စစ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့သူလည်းဖြစ် သုံးနှစ်ကျော်ကြာ တော်လှန်ရေးနယ်မြေမှာ ဖြတ်သန်းနေသူ အနုပညာရှင်တဦးအနေနဲ့ မကြာခင် အိမ်ပြန်ရတော့မယ်လို့ မျှော်လင့်ကြောင်း ရုပ်ရှင်ဒါရိုက်တာ ကိုပေါက်က ဗွီအိုအေကို ပြောပါတယ်။ ထိုင်းနယ်စပ်တနေရာမှာ ဒါရိုက်တာကိုပေါက် ကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ။ ကျမတို့ အခုရောက်ရှိနေတဲ့ နေရာကတော့ နယ်စပ်တနေရာပေါ့နော်။ လုံခြုံရေးအရတော့ ကျမအမည်အတိအကျ ပြောလို့မရပါဘူး။ ဒါပေမဲ့ ကျမတို့ ဒီနယ်စပ်တနေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုရောက်ရှိနေရတဲ့ အကြောင်းအရင်းကလည်း တော်လှန်ရေးနယ်မြေထဲမှာ နှစ်ပေါင်း (၃) နှစ်ကျော်ကြာ စစ်အာဏာသိမ်းပြီးထဲက ဒီတော်လှန်ရေး နယ်မြေထဲမှာပဲ နေထိုင်ပြီးတော့ စစ်အာဏာသိမ်း ဆန့်ကျင်ရေးလုပ်ငန်းတွေမှာ၊ တော်လှန်ရေးလုပ်ငန်း တွေမှာ အနုပညာရှင်တဦးအနေနဲ့ ပါဝင်လှုပ်ရှားနေတဲ့ ဒါရိုက်တာကိုပေါက် ကို ကျမတို့ တွေ့ဆုံ မေးမြန်းမှာ ဖြစ်ပါတယ်။ ဟုတ်ကဲ့ မင်္ဂလာပါ ကိုပေါက်။
ဒါရိုက်တာ ကိုပေါက် ။ ။ မင်္ဂလာပါ အစ်မ။
မေး ။ ။ (၃) နှစ်ကျော်လောက်ကြာပြီးမှပဲ ကျမတို့ ကိုပေါက်ကို အခုဆို လူကိုယ်တိုင်ပေါ့နော် တွေ့ဆုံခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်ရှင့်။
ဖြေ ။ ။ ဟုတ်ကဲ့ ဝမ်းသာပါတယ်။
မေး ။ ။ ဟုတ်ကဲ့ အဲ့ဒီတော့ ကိုပေါက် အခုအနုပညာသည်တဦးအနေနဲ့ အခုဆိုရင် စစ်ကောင်စီကို တွန်းလှန်တဲ့နေရာမှာ နယ်စပ်တလျှောက်မှာ အနုပညာရှင်၊ ဒါရိုက်တာတဦးအနေနဲ့ ရပ်တည်ပြီးတော့ လှုပ်ရှားနေတဲ့ အခြေအနေပေါ့နော်။ အဲ့ဒီမှာလည်း နိုင်ငံတကာကို ကိုပေါက်ရဲ့ တကယ့်ဗီဒီရိုမှတ်တမ်း ရုပ်ရှင်တွေကိုလည်း ပြသနေတာတွေလည်းရှိတော့ အဲ့ဒီလို လုပ်ဆောင်မှု့တွေက (၃) နှစ်ကျော်ကြာလာပြီးတဲ့အခါမှာ ဘယ်လို ထိရောက်မှု့တွေ ရှိလဲဆိုတာကို သုံးသပ်ပါသလဲရှင့်။
