"လူငယ်တွေဦးဆောင်မှု ကရင်နီတော်လှန်ရေး အရှိန်မြင့်အားကောင်းလာ" - KNDF စစ်ရေးချုပ်

KNDF စစ်ရေးချုပ် ခူးရီဒူး နှင့် မအင်ကြင်းနိုင် (VOA)

စစ်ကောင်စီကို တွန်းလှန်ဖို့ တူမီးသေနတ်ကနေ စခဲ့တဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဟာ အခု သုံးနှစ်တာကာလအတွင်း ကရင်နီပြည်နယ်မှာ လက်နက်ခဲယမ်းနဲ့ တပ်အင်အားအများဆုံး ဖြစ်လာခဲ့တယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ဗွီအိုအေကို ပြောပါတယ်။ လူငယ်တွေ ဦးဆောင်တဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု နေရာပေးတဲ့အတွက်လည်း ကရင်နီတော်လှန်ရေးဟာ အရှိန်အဟုန်နဲ့ အားကောင်းလာတာ ဖြစ်တယ်လို့ ခူးရီးဒူက ဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာဘဝကနေ စစ်ရေးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ခူးရီဒူးကို ကရင်နီပြည်နယ် ဒီမောဆိုက KNDF စစ်သင်တန်းစခန်းမှာ မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။

စစ်ရေးချုပ် ခူးရီးဒူ ။ ။ ကနဦးအစမှာတော့ လက်နက်မရှိ၊ ခဲယမ်းတွေ မရှိဘဲနဲ့ တူမီးသေနတ်နဲ့ စခဲ့ပြီး အခုအချိန်မှာတော့ လက်ရှိ ကရင်နီပြည်နယ်မှာတော့ အင်အားအများဆုံးနဲ့ လက်နက်ခဲယမ်းကို ကျနော်တို့က အများဆုံးပိုင်ဆိုင်တဲ့ တပ်အနေအထာတော့ ရောက်လာပါပြီ။ တပ်ပိုင်းဆရာတွေမှာက ဦးစီးဦးဆောင်တဲ့ ရှေ့ကနေ လမ်းပြတဲ့လူတွေရဲ့ပေါ်မှာ မူတည်တယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ KNDF မှာက ကျနော်တို့ အများစုက တပ်ထဲမဝင်လာခင်မှာ CSO တွေ တက်ကြွလှုပ်ရှားလူငယ်တွေ၊ တချိန်တုန်းက အာဏာမသိမ်းခင်တုန်းက ကိုယ့်ရဲ့ပညာရေးတွေမှာ ဦးစီးပြီးတော့ ဆောင်ရွက်နေကြသူတွေ အများစုပါဝင်ကြတယ်။ နောက်တခု အရေးကြီးဆုံးအချက်ကတော့ ကျနော်တို့ တပ်မှာတော့ ဦးစီးနေတဲ့ လူတွေက အများစုက လူငယ်တွေ ဖြစ်ကြတဲ့အတွက် KNDF က ဒီနေ့ဒီအချိန်မှာ ဒီပုံစံ ရောက်ရှိလာတယ်လို့ ကျနော် ယုံကြည်တယ်။

မေး ။ ။ အခု ခူးရီဒူးကိုယ်တိုင် KNDF ကို စစ်ရေးအရ ဦးဆောင်နေတဲ့အချိန်မှာ အာဏာမသိမ်းခင်က ဘယ်လိုဖြတ်သန်းခဲ့ပါသလဲရှင့်။

