ရွေးကောက်ပွဲ အခင်းအကျင်း ကောင်းအောင်လုပ်ဖို့ အချိန်မနှောင်းသေး

  • Woodsome's Burmese

ဟနွိုင်းမြို့က ကုလသမဂ္ဂ-အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) နှင့် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် (ယာ) (အောက်တိုဘာလ ၂၉၊ ၂၀၁၀)

မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် အများလက်ခံလာနိုင်စေဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး သက်သေပြဖို့ အချိန် ရှိသေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban Ki Moon) ကပြောခဲ့ချိန်မှာပဲ လက်ရှိ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေဟာ နိုင်ငံတကာစံနှုန်းနဲ့ မညီဘူးလို့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ပြောလိုက်ပါတယ်။ စစ်အစိုးရဖက်ကတော့ ရွေးကောက်ပွဲပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမယ်ဆိုတာမျိုး အရိပ်အမြွက် ပြောခဲ့ပါတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို စစ်အစိုးရက ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့ တကယ်ပဲ အချိန်မနှောင်း သေးဘူးလား ဆိုတာကို ဗွီအိုအေ သတင်းထောက် Kate Woodsome က ဘယ်လိုသုံးသပ်ပါသလဲ။ မစုမြတ်မွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အများ လက်ခံနိုင်ပြီး ဒီမိုကရေစီနည်းလမ်းကျ အပြောင်းအလဲတွေ ဖြစ်အောင်လုပ်ဖို့ မြန်မာအစိုးရအတွက် အချိန် ရှိပါသေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဗီယက်နန်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးစည်းဝေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“မြန်မာစစ်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းပွင့်သွားအောင် လုပ်နိုင်ပါတယ်။ ရွေးကောက်ပွဲပြီးသွားတဲ့ အချိန်မျိုးကျရင် ပိုပြီးတောင် အရေးကြီးပါလိမ့်မယ်။ တကယ့် အပြောင်းအလဲတွေဖြစ်ဖို့ သူတို့ဖက်က လမ်းဖွင့်ထားပါတယ် ဆိုတာမျိုးကို စစ်အစိုးရဖက်က ပြနိုင်ဖို့ အခွင့်အလမ်းတခုပါ။”

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) ကလည်း လွတ်လပ်ခွင့်တွေကို ကန့်သတ် ပိတ်ပင်ထားတဲ့ ဥပဒေတွေကြောင့် မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရသူ ၂,၀၀၀ ကျော်ကို အမြန်ဆုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြီး စစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ “မြန်မာနိုင်ငံက ပြည်သူတွေဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို လိုလားနေကြတယ်ဆိုတာ ရှင်းပါတယ်။ အနာဂတ်ကို သွားတဲ့နေရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ခုအနေနဲ့ နိုင်ငံတကာ အဆင့်အတန်းမှီ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်သင့်တယ်။” -လို့ မစ္စ ပီလေး က ပြောပါတယ်။

အများမျှော်လင့်သလို မလုပ်ရင် မြန်မာအစိုးရရဲ့ အားထုတ်မှုတွေကို အများက လျှော့တွက်ကြလိမ့်မယ်ဆိုတာကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သောကြာနေ့ကလုပ်ခဲတဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးစည်းဝေးပွဲမှာ ပြောခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပါလိမ့်မယ် ဆိုတာမျိုးကို အာဆီယံ ထိပ်သီးညီလာခံတက်လာတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက အလွတ်သဘော ပြောခဲ့ပါတယ်။ ဒီလိုပြောတာဟာ စစ်အစိုးရက အာရုံပြောင်းတာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ PJ Crowley က ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

“မျှတ လွတ်လပ်မယ့်ပုံမရှိ၊ အများလက်ခံနိုင်မှာမဟုတ်တဲ့ ရွေးကောက်ပွဲပြီးသွားရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ကောင်း လွှတ်ပေးမယ်ဆိုတာမျိုး ပြောတာဟာ မြန်မာအစိုးရက အခြေအနေကို ပါးပါးနပ်နပ် ကိုင်တွယ် အသုံးချလိုက်တာပဲဖြစ်ပါတယ်။”

နေအိမ်အကျယ်ချုပ် စည်းကမ်း ဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့ အမှုနဲ့ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အယူခံကြားနာချက်ကို နေပြည်တော်က တရားရုံးချုပ်မှာ သောကြာနေ့ကပဲ ကြားနာခဲ့ပါတယ်။ ဆုံးဖြတ်ချက် ဘယ်တော့ချမယ် ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။ လက်ရှိပြစ်ဒဏ်အတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လွတ်ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်တောင် သူကိုင်စွဲထားတဲ့ မူကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်အောင် လုပ်တဲ့နေရာမှာ ကန့်သတ်ချက်တွေ ရှိလိမ့်မယ်လို့ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ လေ့လာနေတဲ့ သတင်းထောက် လယ်ရီ ဂျေဂင် (Larry Jagan) က မြင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြဿနာက သူမှန်တယ်လို့ ယုံကြည်ရင် သူ့ မူအတိုင်း အပေးအယူလုပ်စရာ မလိုဘူး၊ တနေ့မှာတော့ အနိုင်ရမှာပဲ၊ အပေးအယူမလုပ်ရင် အမြန်ဆုံးအနိုင်ရမယ်လို့ လက်ခံထားတာပါ။ သူ့အနေနဲ့ အပေးအယူ အလျှော့အတင်း လုပ်ဖို့ လိုလိမ့်မယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှု ရှိနေမှာဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ ကိုဇာနည်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လမ်းပေါ်ထွက် စည်းရုံးနိုင်ပြီဆိုတာနဲ့ စစ်အစိုးရအပေါ် ပြည်သူတွေဆန့်ကျင်တဲ့ သဘောထားတွေ ဝင်လာအောင် ဟောနိုင်ပြောနိုင်တဲ့ အခြေအနေကိုရအောင် လုပ်နိုင်ပါတယ်။ ဒါကို လျှော့မတွက်သင့်ပါဘူး။”

မကြာခင်ရက်ပိုင်းမှာပဲ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ သဘောထားအမြင် ဘယ်လိုပဲရှိရှိ မြန်မာ စစ်ခေါင်းဆောင်တွေဖက်က အပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ လက္ခဏာတွေကတော့ မတွေ့ရသလောက်ပဲလို့ ဗွီအိုအေ သတင်ထောက် Kate Woodsome ကသုံးသပ်ထားပါတယ်။