ဖြေ ။ ။ ကျနော်ကတော့ ရန်ကုန်မှာ အာဏာရှင်ကို ဆန့်ကျင်တယ်။ ကျနော် ထဲထဲဝင်ဝင်ပါတယ်။ နောက်ဆုံး ကျနော့်ကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာ ဖမ်းဝရမ်းထုတ်တယ်။ အဲ့ဒီကနေ ကျနော် ပြေးတယ်။ ပုန်းတယ်။ အဲ့ဒီထဲက ကျနော် အိမ်မပြန်ရတော့ဘဲနဲ့ (၆) လတိတိ ကျနော် ရန်ကုန်မှာ ပုန်းတယ်။ နောက်ဆုံးကျတော့ ကိုဗစ်တွေ ဘာတွေလည်း ကျနော် ရန်ကုန်မှာပဲ ဖြတ်သန်းလိုက်ရတယ်။ ကျနော် ကိုဗစ်လည်း ဖြစ်သေးတာကို။ ဖြတ်သန်းပြီးတော့ နောက်ဆုံးမဖြစ်ဘူး ငါ ရန်ကုန်ထဲကနေပြီးတော့ တချို့မီဒီယာကိစ္စတွေတို့၊ ရန်ပုံငွေ ရှာတာတို့ ကျနော် လုပ်ခဲ့ပေမယ့် ဒီထဲမှာနေရင် ကျနော် တဖြေးဖြေး Narrow ဖြစ်လာတယ်လို့ ခံစားရတာပေါ့နော်။ သတ်တယ် ဖြတ်တယ်။ ဖမ်းသွားတယ် ပြန်လာရင် အလောင်းပြန်ထုတ်ခိုင်းတယ် ဆိုတဲ့ကိစ္စမျိုးတွေ ကြုံလာတဲ့အချိန်မှာ သူသူကိုယ်ကိုယ်လေ ကျနော်လည်း ကြောက်တာပေါ့။ ကြောက်တယ်ဆိုတာ ကျနော့် အသက်အန္တရာယ်ဆုံးရှုံးမှာ ကြောက်တယ်။ ကျနော့်မိသားစုတွေနဲ့ ကျနော် သေကွဲကွဲမှာ ကြောက်တယ်။ ကျနော့် စီးပွားပျက်စီးမှာတွေကော အကုန်လုံးကြောက်ပါတယ်။ ဒါပေမယ့် ဒီအကြောက်တရားကနေ ကျနော် ရုန်းထွက်ပြီးတော့ အမှန်တရားဘက်ကို သွားတဲ့အခါမှာ ကိုယ်ပြောခဲ့တဲ့ စကားပေါ့နော်။ ကျနော် ပြည်သူတွေနဲ့အတူ တော်လှန်ရေး ဆန္ဒပြတဲ့အခါမှာ ကျနော် ပြောခဲ့တဲ့စကားကိုတည်ဖို့ ကတိတည်ဖို့ ပြည်သူကို ပြောခဲ့တဲ့စကားကို ပြည်သူကို ဖြေခဲ့တဲ့ဟာတွေ အပေါ်မှာ ကျနော် စိတ်ခံစားမှု့တွေကြောင့် ဖြေခဲ့တာ မဟုတ်ဘူး။ တကယ်တော့ အဲ့ဒီအချိန်တုန်းက ဖြေခဲ့ရင်တောင်မှ ကျနော် ပြောခဲ့တဲ့စကားအတွက် ကတိတည်ရမယ်။ ပြည်သူကို ဘယ်တော့မှာ သစ္စာမဖောက်ဘူးတို့ ဘာတို့ ပြောခဲ့တဲ့စကားတွေမှာ ကတိလည်း တည်ရမယ်။
ဒီတော်လှန်ရေးသည် အာဏာရှင်ကို တော်လှန်ဖို့ ဖြစ်ခဲ့တာ။ အပေါင်းအသင်း ကောင်းလို့လည်း လမ်းပေါ်ရောက်ခဲ့တာ မဟုတ်ဘူး။ ရှင်းရှင်းပြောရင်တော့ လက်မှတ်ထိုးဖို့ လက်သုံးချောင်းထောင်ဖို့ ဓာတ်ပုံလေးရိုက်ဖို့ တော်လှန်ရေးမှာ ပါခဲ့တာ မဟုတ်ဘူး။ အဲ့ဒီလို လုပ်ခဲ့တာကနေ ကျနော် လွတ်မြောက်နယ်မြေကို ရောက်လာတဲ့အခါမှာ အရင်တုန်းကတော့ လွတ်မြောက်နယ်မြေကို လာတဲ့အခါမှာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ ရိုက်မယ်၊ Documentary တွေလရိုက်မယ်ဆိုပြီး ကျနော်လုပ်ခဲ့ပေမယ့် တကယ်တမ်း ကျနော် မရိုက်နိုင်ခဲ့ဘူး။ ဘာကြောင့် မရိုက်နိုင်ခဲ့တာလဲဆိုတော့ တကယ်မြေပြင် Ground