အခြေခံပညာရေးဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

(ဓာတ်ပုံ - အမျိုးသားလွှတ်တော် Facebook)

အမျိုးသားလွှတ်တော် အခြေခံပညာရေး ဥပဒေကြမ်းကို အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို တင်သွင်းအတည်ပြုပေမဲ့ ဥပဒေကြမ်းရေးဆွဲတာမှာ ပြင်ပလွတ်လပ်တဲ့ ပညာရေးဝန်ထမ်းတွေ ပါဝင် အကြံပေးခြင်းမရှိဘဲ ရေးဆွဲလိုက်တဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အခြေခံပညာရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်က အဆိုတင်သွင်းခဲ့တာပါ။ ဒီဥပဒေကို အင်္ဂါနေ့က အမျိုးသားလွှတ်တော်မှာ ဆွေးနွေး အတည်ပြုခဲ့တာပါ။ ဒီဥပဒေထဲမှာ မသင်မနေရ ပညာရေးစနစ်တွေ ပါဝင်သလို အကြောင်းကြောင်းကြောင့် ပညာမသင်ခဲ့ရသူတွေကို အထူး အခွင့်အရေးအနေနဲ့ ပညာသင်ကြားပေးရေး စတဲ့အချက်တွေပါ ပါဝင်ထားပါတယ်။ ဒီလိုတင်ပြထားရာမှာ မိဘ သို့မဟုတ် အုပ်ထိန်းသူဟာ ကျောင်းနေအရွယ် ကလေးများကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ အခမဲ့ မသင်မနေရ ပညာရေးကို သင်ကြားပေးရေးအတွက် သက်ဆိုင်ရာကျောင်းတွေကို မဖြစ်မနေ ကျောင်းအပ်ဖို့နဲ့ ပညာရေးအဆင့် ပြီးမြောက်တဲ့ထိ သင်ယူစေရန် တာဝန်ရှိတယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ အတည်ပြုတဲ့ အခြေခံပညာရေး ဥပဒေကြမ်းမှာ ပါဝင်တဲ့ အချက်အချို့ကို ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက အခုလို လွှတ်တော်မှာ ဖတ်ကြားခဲ့ပါတယ်။

“မတတ်စွမ်းသူ နိုင်ငံသားများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူနိုင်ခဲ့ခြင်း မရှိသူများကို အခြေခံပညာရေး အဆင့်တိုင်းတွင် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ်၊ အထူး ပညာရေး အစီအစဉ်နှင့် ပညာရေး အထူး ဝန်ဆောင်မှု အစီအစဉ်များအရ ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပ ပညာရေး တခုခုတွင် အခြေခံပညာ သင်ယူနိုင်ခွင့် ရရှိရေး၊ အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို ဦးတည် အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေး၊ ပညာလေ့လာသင်ယူရာတွင် သင်ယူသူ၏ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ၊ မသန်စွမ်းမှု အပါအဝင် မည်သည့်ခွဲခြားမှုမျှ မရှိစေ။ မြန်မာဘာသာစကားသည် ရုံးသုံးဘာသာစကားဖြစ်သဖြင့် အခြေခံပညာအဆင့်တွင် သင်ကြားမှု ဘာသာစကားဖြစ်ရေးနှင့် လိုအပ်လျှင် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာစကားနဲ့အတူ စာသင်ခန်းသုံး ဘာသာစကားဖြင့် တွဲဘက် အသုံးပြုနိုင်ရေး”

