Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ လွှတ်တော်ဟာ အစိုးရကို ညှာနေရတဲ့ပုံစံ ဖြစ်နေတယ်လို့ ဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ပြောပါတယ်။ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအပါအဝင် အစိုးရရဲ့ လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ပါတ်သက်လို့ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
မစုမြတ်မွန် ။ ။ ဒေါ်သက်သက်ခိုင် အခုလို VOA ကို အချိန်ပေးပြီးတော့ အင်တာဗျူး ဖြေတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
ဒေါ်သက်သက်ခိုင် ။ ။ ကျမလည်း VOA ကို ကျေးဇူးတင်ပါတယ်။
မစုမြတ်မွန် ။ ။ ဒေါ်သက်သက်ခိုင် က ဘဏ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးမှုကော်မတီရဲ့ ကော်မတီဝင်တယောက်လည်း ဖြစ်ပါတယ်။ ဆိုတော့ ပထမဦးဆုံး မေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အထူးသဖြင့် အသေးစား နဲ့ အလတ်စား စီးပွားရေး တိုးတက်ဖို့အတွက်ကို ဘဏ်လုပ်ငန်းတွေဘက်ကနေ ဘယ်လောက်အထိ ပံ့ပိုးကူညီမှု ပေးနိုင်ပြီလို့ ပြောလို့ရပါသလဲရှင့်။
ဒေါ်သက်သက်ခိုင် ။ ။ ကျမတို့ကတော့ တဖြည်းဖြည်းစနေတာပေါ့။ အဓိကတော့ ကျမတို့ ကော်မတီလုပ်ငန်းကို ပြောမယ်ဆိုရင် ကော်မတီဆိုတာက လွှတ်တော်ကော်မတီ ဖြစ်တဲ့အတွက် ဘဏ်များနဲ့ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကို ကြည့်ရတယ်။ ဥပဒေတွေ (၁၈) ခု ရှိပါတယ်။ ခေတ် (၄) ခေတ်က ဥပဒေ (၁၈) ခုကို အပြန်ပြန်အလှန်လှန်ကြည့်ပါတယ်။ အဓိက ကမ္ဘာ့ဘဏ်ရဲ့ အကြံဉာဏ်ပေးချက်အရဆိုရင် နိုင်ငံတော်ပိုင် ဘဏ်တွေက ပြုပြင်ပြောင်းလဲဖို့ လိုနေပြီ။ ဒါပေမဲ့ နိုင်ငံတော်ဘဏ် (၄) ခု ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးနဲ့ တခုချင်းဆီပဲ ပြောင်းလို့ရမယ်ဆိုတော့ ပြောင်းသင့်တယ်။ အရေးကြီးဆုံးဖြစ်တဲ့ မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဥပဒေကို ကြည့်နေကြတယ်။ ကြည့်ပြီး ဝန်ကြီးဌာနကလည်း အသစ်ဆွဲနေတယ်။
နောက်တခုက Microfinance Law လည်း ရှိတယ်။ ဒီအသေးစား ငွေကြေးဥပဒေတွေ ရှိတယ်။ အဲဒီဥပဒေတွေအရ ကျမတို့က Microfinance Institution တွေ ပေါ်လာတယ်။ ပေါ်လာတဲ့အခါကြတော့ အဲဒီပေါ်တဲ့အထဲမှာမှ နိုင်ငံတကာ NGO လို လာတာမျိုးလည်းရှိတယ်။ ပြီးတော့ ပြည်တွင်းက လုပ်ငန်းရှင်တွေလည်းပေါ်လာတယ်။ အဲဒီ ပေါ်လာတဲ့အတွက်ကို ကျမတို့ အသေးစား၊ အလတ်စားလို့တော့ ပြောလို့မရဘူး - အသေးစား စီးပွားရေးလုပ်ငန်းတွေကို ချေးတယ်။ အရင်တုန်းကတော့ ဘဏ်တွေက စီးပွားရေးလုပ်ငန်းတွေက ချေးလို့ရတယ်။ အပေါင်ပေးနိုင်ရင် ချေးလို့ရတယ်။ ဒါပေမဲ့ အပေါင်မပေးနိုင်ဘဲနဲ့ ဒီလို အသေးစားလုပ်ငန်းတွေကလည်း အကူငွေ ချေးလို့ရသွားပြီဆိုတော့ ဒါက တိုးတက်မှုတခုတော့ ဖြစ်တယ်။ ဒါပေမဲ့ ကျမတို့ အများကြီးလုပ်ရအုံးမယ်ရှင့်။
