ဦးသန်းလွင်ထွန်း ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကြာသပတေးနေ့က တွေ့ဆုံခဲ့ချိန်မှာ ALP (Arakan Liberation Party) ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ မူလအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေအရ ရခိုင်ပြည်နယ်အတွင်း ALP ရုံးခန်းတွေ ဖွင့်လှစ်ရေးကြိုးပမ်းမှုတွေမှာ မပြေမလည်ဖြစ်နေခဲ့ရတဲ့အကြောင်းတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ALP ဗဟိုကော်မတီဝင် စောမြရာဇာလင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။
စောမြရာဇာလင်း ။ ။ ကျမတို့ ရခိုင်လွတ်မြောက်ရေးပါတီကတော့ ပြည်နယ်အဆင့်မှာ ကျမတို့တချို့ လက်မှတ်ထိုးထားတာတွေ ရှိပါတယ်။ အချက် (၅) ချက်ကို လက်မှတ်ထိုးထားတာတွေ ရှိပါတယ်။ အဲဒီအချက်တွေကို ကျမတို့တတွေက လိုက်နာဖော်ဆောင်နေတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒီလို လိုက်နာဖော်ဆောင်နေတဲ့အချိန်မှာ တချို့နေရာတွေမှာ စိတ်အနှောက်အယှက် ဖြစ်ရတာတွေ ရှိနေသေးတာမို့ ကျမတို့တတွေက ငြိမ်းချမ်းရေးကို ကျမတို့အနေနဲ့ ကောင်းကောင်းမွန်မွန် ရှေ့ကိုသွားနိုင်ဖို့ရာအတွက် ရှေ့လုပ်ငန်းစဉ်တွေ၊ အခုလုပ်နေတဲ့ လုပ်ငန်းဖော်ဆောင်မှုတွေကို အကောင်အထည်ဖော်ဆောင်ဖို့ရန်အတွက် ရှင်းလင်းနေရတဲ့ အနေအထားမှာ ရှိပါတယ်။ ပြီးလို့ရှိရင် ပြည်ထောင်စုအဆင့်ကို သွားတဲ့နေရာမှာလည်း နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေနိုင်မယ့်အနေအထားတခုခုမှာတော့ အရင်ဆုံးဆွေးနွေးနိုင်ဖို့ ကျမတို့ စဉ်းစားထားတာ ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီ ပြည်နယ်အဆင့်မှာ သဘောတူညီထားတဲ့အချက်တွေဆိုတာ ဘာတွေလဲဆိုတာထက် ဘယ်တုန်းက သဘောတူညီချက်လုပ်ခဲ့တယ်ဆိုတာလေးကို တချက်လောက် ပြန်ရှင်းပြပါလား။
စောမြရာဇာလင်း ။ ။ ပထမအချက်ကို ပြောရမယ်ဆိုရင်တော့ တပ်မတော်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ဟာ ၂၀၁၂ ဧပြီလ ၆ ရက်နေ့မှစပြီးတော့ အပစ်အခတ်ရပ်စဲဖို့ရာအတွက် သဘောတူညီမှုရခဲ့ပါတယ်။ နောက်တခုက နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆိုဆက်ဆံ ဆွေးနွေးမှုများ ပြုလုပ်ဖို့ရာအတွက် နှစ်ဖက်သဘောတူညီတဲ့အချက်များကိုလည်း ကျမတို့ ချမှတ်နိုင်ခဲ့ကြပါတယ်။ ဒါကဆိုရင် ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့ပါ။ ပလက်ဝမှာဖွင့်မယ်။ ကျောက်တော်မှာ ဖွင့်မယ်ဆိုပြီး ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့အတွက်လည်း သဘောတူညီမှုတွေ ရခဲ့ပါတယ်။ နောက်တခုကဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ နှစ်ဦးနှစ်ဖက်သဘောတူထားတဲ့ နေရာများကလွဲပြီးတော့ နယ်မြေဖြတ်ကျော်ပြီး