မှာ တွေ့ရတဲ့ ပြည်သူတွေ တိုင်းသူပြည်သားတွေရဲ့ ဒုက္ခပေါင်းများစွာ မြင်ရတဲံအခါမှာ ကျနော် ရုပ်ရှင်သမားဆိုတဲ့ ရုပ်ရှင်ရိုက်ဖို့ ဆိုတာတွေက ပျောက်သွားပြီးတော့ မြေပြင်မှာ ကူညီပေးရမယ့် ကိစ္စတွေ၊ ဝိုင်းဝန်းလုပ်ပေးရမယ့် ကိစ္စတွေဘက်ကို ရောက်သွားပြီး ကျနော် ဒါရိုက်တာတယောက်ရဲ့စိတ် အစတုန်းက လွတ်မြောက်နယ်မြေ ထွက်တုန်းက စိတ်တွေ မရှိတော့ဘဲနဲ့။ တနှစ်လောက်ကြာတော့မှ ကျနော် ဒီရုပ်ရှင်ရိုက်ဖို့တွေ ဖြစ်လာတာ။
ကျနော် နှစ်ကားရိုက်ခဲ့တာ ပထမ တကားကတော့ “မသောက်မိသောမိုးခါးရေ”၊ ဒုတိယ တကားကတော့ Short film ပေါ့။ “ရောင်နီတွေ လာရာလမ်း” ဒီကားက Documentary ပေါ့။ Documentary ကတော့ ကျနော်ရဲ့ ဒိုင်ယာရီပေါ့။ ဒိုင်ယာရီကို သိပ္ပံမောင်ဝတို့ ခေတ်တုန်းကတော့ ဒိုင်ယာရီဆိုတာ စာအုပ်မှာ ရေးကြတာ။ ဒီဘက်ခေတ်မှာကတော့ ကိုယ့်ရဲ့ ဒိုင်ယာရီကို အရုပ်နဲ့ မှတ်တမ်းတင်တာပေါ့။ ကျနော်ရဲ့ ဒိုင်ယာရီကို ပရိတ်သတ်ကို ချပြလို့ရတဲ့ Idea တခု အစိတ်ပိုင်းတခုကို ချပြတာပေါ့လေ။ ရိုက်တဲ့အခါမှာ ရတဲ့ ရန်ပုံငွေ ဒီကနေလုပ်ခဲ့တဲ့ Propaganda စိတ်ဓာတ်စစ်ဆင်ရေးတွေသည် အများကြီး ထိရောက်တယ်လို့ ကျနော် ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရှာနိုင်တဲ့ ရန်ပုံငွေနဲ့ ကိုယ်ရှာခဲ့ပြီးတော့ တပ်ရင်းတပ်ဖွဲ့တွေ စစ်ရှောင်တွေ မြေပြင်မှာ လိုအပ်နေတဲ့ အဖွဲ့တွေအားလုံးကို ကျနော် သိန်းတသောင်းခွဲလောက် မြန်မာငွေနဲ့ဆို သိန်းတသောင်းခွဲလောက် ရုပ်ရှင်နှစ်ကားကနေ ကျနော် ပံ့ပိုးပေးနိုင်ခဲ့တယ်ပေါ့လေ။ ဒီနေ့ဒီအချိန်ထိ ပြည်သူတွေ၊ မြေပြင်ကို Ground ကို ရောက်ရင် သူတို့တွေနဲ့တွေ့ရင် သူတို့တွေလည်း ဟာ ကိုကြီးပေါက် ဘယ်မှ မသွားဘဲ ရှိနေလို့ အားတက်တယ်ဆိုတဲ့ စကားတွေက ကျနော် ပြောခဲ့သလိုပဲ ကျနော့် ဇာတ်ကားထဲမှာ ပြောခဲ့သလိုဘဲ တော်လှန်ရေးကြီးသည် ပြီးဆုံးဖို့ တော်လှန်ရေး အောင်ဖို့တွေက ကိုပေါက် ရှိခြင်းမရှိခြင်းနဲ့ မသက်ဆိုင်ဘူး။ ကိုပေါက်မပါလို့လည်း တော်လှန်ရေးကြီးက ရှုံးနိမ့်သွားမှာ နှောင့်နှေးသွားမှာ မဟုတ်ဘူး။ ကိုပေါက်သည် တော်လှန်ရေး အပေါ်မှာ အများကြီး သက်ရောက်မှု့ မရှိဘူး။ ဒါပေမယ့် ကျနော်ကို