ဖြေ ။ ။ အာဏာမသိမ်းခင်တော့ ကျနော်က ထိုင်း-မြန်မာ ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာတဲ့ လူတစ်ယောက်ပေါ့လေ။ ဒီအာဏာမသိမ်းခင်မှာတော့ ကျနော်က ကျောင်းဆရာ (၂) နှစ် တာဝန်ထမ်းဆောင် ခဲ့တယ်။ ကျောင်းဆရာပြီးတဲ့နောက်မှာ ကယားလီဖု လူငယ်အဖွဲ့အစည်းမှာ ကျနော် ဗဟိုကော်မတီအနေနဲ့ ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့တယ်။ ပြီးတော့မှာ ကျန်တဲ့ ကျနော်တို့ ပြည်နယ်မှာ ရှိနေကြတဲ့ ဒီလူငယ်ရေးမှာ ဦးစီး၊ ဦးဆောင်ပြီးတော့မှ လုပ်ကိုင်နေကြတဲ့ တခြားသောအဖွဲ့တွေနဲ့ ကျနော်တို့ စုကြည့်ပြီးတော့မှ ကျနော်တို့ ပြည်နယ်ရေးကို တစိုက်မတ်မတ် လုပ်လာခဲ့တာပါ။ အထူးသဖြင့် လူငယ်ရေးတွေကို ကျနော်တို့ ပိုပြီးတော့မှ တက်ကြွစွာပါဝင်ခဲ့တယ်။

မေး ။ ။ အဲဒီတော့ စစ်အာဏာမသိမ်းခင်က ကျောင်းဆရာ လူငယ်တစ်ဦးအနေနဲ့ လက်နက်ကိုင် ‌တော်လှန်ရေးမှာ ပါဝင်ပြီးတော့ အခု ဦးဆောင်ဖို့တော့ ဖြစ်လာပြီပေါ့လေ။ အဲဒီတော့ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်လာရတဲ့ အကြောင်းအရင်းကကော ဘာကြောင့်ပါလဲရှင့်။

ဖြေ ။ ။ နဂိုထဲက ကျနော်တို့ ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာတဲ့အတွက်ကြောင့်မို့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ ကျနော်တို့တွေက အမြဲတမ်း အတူရှိနေခဲ့တာပေါ့လေ။ ကျနော် အခုနကပြောတဲ့ တော်လှန်ရေးဆိုတဲ့ စကားက ကျနော်တို့နဲ့ စိမ်းမနေဘူး။ မြင်နေရတယ်၊ တွေ့နေကြ။ ဒုက္ခသည်အနေနဲ့ ကိုယ်တိုင်ဖြစ်နေခဲ့တော့ အဲ့ဒီ ကိုယ့်လူထုရဲ့ ဖိနှိပ်ခြင်းခံရတာတွေ ပြီးတော့ ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ မြင်နေရတာတွေ အဲ့ဒီကနေ တဆင့် ကျနော်တို့ကို ပိုပြီးတော့မှ တွန်းအားဖြစ်စေတယ်။ ကျနော်တို့ ဒီတာဝန်ကို တနေ့တချိန်ကျရင် ပခုံးပြောင်း တာဝန်ထမ်းပြီးတော့ လုပ်ကိုင်ကြမယ့် လူငယ်တွေဆိုတာ အဲဒီကတည်းကတော့ နားလည်သဘောပေါက်ထားတယ်။ အဲ့ဒီအတွက်ကြောင့်မို့ ဒီနေ့ဒီချိန်မှာတော့ ရဲဘော်တယောက်အနေနဲ့ ဖြစ်လာတယ်လို့ ကျနော်အနေနဲ့ ပြောလိုတယ်။

မေး ။ ။ ကရင်နီပြည်နယ်ကို ကြည့်လိုက်မယ်ဆိုရင် အရင်ထဲက ရှိခဲ့တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ KNPP တို့ ကလလတ တို့ဆိုတာ ရှိခဲ့တယ်ဆိုတော့ ဒီလိုအဖွဲ့အစည်းတွေ ကြားထဲမှာမှ KNDF ဖြစ်လာအောင် ကိုယ်တိုင်ကလည်း စစ်ရေးချုပ်ဖြစ်အောင် လုပ်ခဲ့တာဆိုတော့ အဲဒီအတွေ့အကြုံတွေကို ပြောပြပါလား။