အခြေခံပညာရေးဥပဒေကြမ်းမှာ အခြေခံပညာ ဆရာ၊ ဆရာမတွေကို ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်အလိုက် အဆင့်တိုးမြှင့်ခြင်း၊ လစာငွေတိုးမြှင့်ခြင်းနဲ့ ချီးမြှင့်ငွေတွေ ချီးမြှင့်ဖို့ စတဲ့အချက်တွေ ပါဝင်တဲ့အပြင် မူကြိုပညာရေး၊ မသန်စွမ်းတွေနဲ့ ပညာမသင်ကြားခဲ့ရသူတွေအတွက် အထူးပညာရေး စတဲ့ ပညာရေးတွေကို အစိုးရကျောင်းတွေမှာ တိကျစွာ ဖော်ထုတ်ရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီပညာရေးဥပဒေကို ရေးဆွဲစဉ်မှာ လက်ရှိ ပြင်ပလွတ်လပ်တဲ့ ပညာရေးဝန်ထမ်းတွေ ပါဝင်အကြံပေးနိုင်ခြင်းမရှိဘဲ ရေးဆွဲလိုက်တဲ့အပေါ်မှာ ဝေဖန်မှုတွေတော့ ရှိနေပါတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) က ဒေါက်တာညိုညိုသင်းက ဒီဥပဒေနဲ့ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“ပညာရေးဥပဒေဆိုတာက အဲ့လို မြန်မြန်ဆန်ဆန် လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ နောက်ပြီးတော့ အမျိုးသားပညာရေးဥပဒေမှာက ပါပြီးသား။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ဥပဒေတွေမှာလည်း ပါပြီးသား၊ ဒီလို ပညာရေးဥပဒေတွေ လုပ်လို့ရှိရင် သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းတွေကို ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ကြားနာပွဲတွေ လုပ်ပြီးတော့မှ လုပ်ရမယ်လို့ ပြောထားပြီးသားလေ။ အဲဒါကို အဲ့လိုမျိုး မြန်မြန်ဆန်ဆန်ကြီး၊ ပြည်သူလူထုကိုလည်း ချမပြဘဲနဲ့ လုပ်လိုက်တာကတော့ မကောင်းဘူးပေါ့ကွယ်။ ဥပဒေက လူထုကြားထဲက လာတဲ့ဥပဒေ ဘယ်ဟုတ်တော့မလဲနော်။ ပညာရေးဆိုတာ ဒီမိုကရေစီပညာရေးစနစ်မှာ ဒီလို လုပ်လို့ မရဘူးလေ။”

NNER အဖွဲ့ဟာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့တဲ့ ပညာရေးအဖွဲ့ဖြစ်ပြီး ဒီထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာရေးကွန်ယက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း၊ ကျောင်းသားသမဂ္ဂများ၊ တိုင်းရင်းသားပညာရေး စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့များ ပါဝင်ကာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရကို အကြံဉာဏ်ပေးဖို့ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအသင်းက အထွေထွေအတွင်းရေးမှူး ဦအာကာမိုးသူ ကလည်း ဒီဥပဒေကို အခုလို သုံးသပ်ပါတယ်။

“အခြေခံလည်း ကျနော်တို့ သိခွင့်မရဘူး။ အခြေခံလို့ ခေါ်တာလည်း မရှိဘူး။ ပြောရမယ်ဆိုရင် လက်ညှိုးထောင်၊ ခေါင်းညိတ်ပေါ့ အစည်းအဝေးပြီးအောင်ပဲ ဗန်းပြတဲ့ပုံစံမျိုး လုပ်သွားတယ်လို့ပဲ ကျနော်တို့က သုံးသပ်တယ်။ private sector ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးက လူတွေရော၊ စစ်ဘေးဒုက္ခသည်မှာ လုပ်နေတဲ့သူတွေရော၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ပညာသင်ကြားနေတဲ့သူတွေရော ခေါ်ပြီးတော့မှ အခက်အခဲတွေ၊ တိုင်းရင်းသားတွေမှာရှိတဲ့ စာပေယဉ်ကျေးမှုကော်မတီကိုရော ခေါ်ပြီးတော့မှ ကျနော်တို့က digest လုပ်ရမယ်လို့ ထင်တယ်။ အဲဒီ digest မလုပ်ဘဲနဲ့ လုပ်တဲ့အချက်တွေက နောက်ပိုင်းမှာ ဘာဖြစ်တယ်ဆိုရင် အစိုးရတက်လာတိုင်း တက်လာတိုင်းက ပြန်လည် ပြင်ဆင်ရေးဟာတွေကို လုပ်ရင်းနဲ့ပဲ အချိန်ကုန်သွားလိမ့်မယ်နဲ့ တူတယ်။ ဥပမာ ပြည်သူလူထုအတွက်ကို နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ဟာကနေပြီးတော့မှ ကယ်တင်ဖို့ မူဝါဒဖြစ်ကိုဖြစ်ရမယ်။ နီးစပ်ရာလူတွေနဲ့ချည်းပဲ အကောင်အထည်ဖော်ပြီးတော့မှ အတည်ပြုလိုက်တဲ့ဟာကကျတော့ ဘယ်သူတွေ နစ်နာသလဲဆိုရင် ပြည်သူလူထု နစ်နာတယ်။”

ဒီ အခြေခံပညာရေးဥပဒေကြမ်းဟာ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တာကြောင့် ပြည်သူ့လွှတ်တော်ကို ဆက်လက်တင်ပြသွားမှာပါ။ ဒီမှာကွဲလွဲချက်ရှိရင် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရမှာပါ။ ကွဲလွဲချက်မရှိရင်တော့ သမ္မတဆီ တင်ပြပြီး အတည်ဖြစ်မှာ ဖြစ်ပါတယ်။