လယ်ယာမြေ ဥပဒေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအတွင်း လယ်ယာမြေ ဥပဒေတွေနဲ့ ပတ်သက်ပြီး လေ့လာဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အဖွဲ့ဝင် ဦးလှထွန်း ကို ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ ပြည်သူလွှတ်တော်မှာ ရေးဆွဲနေတဲ့ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဒီဥပဒေထဲမှာ ပါရှိသင့်တဲ့ အဓိကထားရမယ့် အချက်တွေအပြင်၊ သတိပြုဆင်ခြင်ရမယ့် အချက်တွေကိုပါ ဆွေးနွေးဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။ လယ်ယာမြေ ဥပဒေတွေနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ရန်ကုန်မြို့က ဦးလှထွန်းကတော့ လယ်သမားအကျိုးစီးပွား မြှင့်တင်ရေးဆိုတာထက် လောလောဆယ်မှာ လယ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့က ပိုအရေးကြီးနေတယ်လို့ ဆိုပါတယ်။

ဦးလှထွန်း ။ ။ တောင်သူလယ်သမား အခွင့်အရေးကို ကာကွယ်တဲ့ဥပဒေ မရှိသေးဘဲနဲ့ တောင်သူလယ်သမား အကျိုးစီးပွားကို မြှင့်တင်မယ်ဆိုတဲ့ဟာက တဆင့်ကျော်ပြီးတော့ တက်နေသလို ဖြစ်နေတယ်။ အဲဒီတော့ အခုလက်ရှိမှာလည်း တောင်သူလယ်သမား အခွင့်အရေးကို ကာကွယ်သည့် ဥပဒေတွေက တိတိကျကျ မရှိတော့ဘူး။ အကုန်လုံး မရှိတော့ဘူး ဖြစ်ကုန်ပြီ။ အဲဒါကြောင့်မို့ တောင်သူလယ်သမား အကျိုးကာကွယ်သည့် ဥပဒေကို အရင်ပြဌာန်းဖို့ လိုပါတယ်။ အဲဒါပြီးတော့မှ တောင်သူလယ်သမားအကျိုးကို မြှင့်တင်တဲ့ ဥပဒေဆိုတာက အဓိပ္ပါယ်ပိုပြီ ပြည့်ဝမယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့ ပထမပိုင်း သိထားတာက မြန်မာနိုင်ငံမှာ မြေယာမြေ မှတ်ပုံတင်နဲ့ လယ်ယာမြေ မှတ်ပုံတင်တဲ့ ဥပဒေ။ အဲဒါတော့ ထုတ်ထားပြီးပြီ။ ဒါပေမဲ့လဲ တချို့ပြောနေကြနေတာတွေကတော့ ဒီလို မှတ်ပုံတင်ဥပဒေ ထုတ်ပေးပေမယ့်လည်း တကယ်တမ်း လက်တွေ့မှာ အကောင်အထည် ဘာမှမပေါ်သေးဘူးဆိုတာလည်း ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးလှထွန်းအနေနဲ့ ဘာတွေများ သိထားသလဲ။

ဦးလှထွန်း ။ ။ အခုဟာက နောက်ဆုံးထွက်ထားတဲ့ မြေယာ land law ဆိုတဲ့ဟာ။ အဲဒီ land law အရ တောင်သူလယ်သမားတွေက ပြန်ပြီးတော့ တနှစ်အတွင်းမှာ ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်လို့ ဆိုထားပါတယ်။ အဲဒီမှာလဲ ပြဿနာတွေက အများကြီးပဲ။ လက်တွေ့အားဖြင့် မှတ်ပုံတင်ဖို့ အခက်အခဲတွေ။ မှတ်ပုံတင်တဲ့အခါမှာ ဥပဒေမှာပါတဲ့ အချက်ကတော့ အဖိုးအခ ပေးစရာမလိုဘူးလို့ဆိုပေမယ့် တချို့နေရာတွေမှာ တောင်သူတွေက ပုံစံရဖို့ဆိုပြီးတော့ ပိုက်ဆံပေးရတာတွေ ရှိတယ်ဆိုတဲ့ကိစ္စတွေလည်း အများကြီး ကြားထားပါတယ်။ နောက်တခုကလည်း အဲဒီ ဥပဒေ ထွက်လာပြီးတဲ့အခါမှာ ကျနော်တို့ အရင်တုန်းက ရှိခဲ့တဲ့ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ။ နောက်ပြီးတော့ ၁၉၆၃ ခု တောင်သူလယ်သမား အခွင့်အရေး ကာကွယ်တဲ့ ဥပဒေတို့ စတဲ့ အဲဒီ ဥပဒေတွေကို ဖျက်သိမ်းပြစ်လိုက်တဲ့အခါကြတော့ လောလောဆယ်မှာ တောင်သူလယ်သမားတွေကို ကာကွယ်တဲ့ဥပဒေ၊ မြေယာစိုက်ပျိုးရေးကို ကာကွယ်တဲ့ ဥပဒေတွေကတော့ လောလောဆယ်မှာ မရှိဘူးလို့ပဲ ပြောနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လွှတ်တော်မှာ မူကြမ်းရေးဆွဲထားတဲ့ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းဆိုတဲ့ နံမည်ဘောင်အောက်မှာပဲ တကယ်တမ်းကြလို့ရှိရင် လယ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေ၊ နောက်ပြီးတော့ အစောက ပြောခဲ့တဲ့ ဦးလှထွန်း တင်ပြခဲ့တဲ့ အချက်တွေကို ထည့်သွင်းပေးဖို့ မဖြစ်နိုင်ဘူးလား။ ဒါက မူကြမ်းအနေနဲ့ ဆွေးနွေးနေတုန်းပဲဆိုတော့ ဒီဘက်မှာ ဒီကိစ္စကို စိတ်ဝင်စားတဲ့ ဥပဒေပညာရှင်တွေ၊ လူထုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒါတွေကို ထည့်သွင်းဆွေးနွေးဖို့ အလားအလာ ရှိမလား။

ဦးလှထွန်း ။ ။ အဲဒါကတော့ ဒီ tactics အနေနဲ့ ပြောမယ်ဆိုရင်တော့ လောလောဆယ် ကျနော်တို့ ... ရှိတာကတော့ စာနယ်ဇင်း flex act ကိစ္စနဲ့ ပတ်သက်လို့တော့ ဒီဟာတောင်မှ ညှိလို့မရဘဲနဲ့ အခုတော်တော်ကြီး ပူညံ့ပူညံ့ဖြစ်နေတဲ့အပိုင်းကို သွားတွေ့ရပါတယ်။ အဲဒီတော့ တောင်သူလယ်သမားတွေရဲ့ တကယ့် အစစ်အမှန်အသံကို ကြားဖို့ဆိုရင်လည်း တောင်သူလယ်သမားတွေ ကိုယ်တိုင်ကပြောတဲ့ တောင်သူလယ်သမားအဖွဲ့အစည်းတွေ၊ တောင်သူလယ်သမားသမဂ္ဂတွေက အသံမျိုးတွေကို စစ်စစ်မှန်မှန် ကြားဖို့လိုပါတယ်။ နောက်တခုကလည်း ကြားထဲကနေပြီတော့ အကျိုးဆောင်ပြီးတော့ လှုပ်ရှားပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ရှိပါတယ်။ သူတို့လောက်ကိုယ်စား ပြောပေးတဲ့အခါကြတော့လည်း ပြောတာပဲရှိနေပြီးတော့ အရာသိပ်မထင်တဲ့ဟာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီးတော့ ဇူလိုင်လ (၁၁) ရက်နေ့ နေ့စွဲနဲ့ထုတ်တဲ့ မြန်မာ့အလင်းသတင်းစာမှာလည်း ထင်ရှားတဲ့ မြန်မာ့စီးပွားရေး ပညာရှင်ပါမောက္ခ ဦးလှမြင့် က သူ့ရဲ့ ထင်မြင်ချက်ဆောင်းပါးတစောင် ရေးထားတာကို တွေ့ရပါတယ်။ အဲဒီအထဲမှာတော့ လယ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေထဲမှာ ထည့်သွင်းဖို့ ပြင်ဆင်နေတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ စိုရိမ်ကြောင့်ကျချက်လေးတွေ ဖော်ပြထားတာ တွေ့ရပါတယ်။ အဓိကအားဖြင့်တော့ ဒီ ဥပဒေကြမ်းထဲမှာ လယ်သမားတွေဆီက ဆန်ဝယ်ယူတဲ့နေရာမှာ မြန်မာနိုင်ငံမှာ ဖွဲ့စည်းမယ့် ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကနေ အနှိမ့်ဆုံး အာမခံဆန်ဈေးနှုန်း သတ်မှတ်မယ်ဆိုတဲ့အချက်အပေါ် သူ့အနေနဲ့ မလုပ်သင့်တဲ့အချက်အနေနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးလှထွန်းအနေနဲ့ ဘယ်လို နားလည်းပါသလဲ။

ဦးလှထွန်း ။ ။ အဲဒီဟာက တခုတော့ ရှိတာပေါ့။ ကျနော်က စီးပွားရေးပညာရှင် မဟုတ်ဘူး။ ဒါပေမဲ့ တခုရှိတာကတော့ ကျနော်တို့ဆီမှာက တကယ့်တကယ်တမ်း တောင်သူလယ်သမားတွေရဲ့ အခြေခံစံနှုန်းဆိုတဲ့ တန်းဖိုးကိုတောင် အများဆုံးပြောင်းလဲနေတဲ့၊ အလျင်အမြန် ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်း ငွေဖောင်းပွမှု အခြေအနေအောက်မှာ ဒီဟာကို ဆုံးဖြတ်ပြဌာန်းဖို့ ဆိုတာလည်း တော်တော်ကြီး ခက်မယ်လို့ ထင်ပါတယ်။ နောက်တခုက အခြေအနေတွေပေးတဲ့ ဒေသ တခုနဲ့တခု မတူတဲ့အချက်တွေလည်း ရှိနေတဲ့အခါကြတော့ အဲဒီ အခြေခံဈေးနှုန်းပြဌာန်းတယ်ဆိုတာထက်ကို ဈေးနှုန်းကို တောင်သူလယ်သမားတွေက စပါးပေါက်ဈေးမှာ သူတို့ရနိုင်တဲ့ သူတို့ဘက်ကနေ world market assessment ကို ခိုင်ခိုင်မာမာ ပြဌာန်းပေးမယ်ဆိုလို့ရှိရင် ပိုပြီးတော့ သူတို့အတွက် အကျိုးရှိမယ်လို့ ကျနော်က ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ လက်ရှိမှာ လယ်သမားတွေအနေနဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရှိတယ်မဟုတ်ဘူးလား။

ဦးလှထွန်း ။ ။ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိတာက သူ့ဟာနဲ့သူ ပြည်တွင်းမှာ ရောင်းလို့ရတာပဲရှိတယ်။ သူတို့ဘက်က ဥပမာဆိုလို့ရှိရင် ဖျာပုံခရိုင်အနေနဲ့ export quota ဘယ်လောက် တန်ချိန် ဘယ်နှစ်သန်း ရမယ်၊ ဘယ်နှစ်သိန်းရမယ်။ အဲဒီတော့ အဲဒီဒေသက လူတွေ၊ လယ်သမားတွေက အဲဒီမှာ ဘယ်လောက်ဈေးနဲ့ရမယ်။ ဘယ်လို ရောင်းကြမယ်ဆိုတဲ့ဟာကို သက်ဆိုင်ရာ ဒေသဆိုင်ရာ တောင်သူလယ်သမားအဖွဲ့အစည်။ အခုနပြောတဲ့ ဆန်အရောင်းအဝယ် အဖွဲ့အစည်းပဲဖြစ်ဖြစ်။ အဲဒီလို အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် အဲဒါ လက်တွေ့ ပိုပြီးကျမယ်။ တောင်သူလယ်သမားတွေက world market ရဲ့ - ကျနော် ဟိုမှာတုန်းက စက်ပိုင်းတယောက်ပြောတာရှိတယ်။ တောင်သူလယ်သမားတွေက ရောင်းတဲ့အခါကြတော့ နိုင်ငံတကာဈေးတန်းဖိုး မရဘူး။ ဥပမာ သူတို့ နေတိုင်းသုံးနေရတဲ့ ပစ္စည်းတွေအားလုံးက နိုင်ငံတကာဈေးနှုန်းနဲ့ သတ်မှတ်ပြီးတော့ ပြည်တွင်းမှာပြန်ဝယ်ပြီးတော့ သုံးနေကြတာဖြစ်တယ်ဆိုပြီးတော့ ထောက်ပြခဲ့ဘူးတာရှိတယ်။ အဲဒီလို အခြေအနေမျိုးတွေကို ကျနော်တို့က လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်ဖို့ လိုမယ်လို့ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလို လက်တွေ့ကျကျ ဖြေရှင်းပေးမယ်ဆိုတဲ့ နေရာမှာ လယ်သမားလို့ ဆိုတဲ့နေရာမှာလည်း လယ်သမားဆိုတာ အများစုက ကျေးလက်တောရွာတွေမှာ ရှိနေတဲ့ လယ်သမားတွေအပြင် မြေယာမဲ့ လယ်သမားတွေကိစ္စတွေလည်း ပါနေတယ်လေ။ ဒီလို မြေယာလက်ရှိ မရှိတဲ့ လယ်သမားတွေ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ကိစ္စ၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီလို စောစောက ဦးလှထွန်း ပြောသလို နိုင်ငံတကာ စီးပွားရေးလောကနဲ့ ဝင်ဆန့်နိုင်ခြင်းမရှိတဲ့ အခြေခံလယ်သမား လူတန်းစားတွေကို ကာကွယ်ဖို့ဆိုတာက ဒီလို ဥပဒေကြမ်း၊ ဥပဒေတခု မလိုဘူးလား။ ဒါမှမဟုတ်ရင် လုပ်ငန်းရှင်ကြီးတွေ ပွဲစားတွေကပဲ ဝိုင်းပြီးတော့ လက်ဝါးကြီးအုပ်ပြီး လယ်သမားတွေ နစ်နာမြဲ အခြေအနေကြောင့် အကျိုးစီးပွား မြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ လိုအပ်တာ မဟုတ်ဘူးလား။

ဦးလှထွန်း ။ ။ အခုက လောလောဆယ်မှာ ကျနော်တို့ သိသလောက်က ကျေးရွာတွေမှာဆိုလို့ရှိရင် လယ်သမားရှိတယ်။ နောက်တခု ဟိုအရင်တုန်းကခေါ်တာက စာရင်းငှားလို့ခေါ်တယ်။ အခုနောက်ပိုင်းမှာကြတော့ ဘောက် လို့ခေါ်တယ်။ ဘောက်ဆိုတာက လယ်ယာအလုပ်သမားတွေပဲ အဲဒီ လယ်ယာအလုပ်သမားတွေက သူတို့က လယ်ယာလုပ်ငန်းခွင်မှာ ခိုင်းဖို့မရှိဘူးဆိုရင် သူတို့က ကြုံရာကြဘမ်း ငါးဖမ်းတာတို့၊ ဘာတို့ညာတို့ လုပ်ပြီးလို့ နေကြတယ်။ အဲဒီတော့ လယ်ယာအလုပ်သမားနဲ့ ဘောက်သမားဆိုပြီး နှစ်ယောက်ရှိတယ်။ အဲဒီလို နှစ်မျိုးရှိပါတယ်။ အဲဒီ နှစ်မျိုးမှာ လယ်သမားက အခြေခံ အဓိက ဆန်တန်းဖိုး၊ real value ကို ထုတ်လုပ်တဲ့လူက လယ်သမား။ အဲဒီ real value ကိုထုတ်တဲ့ လယ်သမားကိုမှ အခြေခံမခိုင်သေးဘဲဆိုရင် ဒီလယ်ယာလုပ်ငန်း၊ လယ်သမားကို မှီရမယ့် အခုနပြောတဲ့ လယ်ယာအလုပ်သမားလိုပဲခေါ်ခေါ်၊ ဘောက်လိုပဲခေါ်ခေါ်၊ စာရင်းငှားလိုပဲခေါ်ခေါ် သူတို့ရဲ့ အတွက်ကိုစဉ်းစားဖို့၊ သူတို့အတွက် ပြောဖို့ဆိုတာက ကျနော်တို့ နည်းနည်းစိတ်ကူးယဉ်ဆန်နေမလား မသိဘူး။ လယ်သမားတောင်မှ အခုက ဖြူလားပြာလား ဖြစ်နေတဲ့အချိန်မှာ ဘောက်သမားတွေက အများကြီးထဲက တော်တော်ကြီးကို ပြဿနာပဲ။

ဦးသန်းလွင်ထွန်း ။ ။ ဦးလှထွန်းတို့ကတော့ ဟိုအရင် ရှေ့မီနောက်မီ အစောပိုင်း မြန်မာအစိုးရတွေ လက်ထက်တွေတုန်းက နိုင်ငံတော် ကောက်ပဲသီးနှံဘုတ်အဖွဲ့ဆိုတာ ကြုံခဲ့ဘူးပါလေ့မယ်။ အခု လွှတ်တော်မှာ တင်ပြထားတဲ့ မူကြမ်းအရဆိုရင် အလားတူ အဖွဲ့မျိုးကို ဖွဲ့စည်းဖို့ တင်ပြထားတာ ရှိတယ်လေ။ အဲဒီတော့ ဒီအဖွဲ့အစည်းမျိုး ဖွဲ့စည်းဖို့က လိုအပ်ချက်လို့ ထင်မြင်ယူဆပါသလား။

ဦးလှထွန်း ။ ။ အဲဒါကတော့ အဖွဲ့အစည်းတမျိုးမျိုးကတော့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်တွင်းမှာ ဝယ်တာက အဖွဲ့အစည်းမရှိဘဲနဲ့ ကုန်သည်ဆီက ဝယ်ပြီးတော့ ပြည်တွင်းမှာ ကုန်သည်တွေက ဖြန့်လို့ရတယ်။ ပြည်ပ export မှာတော့ တော်တော်လေးကို တိတိကျကျ ခိုင်ခိုင်မာမာရှိတဲ့ အဖွဲ့အစည်းမျိုး လိုအပ်တာတော့ အမှန်ပါ။ အဲဒီဟာ နှစ်ခုကတော့ ကျနော်တို့ delay လုပ်လို့မရဘူး။ နောက်တခုကတော့ တကယ့်တကယ် စစ်စစ်မှန်မှန်နဲ့ လယ်သမားအကျိုးကို တကယ်ဖြစ်အောင် လုပ်မယ်ဆိုလို့ရှိရင်တော့ လုပ်နိုင်တဲ့ သာဓကတွေလည်း နိုင်ငံတကာ အတွေ့အကြုံတွေ၊ ဗီယက်နမ်၊ ထိုင်းတို့မှာ အများကြီး တွေ့နိုင်ပါတယ်။ အခု နောက်ဆုံတက်လာတဲ့ အင်ဒိုးနီးရှား၊ မလေးရှားတို့ဆိုတာ အရင်တုန်းက ကျနော်တို့ဆီက ဆန်ဝယ်စားနေရတဲ့ တိုင်းပြည်တွေ။ အဲဒီ တိုင်းပြည်တွေတောင်မှ အများကြီး တက်လာခဲ့တာပဲ။ တရုတ်ဆီမှာ လယ်ယာတွေ အများကြီး ဖွံ့ဖြိုးလာနေပြီးတော့ ကျနော်တို့ဆီမှာ လယ်ယာဖွံ့ဖြိုးမှုက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ပြီး ကျဆင်းတာက ကျနော်တို့ဆီမှာ လက်တွေ့ကျတဲ့ တောင်သူလယ်သမားအကျိုးကို အရေးကို ဖော်ဆောင်မယ့် အဖွဲ့အစည်းနဲ့ ခိုင်မာတဲ့ လုပ်ထုံလုပ်နည်း မရှိဘူး။ ဆောင်ရွက်ပုံ နည်းလမ်းတွေ မရှိလို့ ဖြစ်မယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလို ဆောင်ရွက်ပုံ နည်းလမ်းတွေ ရှိလာအောင်ဆိုရင် အဓိကတော့ လွှတ်တော်ထဲမှာ ဒီကိစ္စတွေကို ကျေကျေလည်လည် ဆွေးနွေးပြီးတော့ ဥပဒေမူကြမ်းတွေ တင်သွင်းဖို့ ပြဌာန်းပြီး လက်တွေ့အကောင်အထည် ဖော်ဖို့ပဲ လိုအပ်တာ မဟုတ်ဘူးလား။

ဦးလှထွန်း ။ ။ အဲဒီဟာကတော့ ဒီမှာကြတော့ လွှတ်တော်က ဥပဒေပြဌာန်းဖို့ သက်သက်ပဲ ရှိပါတယ်။ လောလောဆယ်မှာပဲ လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေတွေနဲ့ လက်တွေ့မှာ ကျနော်တို့ ဥပဒေဆိုင်ရာ ပဋိပက္ခဖြစ်မှုတွေက လက်ငင်းကြုံတွေ့နေရပါပြီ။ အဲဒါတွေကို လောလောဆယ် မရှင်းနိုင်ဘဲနဲ့ နစ်နာတဲ့လူတွေ အများကြီး ပေါ်နေတာကို တွေ့ရမှာပါ။ ဥပမာအားဖြင့် အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဆန္ဒပြပိုင်ခွင့်။ အဲဒါက တကယ့်တကယ်ကြတော့ အခုနပြောတဲ့ ဥပဒေပုဒ်မ (၁၈) က ပြန်ပြီး ပြုပြင်ထားပြီးတော့ အဲဒီ ဥပဒေနဲ့ အရေးယူခံနေရတာတွေ ရှိနေတယ်။ နောက်တခုကလည်း မြေယာ ဟိုဟာမရှိတော့ တကယ့်တကယ် အရင်တုန်းက ရှိခဲ့တဲ့ ဥပဒေတွေအရဆိုရင် မြေယာကို သိမ်းထားပြီးတော့ ခြောက်လအတွင်း ဘာမှမလုပ်နိုင်တဲ့ မြေယာက မူလပိုင်ရှင်ကို ပြန်ပေးရမယ်ဆိုတဲ့ အောက်မြန်မာနိုင်ငံ။ ဒီ ဥပဒေကတော့ လက်ရှိလည်း တည်ဆဲဖြစ်တယ်။ အောက်မြန်မာနိုင်ငံ မြေယာဥပဒေဆိုတာရှိတယ်။ အဲဒီ ဥပဒေအရ ခြောက်လ သိမ်းထားတဲ့မြေကို ဘာမှ မလုပ်နိုင်ဘူးဆိုရင် မူလ မြေကို သိမ်းလာခဲ့တဲ့ လူအုပ်စု အဲဒီလူကို ပြန်ပေးရမယ်။ အခုတော့ အဲဒီလူတွေက ဥပဒေရေးရာအရ ပိုင်ခွင့်ဆိုင်ခွင့် ရှိတဲ့လူတွေက ပိုင်ရေးဆိုင်ရေးကို ဘယ်မှပြောရမှန်း မသိဘဲနဲ့ ဆန္ဒပြတာတို့၊ အတင်းဝင်ရောက်ထွန်းတာတို့ ဖြစ်ပြီးတော့ အမှုတွေ ဆွဲခံနေရတယ်။ ဥပဒေအရ ပိုင်ခွင့်ဆိုင်ခွင့် မရှိတော့တဲ့ အဖွဲ့အစည်းတွေ၊ ဌာနတွေကနေပြီးတော့ အုပ်ချုပ်ရေးယန္တရားကို မူတည်ပြီးတော့ အရေးယူဆောင်ရွက်တာတွေ၊ ကိုင်တွယ်နေတာကို တွေ့နေရပါတယ်။ အဲဒီတော့ လွှတ်တော်နဲ့ ဥပဒေနဲ့ လက်တွေ့ကျင့်သုံးမှုတွေက အများကြီး ကိုက်ညီဖို့ လိုမယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လယ်ယာမြေ ဥပဒေတွေနဲ့ ပတ်သက်ပြီး လေ့လာဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အဖွဲ့ဝင် ဦးလှထွန်း ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။