သဘာဝအန္တရာယ် ကာကွယ်ရေး အရင်းအနှီး ပိုမိုလိုအပ်

သဘာဝအန္တရာယ် ကာကွယ်ရေး အရင်းအနှီး ပိုမိုလိုအပ်

သဘာဝအန္တရာယ် ကာကွယ်ရေး အရင်းအနှီး ပိုမိုလိုအပ်

မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ်ခံရမှု အန္တရာယ်နည်းအောင် ဆောင်ရွက်မှုတွေဟာ ၂ နှစ်အတွင်းမှာ တိုးတက်လာတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ သဘာဝ ဘေးအန္တရာယ် လျော့နည်းရေး မဟာဗျူဟာအဖွဲ့ ISDR အကြီးအကဲ မြန်မာနိုင်ငံကိုရောက်နေချိန်မှာ တိုးတက်မှုတွေ ရှိလာတယ်ဆိုတာကို ISDR က VOA ကို ပြောပြပါတယ်။ ဒါပေမဲ့ ဒီ့ထက်တိုးတက်ဖို့ နောက်ထပ် လုပ်စရာတွေ ရှိနေသေးတယ်လို့ ISDR ပြောခွင့်ရသူ ဒဲနစ်မက်ကလင်း (Denis McClean) က ပြောပါတယ်။ ထပ် လုပ်စရာတွေ ရှိနေသေးတယ်ဆိုတာတွေက ဘာတွေပါလဲ၊ မြန်မာနိုင်ငံမှာ သဘာဝဘေး ကျရောက်တဲ့အခါ ဒဏ်ခံရမှုနည်းအောင် ဘာတွေ အကောင်းဆုံး ကြိုတင် ပြင်ဆင်သင့်သလဲ ဆိုတာကို မစုမြတ်မွန်က အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဆိုးဆိုးရွားရွားဒဏ်ခံခဲ့ရတဲ့ နာဂစ်မုန်တိုင်းက သင်ခန်းစာတွေကို အစိုးရကယူပြီး ပြီးခဲ့တဲ့နှစ် ဂီရိမုန်တိုင်းနဲ့ ဒီနှစ် ရှမ်းပြည်ငလျင်ဒဏ် ခံရစဉ်မှာ ကုလသမဂ္ဂအဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ အစိုးရဘက်က ပိုပြီး ပူးပေါင်း ဆောင်ရွက်လာတယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ သဘာဝဘေးအန္တရာယ် လျော့နည်းရေး မဟာဗျူဟာအဖွဲ့ ISDR က ပြောပါတယ်။ ဒါ့အပြင် မြန်မာတနိုင်ငံလုံးမှာ သဘာဝဘေး လျော့ပါးရေး ဆောင်ရွက်မှုတွေဟာ ယေဘုယျအားဖြင့် တော်တော်လေး တိုးတက်လာခဲ့တယ်လို့ ISDR ပြောခွင့်ရသူ ဒဲနစ်မက်ကလင်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အာရှက သဘာဝဘေးဒဏ်အခံရဆုံး နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေအတွက် လုပ်စရာလိုတာတွေကို မြန်မာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ISDR အကြီးအကဲ မာဂရီတာ ဝယ်လ်စတရွမ် (Margarreta Wahlstrom) မြန်မာနိုင်ငံမှာ ရောက်နေစဉ်မှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အခုလို သဘာဝဘေး လျော့ပါးရေးဆောင်ရွက်မှုတွေ မြန်မာနိုင်ငံမှာ ၂ နှစ်အတွင်း တော်တော်လေး တိုးတက်လာခဲ့ပေမဲ့ လုပ်စရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို မစ် ဝယ်လ်စတရွမ်က ပြောတဲ့အကြောင်း ISDR ပြောခွင့်ရသူ ဒဲနစ်မက်ကလင်းက အခုလို ပြောပြပါတယ်။

“သဘာဝဘေးဒဏ်ကျရောက်တဲ့ အကြိမ်များလာနေချိန်မှာ ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုပိုင်း တိုးတက်လာတယ်ဆိုပေမဲ့ ဘေးဒဏ်ကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုတွေကလည်း ပိုများလာပါလိမ့်မယ်။ ဒါကြောင့် ထပ်လုပ်စရာတွေတော့ အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် သဘာဝဘေးဒဏ် လျော့နည်းရေးပိုင်းနဲ့ အခြေခံအဆောက်အအုံပိုင်းအတွက် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။”

ISDR အကြီးအကဲဟာ သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေ ပေါ်ပေါက်လာဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ ဒုတိယသမ္မတ စိုင်းမောက်ခမ်းအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး သဘာဝဘေး လျော့ပါးရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီတော့ ISDR အနေနဲ့ မြန်မာနိုင်ငံအတွက် ဘယ်လို အကောင်းဆုံး အကြံပေးမှုတွေကို လုပ်နိုင်သလဲ ဆိုတာကို ပြောခွင့်ရသူ ဒဲနစ်မက်ကလင်းကို မေးကြည့်တဲ့အခါမှာ -

