ရှမ်းပြည် ငလျင်ဘေးသင့်သူတွေ ရေနဲ့ နေရေး အခက်တွေ့

ငလျင်ဒဏ်သင့် တာလေမြို့နယ်တွင် ပုဂ္ဂလိက အလှူရှင်အချို့ အထောက်အပံ့ ပစ္စည်းများ ပေးဝေနေစဉ်။ မတ် ၂၄၊ ၂၀၁၁။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်အားပြင်း မြေငလျင်ဒဏ် သင့်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်းက ကျေးရွာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေတွေ၊ ယာယီနေထိုင်စရာ အထောက်အပံ့တွေ အရေးတကြီး လိုနေဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ မနေ့ကအထိ နောက်ဆက်တွဲ မြေငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့် နေကြဆဲ ဖြစ်ပါတယ်။ မြေငလျင်ကြောင့် သေဆုံးသူပေါင်း ၇၅ ယောက်ရှိတယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြပေမဲ့လည်း တကယ် သေဆုံးသူ အရေအတွက်ဟာ အဲဒီထက် ၂ ဆကျော်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်မြို့အနီးမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၇ ရှိတဲ့ မြေငလျင်ကြီး နောက်ပိုင်း မနေ့ကအထိ နောက်ဆက်တွဲ မြေငလျင် အနည်းဆုံး ၈ ခု လှုပ်ခဲ့ပြီး အခုချိန်အထိ မြေပြိုနိုင်တဲ့ အန္တရာယ်တွေက များနေသေးတယ်လို့ ကုလသမဂ္ဂနဲ့အတူ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေနဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်တဲ့ နောက်ဆုံးအစီရင်ခံစာက ပြောပါတယ်။ ဒါကြောင့် ဒေသခံ ပြည်သူတွေက စိုးရိမ်ထိတ်လန့်နေကြဆဲ ဖြစ်သလို ပုံမှန်အားဖြင့် ရောင်းဝယ်ဖောက်ကားမှု များတဲ့ တာချီလိတ်မြို့မှာ ဆိုရင်လည်း ဈေးဆိုင်တွေ ပိတ်ထားဆဲ ဖြစ်တယ်လို့ မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“အရောင်းအဝယ် ဘာမှမလုပ်ကြဘူး။ ပိုက်ဆံရှိတဲ့ သူတွေကလည်း ခြံတွေ ဘာတွေထဲမှာ တဲထိုးပြီး သွားနေကြတာပေါ့။ ဆိုင်တို့၊ တိုက်တို့ အကုန်လုံး ပိတ်ပြီး ဆင်းသွားကြတယ်။ လမ်းဘေးတို့၊ လယ်ကွင်းတို့ အဲဒီမှာ တဲတွေထိုးပြီး နေကြရတယ်။ အာဏာပိုင်တွေက ထိုးပေးတာပေါ့၊ တဲတွေဘာတွေ။ တဲဆိုတာ မိုးကာလေး ၁၀ ပေလောက်ကို အပေါ်က မိုးပေးတာပဲ ရှိတယ်။ အောက်ကတော့ ကိုယ့်ဟာကို ဖျာလေးဘာလေးနဲ့ နေရတာပေါ့။ မဖြစ်တဲ့သူတွေပဲ ထွက်ပြီးတော့ ဈေးရောင်းကြတာကိုး။”

ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဒေသတွေကတော့ လူဦးရေ စုစုပေါင်း ၁၅,၀၀၀ လောက် နေထိုင်ကြတဲ့ တာလေမြို့နဲ့ မိုင်းလင်းကျေးရွာတို့ ဖြစ်ပါတယ်။ အပျက်အစီးတွေကြား အသက်ရှင် ကျန်ရစ်နေနိုင်ဖွယ် ရှိသူတွေ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေထက် ဒေသခံ စေတနာ့ဝန်ထမ်းတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက အဓိကထား ဆောင်ရွက်နေကြတယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေးဌာနက ဦးအေးဝင်းက ပြောပါတယ်။

“ဒေသခံတွေ အဲဒီမှာရှိတဲ့ အစိုးရ အဖွဲ့အစည်းတွေက လုပ်တာ။ UN က ယန္တရားတွေက ချက်ချင်း မရှိသေးဘူး။ အဲဒီဒေသမှာရှိတဲ့ ယန္တရားတွေ အင်အားက အဲဒီမှာရှိတယ်။”

မြေငလျင်ကြီးလှုပ်ပြီး ၄ ရက်အကြာ ဒီနေ့အထိ အပျက်အစီးတွေကြားက အသက်ရှင် ကျန်ရစ်နေသေးသူ ဘယ်နှစ်ဦး ပြန်တွေ့ခဲ့သလဲ၊ ဘယ်နှစ်ယောက်လောက် ရှိနိုင်ဦးမလဲ ဆိုတာကိုလည်း ကုလသမဂ္ဂ အပါအဝင် ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။