ကြည့်ပြီးတော့ Motivation တွေ ရပြီးတော့ ခွန်အားဖြစ်တဲ့ သူတယောက်ရှိရင် ကျနော် ကျေနပ်ပြီလို့ ပြောခဲ့တဲ့ စကားရှိတယ်။ အဲ့အတိုင်းပဲ ကျနော် လူတယောက်ထက်မကတဲ့ ရဲဘော်တွေ မြေပြင်မှာ အတူတူရှိနေတာ တွေ့ရတော့ သူတို့ခွန်အား ဖြစ်တာတွေ့ရတော့ ကျနော်တို့ လုပ်ခဲ့တဲ့အရာတွေ အာဏာရှင်ကို ဆန့်ကျင်ပြီးတော့ တော်လှန်တာတွေ အောင်မြင်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်လို့ ကျနော်ကတော့ အဲ့ဒီလိုပဲ ပြောချင်ပါတယ်။
မေး ။ ။ အဲ့ဒီတော့ ကိုပေါက်က အခုဆိုရင် မိသားစုလိုက် တော်လှန်ရေးနယ်မြေထဲမှာ နေပြီးတော့ လှုပ်ရှားနေကြတယ်ပေါ့။ အဲ့ဒီတော့ မိသားစုပါ ကိုယ်နဲ့အတူတူ ရပ်တည်ပြီး လှုပ်ရှားပေးနေတယ်ဆိုတော့ တော်တော်လည်း ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ တခြားအနုပညာရှင်တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင်။ အဲ့ဒီတော့ မြန်မာနိုင်ငံထဲမှာ ကျန်ခဲ့တဲ့ အနုပညာရှင်တွေ အနုပညာသည်တွေကကော တကယ်ပဲ သူတို့က စစ်ကောင်စီကို ထောက်ခံလို့လား စစ်အာဏာသိမ်းတာကို ထောက်ခံလို့လား။ လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ အနုပညာရှင်တွေရဲ့ အနေအထားကိုကော ဘယ်လို သုံးသပ်လဲရှင့်။
ဖြေ ။ ။ အဲ့ဒါကိုတော့ ကျနော် နှစ်ပိုင်းခွဲပြီး ပြောရမယ်နဲ့ တူတယ်။ ဘာလို့ဆို ကျနော့်ကိုလည်း အဲ့ဒီလို မေးခွန်းမျိုးတွေ ကျနော် ရုပ်ရှင်ပြပွဲတွေမှာ ဆိုရင် Live တွေ လွှင့်ပြီးတော့ Q and A section တွေမှာ မေးကြတယ်။ ကျနော့်ကို မေးတဲ့အချိန်မှာ ကျနော် မြင်တဲ့အမြင်ပေါ့ အဲ့ဒီအချိန်မှာ ကျနော် သုံးသပ်တာက အပိုင်း (၂) ပိုင်း။ ၂ ပိုင်းဆိုတာ လူတွေက တယောက်နဲ့တယောက်က ခံနိုင်ရည် စွမ်းအား မတူကြဘူး။ ကားတွေမှာလိုပဲပေါ့ ယာဥ်တစ်တန်ခွဲ၊ ၂ တန်၊ ၃ တန်၊ ၆ တန် ဆိုတာတွေ သူခံနိုင်တဲ့ ဝန်ပေါ်မှာ သူ့ကုန်တင်မှဘဲ အဲ့ဒီကားက သွားလို့ ရမှာ။ အဲ့ဒီတော့ တစ်တန်ခွဲ ခံနိုင်တဲ့ ယာဥ်ပေါ်မှာ ၃ တန်သွားတင်လို့ မရဘူး။ အဲ့ဒီတော့ လူတွေလည်း ဒီလိုဘဲပေါ့ ကျနော်က တောထဲထိရောက်ပြီး ဒီလိုမျိုး လုပ်နိုင်ပေမယ့် သူတို့တွေသည် ဆန္ဒပြပြီးတော့ နှစ်ငါးလုံး ဖြစ်လာအောင်လုပ်တဲ့ အခြေအနေလောက်ထိပဲ သူတို့ လုပ်လာနိုင်ခဲ့တယ်ဆိုရင်လည်း အဲဒီအချိန်မှာ လုပ်ခဲ့တဲ့အပေါ်မှာ ကျနော်က သူတို့တွေ ပါဝင်ခဲ့တဲ့ အတိုင်းအတာတခုထိတော့ ကျနော်က အသိအမှတ်ပြုတယ်။ ဘာလို့ဆိုတော့ တချို့အနုပညာရှင် တော်တော်များများ လမ်းပေါ်ထွက်ခဲ့ကြတဲ့အတွက်လည်း သူတို့တွေနောက်က သူတို့ပရိသတ်တွေ လမ်းပေါ်ရောက်ခဲ့ကြတယ်လို့လည်း ကျနော်လက်ခံတယ်။ အဲ့ဒီတော့ သူတို့တွေ ဆက်ပြီးမလိုက်နိုင်ကြတော့ဘူး။ ဒီနေရာတွေတင်မှာဘဲ သူတို့ရဲ့ ခံနိုင်ရည်အားတွေက ကုန်သွားတဲ့အတွက် သူတို့တွေ ဒီမှာပဲ Stop လုပ်လိုက်ရတာတွေ ရှိမယ်။
တချို့တွေကျတော့လည်း ပျော်ပျော်ကြီးကို စစ်ကောင်စီကို ပူးပေါင်းဖို့ စစ်ကောင်စီကို သူတို့ရဲ့ဒေါက်တိုင်အဖြစ် ရပ်တည်ဖို့ လူတွေကိုတော့ ကျနော် မပြောတော့ဘူးပေါ့။ တချို့တွေက အခြေအနေ အကြောင်းကြောင်းကြောင့် လုပ်ချင်စိတ် ရှိပါလိမ့်မယ်။ ဒါပေမဲ့ လုပ်ဖို့အကြောင်းတရား အမျိုးမျိုးကြောင့် မလုပ်နိုင်ကြတဲ့အခြေအနေမှာ ရှိနေတဲ့နေရာမှာ ရပ်လိုက်ပြီးတော့ နေလိုက်ရတာတွေလည်း ရှိပါလိမ့်မယ်။ ကျနော် အလုံစုံကိုတော့ အကုန်လုံးကိုတော့ သိမ်းကျုံးပြီးတော့ မပြောချင်ဘူး။ အဲ့ဒီလို နေရင်းနေရင်းနဲ့တော့ နောက်ပိုင်းမှာတော့ ပုံမှန်အေးဆေးပါကွာ - ပုံမှန် ငါတို့ ဒီလိုနေရင်လည်း ရပါတယ်ဆိုပြီးတော့ ပြန်ပြောင်းသွားတဲ့ လူတွေလည်း တွေ့ရတာပဲ။ လုံးဝကို အဲ့နေရာမှာဘဲ ရပ်နေပြီးတော့ ဘာမှကိုမလုပ်တဲ့ အနုပညာရှင်တွေလည်း ရှိတယ်။ ဘာမှကို သိမ်းကျုံးပြီးတော့ အကုန်လုံးတော့ ကျနော်မဆိုလိုချင်ဘူး။ နှစ်ငါးလုံးကြီး လူပင်လယ်ကြီး ဖြစ်အောင် လုပ်ခဲ့စွဲဆောင်ခဲ့တဲ့ထဲမှာ အခုကျန်ခဲ့တဲ့ တချို့အနုပညာရှင်တွေလည်း ပါတယ်။ သူတို့တွေကိုလည်း အတိုင်းအတာတခုထိ ကျနော် အသိအမှတ်ပြုတယ်။ မလိုက်လာခဲ့တဲ့အပေါ်မှာ ငါလောက် မလုပ်နိုင်လို့ဆိုပြီး သူတို့တွေကတော့ အဲဒီလိုမျိုး သူတို့တွေကို ကျနော် မမြင်ချင်ဘူး။ လူတိုင်းတော့ မဟုတ်ဘူး။ တချို့တွေကျတော့ လုံးဝ သေချာပေါက်ကို စစ်ကောင်စီဘက်ကနေ ရပ်တည်ပြီးတော့ လုံးဝမားမားမတ်မတ်ကို ဒေါက်တိုင်အဖြစ် နေတဲ့ အနုပညာရှင်တွေ သေချာပေါက်ရှိတယိ။ တချို့တွေကတော့ အခြေအနေ အကြောင်းကြောင်းကြောင့် ဟိုလိုဒီလို နေရတဲ့ လူတွေ။ တချို့တွေကြတော့ လုံးဝကိုပဲ မာမာချာချာနဲ့ စစ်ကောင်စီဘက်မှာ နေတဲ့သူတွေလည်း ရှိပါတယ်။