ဖြေ ။ ။ ကျနော်တို့ KNDF ဒီနေ့၊ ဒီချိန်၊ ဒီလို အင်အားကြီးတဲ့တပ် လက်နက်အင်အားအရရော၊ လူအင်အားအရရော ဒီနေ့၊ ဒီချိန်ထိ ရပ်တည်နိုင်ဖို့ ဆိုတာလည်း နဂိုမူလ ရှိနေတဲ့ မိခင်လက်နက်ကိုင် အဖွဲ့အစည်းပေါ့၊ ဥပမာ ကရင်နီတပ်မတော်တို့လိုမျိုး ပြီးတော့မှ ကလလတ ပေါ့လေ။ ကရင်နီ လူမျိုးပေါင်းစုံလွတ်လပ်ရေးတပ်လိုမျိုး သူတို့ရဲ့ ကနဦး တွဲခေါ်ပေးမှု့တွေ၊ ပြီးတော့မှ ကူညီပေးမှု့တွေပေါ်မှာ အများကြီး ရှိခဲ့တယ်ပေါ့လေ။ သူတို့ရဲ့ လက်တွဲခေါ်ပေးမှု့နဲ့ သူတို့ရဲ့ ဆွဲခေါ်ပေးမှု့တို့ကြောင့် ဒီနေ့ဒီချိန်ဆိုတာ KNDF က ဖြစ်လာတယ်လို့ ကျနော်အနေနဲ့တော့ ပြောလိုတယ်။ ဒီရာထူးကို လက်ခံရရှိတယ်ဆိုတာကလည်း ကျနော်တို့မှာက ဒီလိုပဲ ခံယူထားတယ်။ ရာထူးရာခံအတွက် ကိုယ်က ဘယ်လောက်ထိ တာဝန်ယူနိုင်မလဲ၊ တာဝန်ခံနိုင်မလဲဆိုတာပေါ် မူတည်ပြီးတော့မှ အဖွဲ့အစည်းတွေက ဒီတာဝန်ကို ပေးအပ်တယ်လို့ ကျနော်အနေနဲ့ ခံယူထားပါတယ်။

မေး ။ ။ မေးစရာမေးခွန်း ဖြစ်လာတာက စောစောကပြောခဲ့သလို မိခင်အဖွဲ့အစည်းတွေ၊ ဒီအရင်ထဲက ရှိထားတဲ့ KA – Karenni Army တို့လို ကလလတ တို့ရှိနေတဲ့ ကြားထဲကနေပြီးတော့ KNDF ဆိုတာရှိဖို့ တကယ်ပဲ လိုအပ်လာတာလား။ ဘာကြောင့် အဲဒီလို အရင်ရှိပြီးသား အဖွဲ့အစည်းတွေနဲ့ ကွဲထွက်ပြီးတော့ သီးသန့်ပေါ်ထွက်လာတာလဲရှင့်။

ဖြေ ။ ။ သီးသန့် ကျနော်တို့ လက်နက်ကိုင်တပ်ကို ထူထောင်ဖို့က ကနဦးမှာ ကျနော်တို့ ရည်ရွယ်ချက် မရှိဘူး။ ဒါပေမဲ့ အဲ့ဒီ ၂၀၂၁ အာဏာသိမ်းတဲ့အချိန်မှာပဲ ကျနော်တို့ အခုအပြောတဲ့ မိခင်တပ်တွေလည်း တချို့သော တပ်တွေက ပြင်ဆင်မှုတွေ ရှိခဲ့သလို တချို့သော တပ်တွေက မမျှော်လင့်ဘဲ အာဏာသိမ်းဖို့ ဖြစ်လာတဲ့အချိန်မှာ သူတို့ဘက်ကနေလည်း အသင့်အနေအထားမှာ ရှိမနေခဲ့တဲ့ တချို့ မိခင်တပ်တွေ ရှိတယ်။ အဲဒီနေရာမှာ ကျနော်တို့ လူငယ်တွေက အခုန ကျနော်ပြောတဲ့ CSO အသိုင်းအဝိုင်းကဖြစ်ဖြစ်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အသိုင်းအဝိုင်းကဖြစ်ဖြစ်၊ ပါတီအသိုင်းအဝိုင်းကဖြစ်ဖြစ် ကျနော်တို့တွေက တပ်တတပ်ကို ထူထောင်တာ။ ဒီလူငယ်တွေရဲ့ စုဖွဲ့မှုတွေက ဖရိုဖရဲ ဖြစ်မသွားအောင် ကျနော်တို့က လူငယ်တွေကို စုပေးတဲ့ ပုံစံမျိုးနဲ့ ဒီတပ်က ဖြစ်လာခဲ့တာပေါ‌လေ။ နောက်တခုက ဒီအာဏာမသိမ်းခင်ကလည်း ကျနော်တို့ မိခင်တပ်တွေကြားထဲမှာလည်း အဖုအထစ်တွေ ရှိကြတယ်။ တဖွဲ့နဲ့တဖွဲ့က သမိုင်းကြောင်းနောက်ခံအရ ပူးပေါင်းဆောင်ရွက်လို့ မရတဲ့ အပိုင်းတွေရှိသလို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတဲ့ အနေအထားမှာ မရှိတဲ့အပိုင်းတွေလည်း ရှိတယ်။ ဆိုတော့ KNDF ဆိုတဲ့အရာက အခုနကပြောနေတဲ့ ရှိနေပြီးသား တပ်တွေကို အရင်အလုပ်လုပ်နေတဲ့ ပုံစံအတိုင်းပဲ တခုထဲဖြစ်အောင် ကြိုးစားပြီးတော့ တည်ဆောက်ပေးနေတဲ့ ကြားခံတပ်သားတဖွဲ့အနေနဲ့ ရှိနေပေးတယ်လို့ ကျနော်အနေနဲ့ အဲဒီလိုပဲ ပြောလိုပါတယ်။