“သဘာဝဘေးလျော့ပါးရေးအတွက် လုပ်စရာလိုတဲ့ အဓိက အချက်တစ်ခုကတော့ လူ့အဖွဲ့အစည်းထဲက ပြည်သူတွေကိုယ်တိုင် ပါဝင်ဖို့ အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်။ သဘာဝအန္တရာယ်နဲ့ ဝေးတဲ့နေရာတွေမှာ ကျောင်းတွေ၊ ယာယီဘေးရန် ရှောင်နိုင်မယ့် အဆောက်အဦးမျိုးတွေလို အခြေခံအဆောက်အအုံတွေကို ပြည်သူတွေကိုယ်တိုင်ကလည်း တနိုင်တပိုင် ရင်းနှီးမြှုပ်နှံကြဖို့ လိုအပ်ပါတယ်။ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းတုန်းကဆိုရင် နေရာအတော်များများမှာ အဲဒီလိုတွေမလုပ်ခဲ့လို့ ဘေးဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ကြရတာပါ။ ဒီလို ဆိုးရွားတဲ့အဖြစ်ကနေ ကြိုတင်ပြင်ဆင်မှုပိုင်းမှာ တိုးတက်မှုတွေ အတော်ရှိလာတာကို တွေ့ရပါတယ်။”

ကုလသမဂ္ဂရဲ့ နိုင်ငံတကာ သဘာဝဘေးအန္တရာယ် လျော့နည်းရေး မဟာဗျူဟာအဖွဲ့ ISDR ပြောခွင့်ရသူ ဒဲနစ်မက်ကလင်း ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာသတင်းစာတွေထဲမှာလည်း မြန်မာနိုင်ငံမှာ သဘာဝဘေး စီမံခန့်ခွဲမှုစနစ်တစ်ခု ပေါ်ပေါက်လာအောင် လုပ်သွားမယ့်အကြောင်းတွေကို ဖော်ပြထားပါတယ်။ လက်ရှိအခြေအနေတွေမှာ မြန်မာ့အိမ်နီးချင်းတွေ ဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေမှာ ရေကြီးတဲ့ ဘေးအန္တရာယ်ကြောင့် တော်တော်လေး ဒုက္ခရောက်နေကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရော ဒီလိုအခြေအနေမျိုး စိတ်ပူစရာရှိသလားလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကို မေးကြည့်ပါတယ်။

“မြန်မာပြည်လည်း သိပ်မထူးပါဘူးခင်ဗျာ။ ထိုင်းလောက်တော့ မဆိုးဘူးပေါ့။ ဒါပေမဲ့ ဒီမှာလည်း ရေကြီးတာတော်တော်ဆိုးပါတယ်။ အခုထိ တချို့နေရာတွေ ရေမြှုပ်နေတုန်းပဲ။ အလယ်ပိုင်း ကျောက်ဆည်ဘက်တို့။ မြန်မာနိုင်ငံအလယ်ပိုင်းက ဒီနှစ် တော်တော်လေး ရေကြီးပါတယ်ခင်ဗျ။ မုန်တိုင်းပဲ ကြည့်နေကြရတာပါပဲ။ အရှေ့ဘက်ကလာတာတွေကလည်း မြန်မာပြည် မရောက်ခင်မှာ အားပျော့ ပျက်ပြယ်သွားတော့ နည်းနည်း ကံကောင်းတယ်ခေါ်ရမှာပေါ့။ ဘင်္ဂလားပင်လယ်အော်ကလည်း မုန်တိုင်းဖြစ်ဖို့ သယ်လာပြီး သူကမဖြစ်ဘဲနဲ့ ပျက် ပျက်နေတယ်။ အဲဒီနှစ်ခုကို ကြည့်နေရတာပါပဲ။ အဲဒီကောင်ဖြစ်ရင်တော့ နောက်တစ်ကြိမ် ရေကြီးဖို့ဆိုတာ နည်းနည်း သတိထားရမှာပေါ့။”

မြန်မာနိုင်ငံက ပြည်သူတွေကို သဘာဝဘးဒဏ် ကြိုတင် အသိပေးမှုအတွက် လုံလောက်တယ်ထင်လားလို့ မေးတဲ့အခါမှာတော့ -

“တော်တော်များများက သတိရှိပါတယ်။ ကျနော်ဆိုရင် ကျနော့် ဖောင်ဒေးရှင်းကနေပြီးတော့ FM သုံးခု၊ တီဗွီလိုင်းတစ်ခု နဲ့ ဂျာနယ်တွေ အများစုကို အမြဲပြောနေတာပဲ။ တော်တော်များများကတော့ ဒါကို ကြိုသိနေကြပါတယ်။ အများကြီး တိုးတက်လာပါတယ်။ အရင်ကနဲ့စာရင်ပေါ့။”

မိုးလေဝသပညာရှင် ဦးထွန်းလွင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ်အတွက် အသိပညာ ပေးတဲ့နေရာမှာ လက်လှမ်းမမီတဲ့ နေရာတွေအပြင် ဝေးလံပြီး ဘေးဒဏ်ကျရောက်နိုင်တဲ့ နေရာတွေက ပြည်သူတွေပါ သိရှိအောင် လုပ်သင့်တယ်ဆိုတာကိုလည်း အစိုးရမဟုတ်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အကြံပြုကြပါတယ်။