လက်နက်ကိုင်ဆောင်ပြီး သွားမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးမှ သွားကြမယ်ဆိုတဲ့ အနေအထားမျိုးကိုလည်း သဘောတူညီခဲ့တာ ရှိပါတယ်။ နောက်တခုက အပစ်အခတ်ရပ်စဲထားတဲ့ကာလအတွင်းမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ ပတ်သက်တဲ့ ရဲဘော်တွေအားလုံး - ဆက်စပ်တဲ့လူအားလုံးကို ပြောပါတယ်။ လက်နက်ကိုင်ဆောင်ခွင့် မပြုဘဲနဲ့ မြန်မာတနိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိတယ်ဆိုတဲ့အချက်ကို သဘောတူညီခဲ့တာ ရှိပါတယ်။ နောက်တခုက ပြည်ထောင်စုအစိုးရက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေဟာ နှစ်ဦးနှစ်ဖက် သဘောတူညီထားတဲ့နေရာတွေ။ ပြီးလို့ရှိရင် သဘောထားတူညီထားတဲ့ အချိန်တိုကာလအတွင်းမှာ ရခိုင်ဒေသအတွင်းမှာ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတာတွေကို တင်ပြပြီးမှ သဘောတူညီချက်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အစောကပြောတာက ဒီသဘောတူညီချက်တွေကြားထဲမှာ တချို့ အဆင်မပြေတဲ့ မပြေမလည်ဖြစ်ရတဲ့အချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လိုပြဿနာလေးတွေ ရှိခဲ့လို့လဲ။
စောမြရာဇာလင်း ။ ။ တချို့နေရာတွေမှာပေါ့လေ ဆက်သွယ်ရေးရုံးတွေ ဖွင့်မယ်ဆိုပြီးမှ သွားလာလှုပ်ရှားကြတဲ့အခါမှာ တဖက်က စောင့်ကြည့်မှုတွေကို ခံရတယ်။ ဥပမာ ရဲက စောင့်ကြည့်တာတွေရှိတယ်။ တခြားတဖက်ကဆိုရင် ထောက်လှမ်းရေးက စောင့်ကြည့်တာတွေရှိတယ်။ အဲဒီလို စိတ်မသက်မသာဖြစ်ရတဲ့ လုပ်ငန်းတွေ၊ အမှုတွေကို တွေ့ကြုံလာရတဲ့အချိန်မှာ ကျမတို့ဖက်က ရဲဘော်တွေအနေနဲ့ စိတ်စနိုစနောက်ဖြစ်ပြီးတော့မှ လုပ်ငန်းတွေအဆင်မပြေမှုတွေ ဖြစ်ခဲ့ရတာကို သိခဲ့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဆိုတာ နှစ်ပေါင်းများစွာ လက်နက်ကိုင်လာတဲ့ အဖွဲ့အစည်းဆိုတော့ တဖက်မှာလည်း လုံခြုံရေးသဘောအရ ဒီလို စောင့်ကြည့်ရမယ်။ တချို့ကိစ္စလေးတွေမှာ အပြန်အလှန်အကြောင်းကြားရမယ်။ လုံခြုံရေးအနေအထားအရဆိုတဲ့ဟာမျိုးလေးတွေ မရှိဘူးလား။
စောမြရာဇာလင်း ။ ။ ရှိပါတယ်။ အဲဒီလို လက်နက်ကိုင်ဆောင်ပြီးသွားမယ်။ သတ်မှတ်ထားတဲ့နေရာတွေကလွဲပြီးတော့ လက်နက်ကိုင်ဆောင်ပြီးတော့ သွားမယ်ဆိုရင် နှစ်ဦးနှစ်ဖက် တဦးကိုတဦး အပြန်အလှန် သတင်းပို့ပြီးမှ သွားရမယ်ဆိုတဲ့အချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ရုံးဖွင့်ဖို့သွားတဲ့နေရာမှာ လက်နက်မပါဘူး။ လက်နက်မပါဘဲ ဒီလိုရုံးဖွင့်ဖို့ဆိုပြီး သွားကြတာ ဒါပေမဲ့ အမြဲတမ်း လေ့လာစောင့်ကြည့်တယ်။ ထောက်လှမ်းရေးကလည်း လာပြီးစောင့်ကြည့်တယ်ဆိုလို့ရှိရင် ဒါက ရိုးရိုးသားသား အနေအထားမျိုးမဟုတ်ဘူး။ ဒါဟာ သိပ်အနှောက်အယှက်ပေးတယ်။ တနည်းအားဖြင့်ဆိုရင် ရှေ့ဆက်ပြီး