မေး ။ ။ အဲ့ဒီတော့ ကိုပေါက်တို့လို အနုပညာရှင်တွေက အခု တော်လှန်ရေးနယ်မြေတွေက ရပ်တည်လှုပ်ရှားနေကြသလို အကျဥ်းထောင်တွေထဲမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှု့တွေကြောင့် ရုပ်ရှင် ဖန်တီးသူ ဆရာမရှင်ဒေဝီဆိုရင်လည်း အကျဥ်းကျခံနေရတယ်။ ပြီးခဲ့တဲ့ ရပ်ပိုင်းကပဲ ဆရာကိုစိမ်းဆိုရင်လည်း သူဆိုရင် ထောင်ကထွက်လာပြီး ရက်ပိုင်းအတွင်းမှာဘဲ ဆုံးပါးသွားခဲ့ရတယ်။ အဲ့ဒီတော့ ဒီလို အထူးသဖြင့် ရုပ်ရှင်ဖန်တီးတဲ့သူတွေ အနုပညာရှင်တွေ ထောင်ထဲမှာ အကျဥ်းကျခံရတာ၊ အသက်ဆုံးရှုံးရတာတွေက ဘယ်လောက်ထိ မြန်မာနိုင်ငံအတွက် ဘယ်လောက်ထိ ထိခိုက်မှု့တွေ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိပါလဲရှင့်။
ဖြေ ။ ။ ကျနော် အမှတ်မှားရင်တော့ Sorry ပါ။ ကျနော်မှတ်ထားတာ သိသလောက်တော့ ဒါရိုက်တာတယောက် စစ်ကောင်စီကြောင့် သေသွားတဲ့ ဒါရိုက်တာက ကိုစိမ်းက ပထမဦးဆုံးလို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုစိမ်းက ကျနော်တို့ Mainstream မှာတော့ ကိုစိမ်းက ရပ်တည်တဲ့သူ မဟုတ်ဘူး။ သူက Short Film, Documentary တွေကို အများကြီးရိုက်ပြီးတော့ နိုင်ငံတကာမှာလည်း အသိအမှတ်ပြုခံရသူ။ Documentary, Short Film လောကမှာဆို ကိုစိမ်းဆိုတာ မသိတဲ့လူ မရှိဘူး။ … Fest နှင့် အမေရိကန်စင်တာတို့မှာ Documentary နဲ့ ပတ်သက်ပြီး Workshop တွေ အတူတူတက်ကြတယ်။ ကျနော်တို့ ဆွေးနွေးကြတာတွေ၊ ရုပ်ရှင်တွေ အတူတူကြည့်ကြတာတွေမျိုးမှာ ကိုစိမ်း၊ မဒေဝီတို့က အတူတူ။ သူတို့တွေ ထောင်ကျသွားတာကို ကြားရတယ်။ မဒေဝီဆိုလည်း တသက်တကျွန်း ပေးခံရတယ်။ ကိုစိမ်း ထောင်ကျတယ်။ နောက်ဆုံး ကိုစိမ်းနဲ့ ကျနော်က မှတ်မှတ်ရရ ဘာလဲဆိုတော့ ကိုစိမ်းနဲ့ မဒေဝီတို့ နှစ်ယောက်ကို မင်းမော်ကွန်းရဲ့ အနုပညာ Artists တွေကို ထောက်ပံ့မယ်ဆိုတဲ့ Campaign လေးရှိတော့ ကျနော်က မင်းမော်ကွန်းရဲ့ ကော်မတီတွေနဲ့လည်း အတူတူရှိနေတာဆိုတော့ ဒီဒါရိုက်တာနှစ်ယောက်ကိုတော့ ရရှိမယ့် ထောက်ပံ့ငွေလေးတော့ ပေးဖို့ဆိုပြီး ကျနော် Recommend ပေးပြီးတော့ တင်ပြခဲ့တဲ့အချိန်မှာ အဲဒါကို Agree ပေးမယ်၊ ထောက်ပံ့မယ်လို့ ပြောဆိုနေတုန်းပဲ ရှိသေးတယ်။