မြေငလျင်ကြောင့် သေဆုံးသူပေါင်း ၁၅၀ လောက်အထိ ရှိနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမဲ့ ဒါကို သီးခြား အတည်မပြုနိုင်သေးပါဘူး။ အစိုးရနဲ့ ကုလသမဂ္ဂက မနေ့ကအထိ ထုတ်ပြန်တဲ့ တရားဝင် စာရင်းတွေ အရတော့ သေဆုံးသူ ၇၄ ဦးနဲ့ ဒဏ်ရာရသူ ၁၂၅ ဦးလို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ လူနေအိမ်ခြေပေါင်း ၃၀၅ လုံး ရှိသွားပြီဖြစ်ပြီး ခရစ်ယာန် ဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အပါအဝင် ဘာသာရေး အဆောက်အဦးပေါင်း ၃၀ နဲ့ အစိုးရ အဆောက်အဦး တချို့လည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ တာချီလိတ်၊ တာလေမြို့ တံတားကိုတော့ အခု ယာယီသွားလို့ရအောင် ပြန်ပြုပြင်ထားပြီလို့လည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာက ပြောပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေ အရေးပေါ် လိုအပ်နေတဲ့ ကိစ္စတွေကိုတော့ ကုလသမဂ္ဂ၊ ကြက်ခြေနီ၊ World Vision စတဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်။ လောလောဆယ် ငလျင်ဒဏ်သင့် ပြည်သူတွေ အရေးပေါ် လိုအပ်နေတာကတော့ သောက်သုံးရေရရှိဖို့ ဖြစ်တယ်လို့ World Vision အဖွဲ့ရဲ့ မြန်မာနိုင်ငံ တာဝန်ခံ ခရစ်စ် ဟဲရင့်ခ် (Chris Herink) က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

“ငလျင်ဒဏ် ခံခဲ့ရတဲ့ ရွာ ၄၀ မှာ ကျနော်တို့ ဝန်ထမ်းတွေကို စေလွှတ်ထားပါတယ်။ ကျနော်တို့ရဲ့ ဆန်းစစ် လေ့လာချက်အရ အဓိက အရေးတကြီး လိုအပ်နေတာကတော့ သန့်ရှင်းတဲ့ သောက်သုံးရေကို ရနိုင်ဖို့နဲ့ ယာယီနေထိုင်ဖို့အတွက် တာပေါ်လင်တွေပဲ ဖြစ်ပါတယ်။”

သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အကူအညီ တောင်းခံချက်အရ မနေ့က အထိတော့ World Vision က ရေသန့်စင်တဲ့ ဆေးပြားတွေကို ငလျင်ဒဏ်သင့် ပြည်သူ ၄၀,၀၀၀ ကြားမှာ ဝေပေးနိုင်ခဲ့သလို ယာယီတဲဆောက်ဖို့ တာပေါ်လင် ၂,၅၀၀ လောက်ကိုပါ ဝေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် လိုအပ်နေသေးတဲ့ ရေသန့်စင်တဲ့ ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို အနီးအနားမြို့တွေမှာ အလွယ်တကူ ဝယ်ယူလို့ မရတာက လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတခုလို့ မစ္စတာ ဟဲရင့်ခ်က ပြောပါတယ်။

“ပို့ဆောင်ထောက်ပံ့ရေး လုပ်ငန်းတွေမှာ အခက်အခဲတခုက လိုအပ်တဲ့ ပစ္စည်းတချို့ကို အနီးအနားမြို့တွေဖြစ်တဲ့ တာချီလိတ်၊ ကျိုင်းတုံတို့မှာ ဝယ်လို့မရတာဘဲ ဖြစ်ပါတယ်။ ဥပမာ အစားအသောက်၊ ဆေးဝါးတွေကို အနီးအနားမှာ ဝယ်လို့ရပေမဲ့ ရေသန့်စင်တဲ့ ပစ္စည်းတွေ၊ နေရေးထိုင်ရေး ပစ္စည်းတွေကို ရန်ကုန်ကနေ ပို့နေရပါတယ်။ လေယာဉ်နဲ့ မဟုတ်ဘဲ ကုန်းလမ်းနဲ့ဆို ၅ ရက်လောက်တောင် ကြာပါတယ်။”

တာချီလိတ်နဲ့ ကျိုင်းတုံ လေဆိပ်တွေကတော့ မပျက်စီးဘဲ အသုံးပြုလို့ ရနေဆဲပဲလို့ ဆိုပါတယ်။ ရေသန့်စင်တဲ့ ဆေးပြားတွေ၊ ယာယီတဲတွေအပြင် World Vision အနေနဲ့ ကလေးအယောက် ၁၀၀ စီဆန့်တဲ့ ကလေးဂေဟာ ၆ ခုကို ဖွင့်ထားပြီး ဖြစ်တယ်လို့ မစ္စတာ ဟဲရင့်ခ်က ပြောပါတယ်။

ဒီကလေးဂေဟာတွေကတော့ ငလျင်ဒဏ်သင့် ကလေးသူငယ်တွေအတွက် လုံလုံခြုံခြုံ နေထိုင်နိုင်ပြီး ကစားနိုင်ဖို့နဲ့ သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာမှာ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ဖို့၊ ထိတ်လန့်မှုတွေကို ကျော်လွှားနိုင်ဖို့ ကျွမ်းကျင်တဲ့သူတွေနဲ့ ဖေးမပေးသွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသ ကူညီကယ်ဆယ်ရေးတွေအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကလည်း လိုအပ်တဲ့ အကူအညီတွေပေးဖို့ ကမ်းလှမ်းထားသလို တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ပေးလှူမယ်လို့ ကမ်းလှမ်းထားပါတယ်။