ဘာဖြစ်လာမှန်မသိဘူးဆိုပြီး စိုရိမ်ကြောင့်ကြနေတဲ့ အနေအထားတွေကို တွေ့ကြုံလာရတာကြောင့် ကျမတို့အနေနဲ့ ဒီလိုအဖြစ်တွေကို မဖြစ်စေချင်ဘူးပေါ့။ အစိုးရအနေနဲ့ ကူညီစေချင်တယ်။ ကျမတို့ ကောင်းကောင်းမွန်မွန် ရုံးဖွင့်ချင်တယ်။ အဲဒါတွေကို ကျမတို့ အဓိကထားပြီး ဆွေးနွေးကြပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းအဖွဲ့က အခုနောက်ဆုံး ဆွေးနွေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို အဖြေပေးသွားသလဲ။
စောမြရာဇာလင်း ။ ။ သူတို့တွေက ပြောပါတယ်။ ဒီလိုသာရှိခဲ့တယ်ဆိုရင်တော့ သူတို့ဖက်က အကောင်းဆုံးဖြေရှင်းပါမယ်။ သူတို့ဖက်က အကောင်းဆုံး အစိုးရအနေနဲ့ ကူညီပါမယ်ဆိုတဲ့သဘောကို ပေးပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီလိုအဖြေကို စောမြရာဇာလင်းတို့အနေနဲ့ ကျေနပ်မှုရပါသလား။
စောမြရာဇာလင်း ။ ။ ကျမတို့အနေနဲ့ကတော့ ပြောတဲ့အချိန်မှာတော့ ကျေနပ်အောင်ပြောတဲ့အပေါ်မှာတော့ ကျမတို့ ကြားရသလောက်တော့ ကျေနပ်ပါတယ်။ ဒါပေမဲ့လို့ ရှေ့ကို ကျမတို့ လုပ်ကြည့်တဲ့အချိန်မှာ ဘယ်လိုအနေအထားမျိုးတွေ ရှိလားမလဲဆိုတာကိုတော့ ကျမတို့ဖက်မှာတော့ စောင့်ကြည့်ဖို့ လိုပါသေးတယ်။
ဦးသန်းလွင်ထွန်း ။ ။ တခြားနောက်ထပ် ဆွေးနွေးတဲ့အကြောင်းအရာတွေကရော ဘာတွေရှိပါသလဲ။
စောမြရာဇာလင်း ။ ။ တခြားဆွေးနွေးတဲ့ အကြောင်းအရာတွေကဆိုရင် ကျမတို့က ငြိမ်းချမ်းရေးဆွေးနွေးထားပြီးဆိုရင်တော့ နယ်မြေသတ်မှတ်မှုတွေ လိုအပ်ပါတယ်။ အဲဒီ နယ်မြေသတ်မှတ်မှုတွေကို ဆွေးနွေးတဲ့အချိန်မှာလည်း တချို့ အဆင်ပြေလွယ်ကူအောင်လို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ အပြန်အလှန်အကြောင်းကြားပါမယ်ဆိုပြီး ပြောဆိုတဲ့စကားကို ကျမတို့ ရရှိပါတယ်။ နောက်ပြီးလို့ရှိရင် အခုလောလောဆယ်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်းမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအများကြီး ရှိနေတယ်။ ဒီပြည်သူတွေကို ကျမတို့ ရခိုင်လွတ်မြောက်ရေးပါတီအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးတော့ ဘယ်လိုကူညီလို့ရမလဲ နည်းလမ်းတွေရှာဖို့ လိုအပ်တယ်။ ကျမတို့ကိုယ်တိုင်လည်း ပြည်သူတွေကို ကူညီချင်တယ်၊ ပံ့ပိုးချင်တယ်လို့ ပြောတဲ့အခါမှာလည်း သူတို့တွေက ကျမတို့ပြည်သူလူထုတွေနဲ့ ဆွေးနွေးနိုင်အောင် အတတ်နိုင်ဆုံး အစိုးရအနေနဲ့ ကူညီပေးပါမယ်ဆိုတဲ့ စကားမျိုးကို ကျမတို့ရရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။အဲဒီတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ ပြည်နယ်အဆင့်မှာ သဘောတူညီမှုတွေလုပ်ပြီးပြီ၊ ပြည်ထောင်စုအဆင့်မှာ သဘောတူညီမှုတွေကို လုပ်ဖို့စီစဉ်နေတယ်ဆိုတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အဓိကရည်မှန်းချက်က ဘာလဲခင်များ။ ပြည်ထောင်စုအဆင့်မှာ သဘောတူညီချက် ဘယ်လိုအဆင့်တွေအထိ လုပ်သွားချင်သလဲ။