ထောင်ထဲမှာ ကိုစိမ်းက အောက်ပိုင်းသေသွားပြီဆိုတာမျိုး ကျနော် ကြားသိတယ်။ နှိပ်စက်ခံရပြီး အောက်ပိုင်းသေသွားတယ်။ သိတဲ့အတိုင်း ကိုစိမ်းက နဂိုကတည်းက ပါးပါးလေး - ပိန်ပိန်သေးသေးလေး။ ထောင်ထဲမှာ နှိပ်စက်ခံရတဲ့ ဒဏ်တွေနဲ့ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်တော့ အောက်ပိုင်းသေပြီးတော့၊ နောက်ဆုံး ကျနော် သိရတာက ထောင်ထဲမှာပဲ ဆုံးသွားတယ်လို့ ကျနော့်စိတ်ထဲက သိပေမဲ့ တကယ်တမ်း ထဲထဲဝင်ဝင် မိသားစုနဲ့ Information ရတဲ့အခါမှာတော့ သူက တော်တော်အခြေအနေ ဆိုးနေတဲ့ အခြေအနေကျမှ။ မိသားစုကို အပ်လိုက်တာလို့ ကြားသိရတယ်။ အပ်လိုက်ပြီးမှ တကယ်တမ်း သူတို့လက်ထဲမှာ မနိုင်တော့ဘူး။ အဲ့ဒီအခါမှ သေသွားတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ပေးလိုက်တော့ ဒီလိုမျိုး အနုပညာ၊ ကျနော်တို့လောကရဲ့ ဒါရိုက်တာတယာက် ဆုံးရှုံးခြင်းသည် ကျနော်တို့လောကကြီးတခုလုံးကို နင်းချေဖျက်ဆီးလိုက်သလိုမျိုး ကျနော် ခံစားရပါတယ်။
မေး ။ ။ အခုလို ကိုပေါက်တို့ အနုပညာသည်တွေ ထောင်ထဲမှာလည်း အကျဉ်းကျခံနေရပြီး အနှိပ်စက်ခံနေရတဲ့ အနေအထားတွေလည်း ရှိသလို၊ ကိုပေါက်ကိုယ်တိုင်လည်း တော်လှန်ရေးနယ်မြေမှာလည်း လှုပ်ရှားနေတဲ့အခါကြတော့ အဓိက ကိုပေါက်ရဲ့ - အခုဆိုရင် ၃ နှစ်ကျော်လာပြီ - ဆိုတော့ ပထမဦးဆုံး ထွက်လာတုန်းက ၁ နှစ်အတွင်းမှာပဲ ပြန်ပြီး၊ အခြေအနေတွေ ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်တယ်။ အခု ၂ နှစ်၊ ၃ နှစ်ကြာလပြီ။ ဆိုတော့ ကိုပေါက် အခုလိုမျိုး တော်လှန်ရေးနယ်မြေမှာ ရပ်တည်မျှော်လင့်နေတဲ့ မျှော်လင့်ချက်က ဘာလဲရှင့်။
ဖြေ ။ ။ ကျနော် မျှော်လင့်ချက်က သေချာပေါက် ကျနော် အိမ်ပြန်ရမယ်။ သိပ်မကြာတော့ဘူးပေါ့။ အဲဒီ မကြာတော့ဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ ဒီအလုပ်ကို ဆက်ပြီးတော့ ဒီမှာပဲဆက်ပြီး လုပ်နေပါတယ်။ သေချာပါတယ် သိပ်မကြာတော့ဘူး။ အရင်တုန်းက ကျနော်တို့ အိမ်ပြန်လမ်းတွေကို ဖောက်ခဲ့ကြတုန်းက အိမ်ပြန်လမ်းသည် ဘယ်လမ်းက ဖောက်ရမယ်ဆိုတာကို