မေး ။ ။ KNDF ရဲ့ စစ်ရေးအရ ကျွမ်းကျင်မှုအပိုင်းပေါ့နော်။ ၃ နှစ်တာ ဖြတ်သန်းမှုအပိုင်းမှာ စစ်ရေးအရဆိုရင် ဘယ်လောက်ထိ ကျွမ်းကျင်လာသလဲ။ ဆိုတော့ တဘက်မှာ ကိုယ်တိုက်နေရတဲ့ တပ်ကကြတော့ နှစ်ပေါင်းများစွာ တခုတည်းသော အင်အားအကောင်းဆုံးသော တပ်မတော်အနေနဲ့ အင်အားသိန်းနဲ့ချီပြီးတော့ ရှိခဲ့တယ် ဆိုတဲ့အနေအထားမှာ အခု KNDF အနေအထားနဲ့ စစ်ရေးကျွမ်းကျင်မှု့အပေါ်မှာကြတော့ ဘယ်လို ပြောလို့ရလဲရှင့်။

ဖြေ ။ ။ အစောပိုင်းကာလ ကျနော်တို့ နွေဦးတော်လှန်ရေး စစခြင်းမှာတော့ KNDF လို့ စတင်ဖွဲ့စည်းတဲ့အချိန်မှာ တိုက်ပွဲ တော်တော်များများကတော့ အဲဒီအချိန်တုန်းက ကလလတ တို့ မပါဝင်သေးပေမယ့် အဓိက တိုက်ပွဲကို ဦးစီးပြီးတာ့ ခေါ်သွားပေးတာကတော့ KA – Karenni Army ပေါ့လေ။ ကရင်နီပြည်တပ်မတော်။ အစော ၁ နှစ် ၂ နှစ်အတွင်းမှာတော့ သူတို့အနေနဲ့ ဦးစီးပြီးတော့မှာ ဖော်ဆောင်ပေးတာတွေ ရှိတယ်။ ဒါပေမဲ့ ဒီ ၂၀၂၃ - ၂၀၂၄ နောက်ပိုင်းတွေမှာတော့ KNDF တွေက ကိုယ်တိုင်ကိုယ်ကျ ဦးစီးပြီးတော့ သွားတယ်။ ကျန်တဲ့ အခုနပြောပြီးသား လက်နက်ကိုင်တပ်တွေက KNDF ရဲ့ ဦးစီးမှုအောက်တွေမှာ လိုက်ပါပြီးတော့ တိုက်ပွဲတွေ လိုက်ပြီးတော့ ဖော်ဆောင်နေရတဲ့ အနေအထားတွေမှာ ရှိနေတယ်ပေါ့လေ။ ဒါကတော့ ကျနော်တို့ရဲ့ တိုးတက်မှုတခု တိုက်ပွဲနဲ့ ပြောရင်တော့ လက်ရှိမှာတော့ KNDF က ရှေ့ဆုံးမှာ မဟုတ်ခဲ့ရင်တောင်မှ သူများထက် နောက်မကျဘဲနဲ့ ဒီတိုက်ပွဲတွေကို ‌ဖော်ဆောင်နေတယ်။ ပြီးတော့မှ တိုက်နေတယ်ဆိုတဲ့အကြောင်း ကျနော်အနေနဲ့ ပြောချင်တယ်။

မေး ။ ။ ကိုယ်တိုင်အတွေ့အကြုံ အရဆိုရင် အရင်တုန်းက ဒီလောက်အင်အားကြီးတယ်ဆိုတဲ့ မြန်မာစစ်တပ်ကို ပြန်ပြီးတော့ တိုက်တဲ့အချိန်မှာ ဘယ်လိုမြင်မိလဲ။ အရင်တုန်းက ကိုယ်တွေက ဒါကို မတိုက်နိုင်ဘူးပေါ့နော် အင်အားအကြီးဆုံးလို့ ထင်ခဲ့တာ၊ တကယ်တမ်းကိုယ်တွေ တိုက်လာရတဲ့အခါမှာ သူတို့ အင်အားကြီးပါတယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အနေအထားကို ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ ကျနော်ထင်တယ် အရင်တုန်းကတော့ စစ်တပ်က ကျနော်တို့ကို အကြောက်တရားပုံစံနဲ့ အုပ်ချုပ်ခဲ့တာပေါ့လေ။ နောက်တခုက စစ်တပ်မှာ ဒီစစ်ကောင်စီမှာ မကောင်းတာတခုက ဝါဒဖြန့်ချီတာပေါ့လေ၊ သူ့ရဲ့ ဝါဒဖြန့်ချီမှု့က အားကောင်းတော့ လူထုတွေကို အကြောက်တရား ရိုက်သွင်းပြီးတော့မှ အုပ်ချုပ်တဲ့အချိန်မှာ အယောက်တိုင်းလိုလို ကျနော်တို့က စစ်တပ်ကို ခုခံမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေတော့ ရှိခဲ့ပေမယ့် လက်တွေ့မှာက သူတို့မှာက အရည်အချင်းထက် အရေအတွက်ဘဲ ပိုပြီးတော့မှ များနေတာ သိခဲ့တယ်။ မြေပြင်မှာတော့ ကျနော်တို့ ကနဦး တိုက်တဲ့အချိန်မှာတော့ ခက်ခဲလိမ့်မယ်လို့ ယူဆရပေမယ့် တဖြေးဖြေးနဲ့ တိုက်လာရတဲ့အချိန်မှာ‌တော့ စစ်ကောင်စီတပ်ဟာ တကယ့်တကယ်တော့ အရည်အချင်း ပြည့်မီတဲ့ တပ် မဟုတ်ဘူးဆိုတဲ့ အတွေးအခေါ် စဥ်းစားချက်တွေကတော့ ကျနော်တို့ တဖြည်းဖြည်းနဲ့ လက်ခံရယူလာပေါ့လေ။ နောက်တခုက ကျနော်တို့က နိုင်မယ် ယုံကြည်လို့ အသက်ကို ပုံအောပြီးမှ တိုက်တာ ဖြစ်တယ်။ တကယ်၍များ စစ်ကောင်စီတပ်က ဘယ်လောက်ပဲကြီးကြီး ကျနော်တို့ တိုက်ရင် မနိုင်ဘူးလို့ ဆိုတဲ့ခံယူချက် ရှိခဲ့မယ်ဆိုရင် အစောပိုင်းထဲက ကျနော်တို့ လက်နက်ကိုင်မယ်ဆိုတဲ့ ခံယူချက်က ရှိမှာ မဟုတ်ဘူး။ နိုင်မယ်ဆိုတဲ့ ခံယူချက်နဲ့ ကျနော်တို့က လက်နက်ကိုင်ပြီးတော့မှ တိုက်ပွဲဝင်နေတယ် ဆိုတဲ့အကြောင်းလည်း ပြောလိုပါတယ်။