စောမြရာဇာလင်း ။ ။ ကျမတို့တတွေလည်း ပြည်ထောင်စုအဆင့်ကို ရောက်လာတဲ့အချိန်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကို ပြောဖို့ဆိုတာထက် ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ ငြိမ်းချမ်းသာယာရေး အခုဖော်ဆောင်နေတဲ့ လုပ်ငန်းတွေဟာ တကယ့်တကယ် အမှန်တကယ် အကောင်အထည်ဖော်လာဖို့အတွက် လူတိုင်းလူတိုင်းမှာ ဝိုင်းဝန်ပံ့ပိုးဖို့တာဝန်ရှိတယ်။ ထို့အပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ အခုရရှိလာတဲ့အနေအထားတွေအပေါ်မှာ လမ်းပွင့်လာတဲ့အနေအထားမှာ ရခိုင်ပြည်သူလူထုတရပ်လုံးအတွက် ဘယ်လိုလုပ်ငန်းတွေကို ကြိုးစားပမ်းစား ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ ဦးတည်ချက်တွေကို အဓိကထားပြီးတော့ လုပ်ရလိမ့်မယ်လို့ ကျမအနေနဲ့ ထင်မိပါတယ်။ အစိုးရဖက်ကသာ အခုလို သွားနေတဲ့လမ်းကြောင်းကို မှန်မှန်ကန်ကန်နဲ့ သွားပြီးတော့မှ အနာဂတ်တချိန်ချိန်မှာ တကယ်ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည်တခုဖြစ်ဖို့ရာအတွက် ကြိုးစားတယ်ဆိုရင်တော့ ကျမတို့အနေနဲ့ အင်မတန်မှ ဝမ်းမြောက်ပါတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပါတီရပ်တည်ချက်အနေနဲ့ - လောလောဆယ်ကတော့ မြေအောက်တော်လှန်ရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ အခုဆိုရင် အပစ်အခတ်ရပ်စဲထားပြီးပြီဆိုတော့ နောက်ပိုင်းမှာတော့ တချိန်ချိန်မှာ တရားဝင်ပါတီတခုအနေနဲ့ ရပ်တည်မယ်ဆိုလို့ရှိရင် လက်နက်စွန့်ရမယ့် အနေအထားမှာ ရှိမှာပဲ။ အဲဒီအခါကြရင် ALP ပါတီအနေနဲ့ လာမယ့် အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲမှာပါဖို့ ဘာဖို့ ရည်မှန်းချက်တွေ မရှိဘူးလား။
စောမြရာဇာလင်း ။ ။ ဒါကတော့ ပါတီတခုလုံးရဲ့ သဘောထားကို ချရမယ့်အနေအထားတွေက အများကြီးရှိပါသေးတယ်။ တကြိမ်နဲ့လည်း မပြီးဘူး။ နှစ်ကြိမ်နဲ့လည်း မပြီးဘူး။ အကြိမ်ပေါင်းများစွာ ချရမယ့်အနေအထားတွေ ရှိပါတယ်။ ပါတီဆိုတာကတော့ လူတဦးတယောက်ရဲ့ စိတ်နဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ လူပုဂ္ဂိုလ် တဦးတယောက်နဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူးဆိုတော့ ပါတီမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာဒေသအသီးသီးမှာရှိနေကြတဲ့ လူတွေ ခေါင်းဆောင်တွေကထိုင်ပြီးတော့မှ ပြောဆိုဆွေးနွေးရမယ့် အနေအထားတွေ ရှိနေတာမို့ အခုမေးတဲ့မေးခွန်းကို တခါတည်းနဲ့ ဖြေလို့ရတဲ့မေးခွန်းမဟုတ်ဘူး၊ အဖြေမရှိသေးဘူးလို့ ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ကချင်ပြည်နယ်ဖက်မှာဆိုရင် ကေအိုင်အို