မသိဘူး။ ကျနော်တို့ ဘာတွေလုပ်ကြသလဲ။ ကျနော့် ခါးမှာရှိတဲ့ ဓါးမတို၊ ဝါးချွန်တို့နဲ့ပဲ လမ်းကလေးကို ရှင်းပြီးဖောက်ခဲ့ကြတယ်။ အဲဒီလမ်းက မတွင်ခဲ့ဘူး။ တဖြည်းဖြည်းနဲ့ ကျနော်တို့တွေ စုဖွဲ့မှုတွေ ရလာတဲ့အချိန်မှာ ကျနော်တို့ရဲ့လမ်းလေးက မြက်ရိုက်စက်နဲ့ ရှင်းတဲ့လမ်းလေး ဖြစ်လာတယ်။ ပြီးတော့မှ တဖြည်းဖြည်းနှစ်တခု အတိုင်းအတာတခု ရောက်လာတဲ့အခါမှာ ကျနော်တို့က ထွန်းစက်နဲ့ဖော်တဲ့လမ်း ဖြစ်လာတယ်။ အဲဒီတော့ ထွန်းစက်နဲ့ဖော်တဲ့လမ်း ဖြစ်တဲ့အတွက် လေးငါးဆယ်ယောက် လျှောက်လို့ရတဲ့လမ်း ဖြစ်လာတယ်။ အခုတော့ အားလုံးလည်း မြင်တဲ့အတိုင်း အရင်တုန်းက တူမီးနဲ့ စခဲ့ရတဲ့ ကျနော်တို့ တော်လှန်ရေးကနေ စစ်တိုင်းတတိုင်းလုံးတောင် ကျအောင် လုပ်နိုင်ပြီဆိုတော့ ကျနော်တို့ရဲ့ အိမ်ပြန်လမ်းက ဘော်ဒူဇာနဲ့ ထိုးတဲ့လမ်းကို ရောက်နေပြီ။ အဲဒီတော့ တချို့တွေက ကိုယ့်အိမ်တွေကို ပြန်ရောက်သွားတာ မြင်တဲ့အတိုင်းပဲ။ တချို့ ERO တွေဆိုရင် ကိုယ့်ရဲ့ခြံစည်းရိုးထဲကို ကိုယ်ရောက်နေကြပြီ။ ကိုယ့်အိမ်ပေါ်ကို တက်ဖို့ပဲ ကျန်တော့တာ။ ကိုယ့်အိမ်ပေါ်ကို တက်ဖို့အတွက်က ဘယ်ကနေ တက်မလဲ။ အိမ်ရှေ့တံခါးပေါက်က တက်မလား။ နောက်ဘေးတံခါးပေါက်က တက်မလား။ ကြမ်းကခွါတက်မလား။ မြက်နှာကျက်က ဆင်းမလားဆိုတာ အိမ်အဝင်ပေါက်ကို ရှာနေကြတယ်။ တကယ်တော့ သူတို့ခြံစည်းရိုးထဲ သူတို့ ပြန်ရောက်နေကြပြီ။ ကျနော်တို့သာ ကျနော်တို့ ခြံစည်းရိုးနားကို ကပ်လို့မရသေးဘူး။ ဒါပေမဲ့ ကျနော်တို့သည် ကိုယ့်ခြံစည်းရိုးနားကို ကပ်လို့မရသေးပေမဲ့ သူများတွေ အိမ်ပြန်ရောက်ရင် ကျနော်တို့ အိမ်ပြန်ရောက်သလို ခံစားရတယ်။ အဲဒီတော့ သူများတွေ အိမ်မြန်မြန် ပြန်ရောက်ဖို့အတွက် ကျနော်တို့ မရောက်သေးတဲ့ လူတွေကလည်း သူတို့ရောက်ဖို့အရေးကို ကျနော်တို့က ကြိုးစားပေးရမယ်။ သူတို့နဲ့အတူတူ ပံ့ပိုးမယ်။ သူတို့ အိမ်ပြန်ရောက်ရင်လည်း ကျနော်တို့ အိမ်ပြန်ရောက်သလို ခံစားရပါတယ်။ အဲဒီလို ဆက်သွားနေကြမယ်။
မအင်ကြင်းနိုင် ။ ။ အခုလို ကျမတို့မေးတဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုပေါက်။
ကိုပေါက် ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ အမ။