မေး ။ ။ အဲဒီတော့ တိုက်ပွဲတွေမှာပဲပေါ့နော်၊ ကျမတို့ ကရင်နီ တိုက်ပွဲတွေမှာ တွေ့ရတာတော့ စစ်သုံ့ပန်းတွေပေါ့နော်၊ လက်နက်ချတာတွေလည်း ရှိသလို နောက်တိုက်ပွဲကနေ ဖမ်းစီးရမိတဲ့ စစ်သုံ့ပန်းတွေလည်း ရှိတာပေါ့နော်။ အဲ့ဒါတွေလည်း တွေ့ရပါတယ်။ စစ်သုံ့ပန်းတွေနဲ့ ပတ်သက်တာ ဆိုရင်ရော KNDF ရဲ့ မူဝါဒက ဘယ်လိုရှိလဲရှင့်။

ဖြေ ။ ။ ရှိတယ် ကျနော်တို့ရဲ့ KNDF မှာက KNDF Military Act ဆိုတာ ရှိတယ်။ စစ်ဥပဒေပေါ့လေ။ တိုက်ပွဲမှာတော့ သူ့ရဲ့ တိုက်ပွဲပေါ်မှာ မူတည်ပြီးတော့ စစ်သုံ့ပန်းတွေတော့ ရှိတယ်။ တကယ်လို့ ကျနော်တို့က မတိုက်ခင်မှာ လက်နက်ချပြီးတော့ ကျနော်တို့နဲ့ လာပူးပေါင်းတဲ့ စစ်ကောင်စီတပ်တွေကြတော့ အခုနပြောတဲ့ အသက်ရှင် ရရှိပိုင်ခွင့်တွေကတော့ အပြည့်အဝ အာမခံချက်ရှိတယ်။ နောက်အခုက သူတို့ကို လုံလုံခြုံခြုံ သိမ်းထားပေးတယ်။ အကယ်၍များ ကျနော်တို့ တိုက်နေတဲ့အချိန်မှာ ကျနော်တို့ကို ခံပစ်ပြီးတော့ နောက်ဆုံးမရတော့တဲ့ အချိန်မှ ကျည်ကုန်ပြီး လက်နက်ချတယ်ဆိုရင်တော့ ဒါကတော့ တမျိုးပေါ့လေ။ အခုနက စစ်သုံ့ပန်းတွေကတော့ နံပါတ်တစ်ကတော့ KNDFမှာ ရေးဆွဲပြဌာန်းထားတဲ့ စစ်ဥပဒေနဲ့ အညီ ကျနော်တို့ ဆောင်ရွက်တယ်။ ဒုတိယအချက်မှာကြတော့ နိုင်ငံတကာမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ကျနော်တို့ ဆောင်ရွက်တယ်။ အဲဒီလိုမျိုး ဆောင်ရွက်နိုင်ဖို့ဆိုတာက ကျနော်တို့မှာက ထောင်တွေကို စနစ်တကျ တည်ဆောက်ထားတယ်။ ပြီးတော့က ထောင်မှူးတွေ၊ ထောင်ပိုင်တွေ ပြီးတော့မှ ထောင်မှာလည်း နိုင်ငံတကာ စံချိန်၊စံနှုန်းတွေနဲ့ ညီအောင်ဆိုပြီးတော့ ကျနော်တို့ အနီးစပ်ဆုံး တည်ဆောက်ထားတာပေါ့လေ။ ဒါတွေက စစ်သုံ့ပန်းအတွက်ပါ။

မေး ။ ။ KNDF က အခုဆိုရင် ကရင်နီပြည်နယ်မှာ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာ တွေ့ရတယ်။ အဲဒီတော့ တခြားလက်နက်ကိုင်အဖွဲ့တွေကကော ဥပမာဆိုရင် ရှမ်းမြောက်မှာဆိုရင် ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ရော ဘယ်လို ပူးပေါင်းဆောင်ရွက်မှု့တွေ ရှိလဲရှင့်။