က အစောပိုင်းတုန်းက ဒီလိုပဲ အပစ်အခတ်ရပ်စဲထားပြီးတော့ လက်နက်စွဲကိုင်ထားခဲ့တယ်။ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကိစ္စတို့ ဖြစ်လာပြီးတော့ သဘောထားမပြေလည်မှုတွေ ရှိလာခဲ့တယ်။ ဒီလို အနေအထားတွေက နောက်ပိုင်းကြလို့ရှိရင် ရခိုင်ပြည်ဖက်မှာ ALP ပါတီ လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တွေကြားမှာ ဖြစ်လာနိုင်မယ်ဆိုတဲ့ စဉ်းစားမှုမျိုးနဲ့ ကြိုတင်ပြီးတော့ တွက်ဆထားတာတွေ ရှိသလား။ ဘယ်လို ဒီကိစ္စမျိုးတွေကို ဖြေရှင်းမလဲ။
စောမြရာဇာလင်း ။ ။ အဲဒီလို သဘောမျိုးကတော့ ရှိတယ်လု့ိတော့ ကျမတို့အနေနဲ့ ပြောလို့မရသေးဘူး။ မရှိဘူးလို့လည်း ပြောလို့မရသေးဘူး။ ကျမတို့ဖက်ကိုတော့ တရားဝင်ကမ်းလှမ်းမှု၊ တရားဝင်ကြိုဆိုမှုတော့ အဲဒီအနေအထားမှာတော့ မရှိသေးပါဘူး။ အနာဂတ်မှာ ဖြစ်ပေါ်လာမှုဆိုလည်း ဖြစ်ပေါ်လာမယ့် တခုခုဆိုရင်လည်း ဖြစ်ပေါ်လာတဲ့၊ လှမ်းကမ်းလာတဲ့ အနေအထားပေါ်မှာပဲ ကျမတို့အနေနဲ့က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လက်ရှိအားဖြင့် ရခိုင်ပြည်ထဲမှာ ရုံးခန်းတွေပြန်ဖွင့်နေပြီးဆိုတော့ ရခိုင်ပြည်နယ်ထဲမှာ လက်ရှိရှိနေတဲ့ လွှတ်တော်ထဲကို ဝင်ရောက်နေတဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်သွယ်မှု ရှိနေပြီလဲ။
စောမြရာဇာလင်း ။ ။ ကျမတို့ကတော့ ပြည်တွင်းကိုသွားတဲ့အချိန်မှာ ကျမတို့ တရားဝင်တောင်းဆိုတာတွေ ရှိပါတယ်။ ကျမတို့က ပြည်တွင်းမှာရှိနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တွေ့ချင်ပါတယ်ဆိုပြီး တရားဝင်တောင်းဆိုတာတွေ ရှိပါတယ်။ တချို့တချို့တွေနဲ့လည်း သိတဲ့အတိုင်းပါပဲ ပြည်သူလူထုတရပ်လုံးကလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြတဲ့အခါမှာ လူတော်တော်များများနဲ့ ပြောဆိုတာ၊ ဆွေးနွေးတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း အခုတွေ့ဆုံမှုကဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားတဲ့အခါမျိုးမှာ လက်တလော တွေ့ဆုံဆွေးနွေးခြင်းတာ ဖြစ်တာမိုလို့ အနာဂတ်တချိန်ချိန်မှာ ကျမတို့ပါတီအနေနဲ့ ပြည်တွင်းကိုရောက်လို့ရှိရင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့၊ ညှိနှိုင်းဖို့ဆိုတာကလည်း အနာဂတ်မှာ တောင်းဆိုရပါလိမ့်မယ်။ ဒါအပြင် လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း ကျမတို့ တရားဝင်တွေ့ဆုံဆွေးနွေးပြီးမှ အနာဂတ်တချိန်ချိန်မှာ ကျမတို့ရခိုင်ပြည်လူထုတရပ်လုံးရဲ့ ကောင်းစားရေး၊ ရခိုင်ပြည်သူလူထုတရပ်လုံးရဲ့ သာယာဝပြောရေး၊ ငြိမ်းချမ်းရေးစသည်တို့ကို နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းလက်တွဲပြီးမှ ဘယ်လို