုနေတာ သူတို့ သတိမထားမိကြဘူးလို့လည်း ပြောပါတယ်။ သူတို့ ဘဏ်တွေအနေနဲ့ စည်းမျည်းစည်းကမ်းတွေနဲ့အညီ ငွေပြောင်းငွေလွှဲ လုပ်နေတဲ့နေရာမှာ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ အခြေအနေကို သူတို့ မသိခဲ့ကြဘူးလို့လည်း ပြောပါတယ်။ သူတို့ဘဏ်တွေကို သုံးပြီးလုပ်နေတဲ့ ငွေပြောင်းငွေလွှဲတွေဟာ နောက်ဆုံးမှာ စစ်ကောင်စီလက်ထဲကိုပဲ ရောက်နေတယ်ဆိုတာ သူတို့ မသိကြဘူးလို့ ပြောပါတယ်။
မအင်ကြင်းနိုင် ။ ။ အဲဒီတော့ Tom Andrews ဘက်ကရော ဘာပြန်ပြောခဲ့လဲ။
Tom Andrews ။ ။ ကျနော်ကတော့ သူတို့ ပြောတဲ့အချက်တွေကို နားလည်လက်ခံကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ထိုင်းအစိုးရ ဒါမှမဟုတ် ထိုင်းဘဏ်တွေအနေနဲ့ ဒီလိုဖြစ်ပျက်နေတာကို သတိမပြုခဲ့ကြဘူးဆိုရင်တောင် ဒါတွေဟာ တကယ်ဖြစ်နေတယ်ဆိုတာ အခု သူတို့ သိရှိလက်ခံသွားပြီ။ သူတို့ကို ကျနော် ပြောပြတာက စစ်ကောင်စီဟာ သူတို့အတွက် အရောင်းအ၀ယ် လုပ်တာတွေကို ဖုံးကွယ်တဲ့နေရာမှာ အလွန်ခေတ်မှီတယ်။ ဒီပစ္စည်းတွေဟာ မြန်မာကာကွယ်ရေး၀န်ကြီးဌာနအတွက် ဆိုတာ သိဖို့ပိုပြီးခက်ခဲလာနေတဲ့ အချက်တွေ ဖြစ်ပါတယ်။
အဲဒီတော့ ကျနော်ဘက်က သူတို့ကို အကြံပြုခဲ့တာက မဖြစ်မနေ လုပ်ရမယ့် အချက် ၂ ချက်ရှိတယ် ဆိုတာပါ။ ပထမအချက်က စည်းမျဥ်းစည်းကမ်းအတိုင်း လုပ်တဲ့နေရာမှာ စည်းကမ်း သတ်မှတ်ချက်တွေကို ပိုပြီးမြှင့်တင်ရမယ်၊ ငွေပြောင်းငွေလွှဲ လုပ်တဲ့နေရာမှာ ဟာပေါက် မရှိရအောင် ပိုပြီးဂရုတစိုက် စောင့်ကြည့်ဖို့စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်ဖို့ ကျနော် အကြံပြုထားတယ်။
နောက်တချက်ကတော့ ပိုထိရောက်ပြီး ပိုရှင်းလင်းတယ်လို့ ကျနော် ထင်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေနဲ့ စီးပွားရေး လုပ်နေတာတွေကို ရပ်တန့်ဖို့ပါ။ ကျနော်ပြောတာက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံခြားဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တို့နဲ့ ဖြစ်ပါတယ်။
တကယ်လို့ ထိုင်းဘဏ်တွေမှာ ပေါ်နေတဲ့ ငွေပြောင်းငွေလွှဲမှုတွေမှာ ဒီဘဏ်တွေရဲ့ နာမည်တွေ ပေါ်နေတယ်ဆိုရင် ငွေလွှဲပြောင်းတာမျိုး မလုပ်ဘဲ ရပ်ထားဖို့ ဖြစ်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေမှာ ငွေတွေ ၀င်လာခြင်းအားဖြင့် လက်နက်တွေ အသုံးပြုပြီး ပြည်သူတွေကို သတ်ဖို့ တဘက်တလမ်းကနေ အထောက်အကူပြုနေတာ ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တဦးဖြစ်ပြီး၊ ဒီလိုမျိုး စီးပွားရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ငွေပြောင်းငွေလွှဲလုပ်တဲ့ အချက်အလက်တွေကို ဘယ်လိုစုံစမ်းစစ်ဆေးရယူခဲ့လဲ။
Tom Andrews ။ ။ အတော်လေး ခက်ခဲခဲ့ပါတယ်။ တကယ့်ကို အရေးပါပြီး ထူးခြားတဲ့ သတင်းအချက်အလက်တွေကို သတ္တိရှိရှိ ပေးခဲ့သူတွေအပေါ်မှာ မူတည်ပြီး ကျနော်တို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အတိအကျ ဖေါ်ပြထားတဲ့ ဘဏ်စာရင်း အချက်အလက်တွေပေါ်မှာ မူတည်ပြီး ကျနော်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ Tom Andrews အနေနဲ့ ထိုင်းဘဏ်တွေနဲ့ ပတ်သက်နေတဲ့ အစီရင်ခံစာဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မလဲလို့ မျှော်လင့်ထားပါသလဲ။
Tom Andrews ။ ။ မနှစ်က ကျနော့် အစီရင်ခံစာထဲမှာ သတ်မှတ်ထားတဲ့
မြန်မာစစ်ကောင်စီရဲ့ လက်နက်အရင်းအမြစ် တတိယနေရာမှာ ရှိနေတဲ့ စင်္ကာပူနိုင်ငံအနေနဲ့ ဒီနှစ်အတွင်း ၉၀% လောက်ထိ ကျဆင်းသွားမယ်လို့ ကျနော် အိပ်မက်တောင် မမက်ရဲခဲ့ဘူး။ ဒါဟာ တကယ်ဖြစ်ခဲ့တယ်။ စစ်ကောင်စီ ရနေတဲ့ လက်နက်လမ်းကြောင်းကို ရပ်တန်ခဲ့တယ်။
အဲဒီ အတွေ့အကြုံ ရလာဒ်အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံရေး စိတ်ဆန္ဒရှိဖို့ပဲလိုတာ ဖြစ်ပါတယ်။ အခုဆိုရင် စင်္ကာပူမှာ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။
ထိုင်းနိုင်ငံအနေနဲ့လည်း ကျနော်ရဲ့ အစီရင်ခံစာကို ကောင်းကောင်းကြိုဆိုထားတာ ဖြစ်တယ်။ အထူးသဖြင့် ထိုင်းလွှတ်တော်ရဲ့ အမျိုးသား လုံခြုံရေးကော်မတီကနေ ဒီကိစ္စကို ဆက်လက်ကိုင်တွယ် စစ်ဆေးသွားမယ်ဆိုတာ ကတိကဝတ်ပြုထားတယ်။ ကျနော်အနေနဲ့တော့ ထိုင်းနိုင်ငံကနေ ထင်သာမြင်သာရှိတဲ့ အပြုသဘောဆောင်တဲ့ ရလဒ်တချို့ကို မြင်တွေ့ရတော့မယ်လို့ အကောင်းမြင်ထားပါတယ်။ ဒီကနေတဆင့် စစ်ကောင်စီရဲ့ လက်နက်နဲ့ လက်နက်ပစ္စည်းတွေ ရရှိနေတဲ့ နည်းလမ်းမှန်သမျှ ပိတ်ဆို့ တားမြစ်ဖို့ ကျနော်တို့ အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။