ဖြေ ။ ။ ၂၀၂၁ အာဏာသိမ်းပြီး စစတုန်းက ကျနော်တို့တွေက မြောက်ပိုင်းမှာ သွားပြီးတော့မှ စစ်ပညာတွေ သင်ယူတာတွေ ရှိတယ်။ အဲ့ဒီ ပထမအချိန်မှာတော့ ကျနော်တို့ဆီမှာ မိခင်တပ်ရင်းတွေဆီမှာ စစ်ပညာသင်ယူတာလည်း ရှိသလို တဆက်ထဲမှာပဲ မြောက်ပိုင်းမှာ ကျနော်တို့ စစ်ပညာသင်တန်းတွေ သွားရောက်သင်ယူတာတွေ ရှိတာပေါ့လေ။ တဆက်ထဲမှာ အဲဒီမှာ ကျနော်တို့ သွားပြီးတော့ ပညာသင်ယူနေတဲ့ ကလေးတွေ အဲဒီမြောက်ပိုင်းမှာ ရှိနေကြတဲ့ ရခိုင့်တပ်တော်တို့၊ တအာင်းလွတ်မြောက်ရေး တပ်မတော်တို့ ကိုးကန့်တပ်တော်တို့အတူ တိုက်ပွဲဝင်ခဲ့တဲ့ တပ်ရင်းတရင်း ရှိတယ်။ အဲဒီတပ်ရင်းကတော့ (၆၀၆) လို့ နာမည်ပေးထားတယ်။ ဒီပုံစံနဲ့ ကျနော်တို့တွေက မြောက်ပိုင်းနဲ့ မဟာမိတ်တွေနဲ့အတူ ကျနော်တို့ကို ယုံကြည်မှု ရှိလာအောင် ကျနော်တို့ အများကြီးပေးဆပ်ပြီးမှ လုပ်ခဲ့ကြတယ်။ ဒီနေ့ဒီချိန်အထိပါပဲ။

မေး ။ ။ အခုဆိုရင် NUG အမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့ သူတို့ ပြောထားတာ ရှိတယ်ပေါ့နော်။ ဖက်ဒရယ်ပြည်ထောင်စုမှာလည်း ဖက်ဒရယ်အာမီ ဆိုတာမျိုး တည်ဆောက်ဖို့ပေါ့နော်။ အဲ့အတွက် ပြင်ဆင်နေတာလည်းရှိတော့ KNDF ရဲ့ အခန်းကဏ္ဍကကော ဘယ်လိုရှိပါလဲရှင့်။

ဖြေ ။ ။ လက်ရှိမှာတော့ ကျနော်တို့လည်း ကျနော်တို့ ပြည်နယ်မှာ ရှိနေတဲ့တပ်တွေအားလုံးကို အမိန့်တွေ နားကြားမှု့အောက်ကနေ တခုထဲဖြစ်အောင် ကျနော်တို့လည်း ကြိုးစားနေတယ်။ ကျနော်တို့ COC တခုထဲဖြစ်အောင် ကြိုးစားပြီးတော့ တည်ဆောက်နေတယ်။ အဲ့ဒီတည်ဆောက်မှု့က ဘာအတွက် အကျိုးရှိမလဲဆိုရင် အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် အဲ့ဒီ ဖက်ဒရယ်တပ်ဆိုတဲ့အတွက်ပဲ ဒီနေရာမှာ ကျနော်တို့ ပြောလိုတာက ဒီနေရာမှာ ကျနော်တို့က အခုထဲက ဖက်ဒရယ်တပ် Federal Army တနေ့တချိန်ကြရင် ဖွဲ့စည်းတဲ့အချိန်မှာ ကျနော်တို့တပ်တွေက အဆင်သင့်ဖြစ်အောင် အခုလက်ရှိမှာတော့ ကျနော်တို့တွေက ကြိုးစားနေတယ်။ ပြီးတော့လည်း အဆင်သင့်ဖြစ်အောင် ကျနော်တို့ လုပ်ဆောင်နေတယ်။