အဖြေရှာနိုင်မလဲ။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အားလုံးပပျောက်ရေးအတွက် ဘယ်လိုစဉ်းစားနိုင်မလဲဆိုတာကိုလည်း စဉ်းစားရပါလိမ့်မယ်။ အဲဒီလို အနေအထားတွေကတော့ အများကြီးရှိနေပါသေးတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် လုပ်ငန်းစဉ်ကတော့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးပေါ့။ အဲဒီအချိန်မှာ မြန်မာငြိမ်းချမ်းရေးနဲ့ ဖော်ဆောင်ရေးအဖွဲ့ရဲ့ တိုက်တွန်းပြောကြားချက်တွေက ကျနော်တို့ ကြားသိရသလောက်တော့ ဒီလိုအဖွဲ့အစည်းတွေအနေနဲ့ နောက်ပိုင်းမှာ အမျိုးသားလွှတ်တော်ထဲကို ဝင်ပြီးတော့ အဲဒီအခါကြမှ နိုင်ငံရေးဆွေးနွေးကြပါဆိုတဲ့ သဘောထားမျိုးတွေမှာ အဲဒီသဘောထားကိုရော ALP ပါတီအနေနဲ့ ဘယ်လောက်အတိုင်းအတာလက်ခံပါသလဲ။
စောမြရာဇာလင်း ။ ။ ကျမအနေနဲ့ ဒီစကားကို ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးဖြစ်တော့ ကျမတို့အနေနဲ့ကလည်း ပြည်ထောင်စု လွှတ်တော်ထဲကိုဝင်ပြီးမှ နိုင်ငံရေးစကားတွေကို ဆွေးနွေးကြမယ်၊ ပြောကြမယ်ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအနေအထားအရဆိုရင်တော့ နိုင်ငံတော်အတွင်းမှာ ၁၀ နှစ်ဆက်တိုက်မနေတဲ့ လူတယောက်ဆိုရင် အမတ်ဖြစ်ပိုင်ခွင့်မရှိဘူး။ ဒါဆိုရင် တိုင်းပြည်အတွက် ကောင်းစားစေချင်တယ်။ တိုင်းပြည်လှပသာယာစေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ ကြိုးစားနေတဲ့ ကျမလို အများသိပုဂ္ဂိုလ်တွေကတော့ ပြည်ပနိုင်ငံအသီးသီးမှာ နှစ်ပေါင်းဆယ်စုကြာရှိနေကြတယ်။ တဆယ်၊ ဆယ့်ငါးနှစ်ရှိတဲ့လူတွေရှိတယ်။ အဲဒီလူတွေအားလုံးကဆိုရင် ပြည်ထောင်စု constitution ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ငြိစွန်းနေတာတွေ ရှိပါတယ်။ ဆိုတော့ ဝန်ကြီးဦးအောင်မင်းက ပြောတာက ဖွဲ့စည်းပုံဆိုတာ လူသားတွေရေးဆွဲတာ ဖြစ်ပါတယ်။ အဲဒီ ဖွဲ့စည်းပုံဆိုတာလည်း တချိန်ချိန်တနေ့နေ့မှာ အပြောင်းအလဲမဖြစ်ဘူးဆိုတာမျိုးတော့ မဟုတ်ဘူးဆိုတာမျိုးကိုတော့ ဖြေပါတယ်။ ဒါပေမဲ့ ကျမတို့အနေနဲ့ ကြည့်ရမှာက လူများများ၊ ခေါင်းဆောင်များများက တောင်းဆိုကြတာရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း သွားနေမျိုးထက် ၂၀၀၈ ဖွဲ့စည်းပုံမှာ လိုအပ်တာတွေ ဘာရှိသလဲ။ အဲဒီ လိုအပ်ချက်တွေကို လွှတ်တော်ထဲမှာ အခုရှိနေကြတဲ့ ခေါင်းဆောင်၊ တိုင်းပြုပြည်ပြုအမတ်တွေ ဘယ်လောက်အထိ ပြင်နိုင်မလဲဆိုတာလည်း အနာဂတ်နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်မှ အရေးကြီးတယ်လို့ ကျမမြင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ALP ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဗဟိုကော်မတီဝင် စောမြရာဇာလင်း ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။