မစုမြတ်မွန် ။ ။ အခုန ငွေချေးတဲ့အကြောင်းပြောလို့ တဆက်တည်း မေးချင်တာက ဒီမြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ချင်တယ်။ အထူးသဖြင့်တော့ စီးပွားရေး စလုပ်ချင်တဲ့ လူတွေက ဘဏ်တွေကနေ ငွေချေးဖို့ သိပ်ခက်ခဲတဲ့ အကြောင်းရင်းကတော့ အပေါင်ပေးနိုင်တဲ့ များသောအားဖြင့် အိမ်ခြံမြေတွေ ပြရမယ်။ နောက်ပြီးတော့ အတိုးနှုန်းတွေ များတယ်။ တနှစ်အတွင်းမှာ ပြန်ဆပ်ရမယ်ဆိုတာမျိုး ဖြစ်တဲ့အခါကြတော့ တကယ်တမ်း စီးပွားရေး စလုပ်တဲ့ လူတွေအနေနဲ့ ဒီတနှစ်အတွင်းမှာ ချေးငွေကို ပြန်ပေးနိုင်အောင် လည်ပတ်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ အဲဒီတော့ သူတို့က ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ ဘဏ္ဍာရေးစနစ်ကို ပြောင်းလဲဖို့လိုတယ်ဆိုပြီးတော့လည်း တောင်းဆိုမှုတွေ ရှိတယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲမှာ ဘာတွေကြိုးပမ်းမှုတွေ ရှိပါလဲရှင့်။
ဒေါ်သက်သက်ခိုင် ။ ။ ကျမတို့ကတော့ အဓိက မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံ ဖြစ်တယ်။ (၇၀) ရာခိုင်နှုန်းလောက်က ကျေးလက်မှာ နေတယ်။ စိုက်ပျိုးရေး၊ မွေးမြူးရေး လုပ်ကြတယ်။ အဲဒါကြောင့်မို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မှားနေတာလေးတွေ ရှိတယ်။ သူက ဘယ်လိုဖြစ်လဲဆိုရင် အမှန်မှာတော့ နိုင်ငံတော်ပိုင်ဘဏ် ဆိုလို့ရှိရင် ကျမတို့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ပြည်ထောင်စုအစိုးရကိုယ်စား၊ နိုင်ငံတော်ကိုယ်စား ဘဏ်ရဲ့ Owner ပိုင်ရှင်လိုမျိုးသဘော လုပ်ရမှာပေါ့။ လုပ်ရမယ့်အစား အရင် အစိုးရအထိကို ကျမတို့က စိုက်ပျိုးရေးဝန်ကြီးဌာနအောက်မှာ၊ ဆည်မြောင်းဝန်ကြီးဌာနအောက်မှာပဲ ရှိပြီးတော့မှ ဒီဝန်ကြီးဌာနတွေရဲ့ Policy Loan မူဝါဒအရ ချပေးတဲ့ ချေးငွေတွေကို အမတော်ကြေးလိုမျိုးတွေကို ပေးနေတယ်။ ပေးနေတဲ့အချိန်မှာလည်း ငွေအရင်းအနှီး အကန့်အသတ်ရှိတယ်။ အကန့်အသတ်ရှိတဲ့အခါကြတော့ လယ်သမားတဦးကို ဆယ်ဧကပဲ ချေးပေးတယ်။ ဆယ်ဧကထက် ပိုတဲ့လူကလည်း ဆယ်ဧကပဲ ရတယ်။
ပြီးတော့ ရာသီအလိုက် ချေးတာ ဖြစ်တဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေက သီးနံှပေါ်တဲ့အချိန်မှာ သူတို့က ငွေကို ပြန်ဆပ်ရတော့မယ်ဆိုတော့ သီးနံှ ဈေးမတက်ခင်မှာ ရောင်းထုတ်လိုက်ရတာမျိုး။ အဲဒီလိုမျိုးလေးတွေနဲ့ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးကဏ္ဍက လူတွေအတွက်ကို အကျိုးပြုတာနည်းတယ်။ အတိုးနှုန်းအားဖြင့်တော့နည်းတယ်။ ဒါပေမဲ့ အကျိုးပြုတာနည်းတယ်။ အခုတော့ ဥပဒေတခုလုံးကို ပြင်ရတာပါ။ ပြင်ရတော့ ကျမတို့က Fundamental အခြေခံအချက်အလက်တွေ၊ ဥပဒေတွေကို ပြင်လိုက်လို့ရှိရင် Operate လုပ်ရတာ ကောင်းသွားမယ်။ ပြီးလို့ရှိရင် နိုင်ငံတကာကဘဏ်၊ JICA တို့လိုမျိုး နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီတွေနဲ့လည်း ပူးပေါင်းပြီးဆောင်ရွက်လို့ရတယ်။ Two-step loans တွေ လုပ်လို့ရတယ်။ အဲဒီလိုမျိုးတွေ စပြီးတော့ ဒီဥပဒေက စပြီးခွင့်ပြုပြီ။ ပြီးလို့ရှိရင် အခုနပြောသလို တနှစ်ဆိုတဲ့ Loan အစားကို ကျမတို့က နှစ်စဉ်ချေးငွေဆိုတာ တနှစ်ချေးငွေ။ နှစ်တိုဆိုတာ လေးနှစ်အထိ၊ ပြီးတော့ နှစ်ရှည်ချေးငွေက အနှစ် (၂၀) လောက်အထိ ချေးတယ်ဆိုတော့ ကျမတို့ ကျွန်းစိုက်တာမျိုးလို အနှစ် (၂၀) မှ ငွေပေါ်မယ့် ကိစ္စတွေ။ ကျွန်းစိုက်တာမျိုး၊ ရာဘာလိုမျိုး - စက်မှုသီးနှံစိုက်တာတွေ။ ပြီးတော့ ကော်ဖီ၊ သရက်တို့လို စသဖြင့် ဒါတွေကို စိုက်ဖို့လည်း ပါသွားတယ်။ မွေးမြူးရေးအတွက်လည်း ပါသွားတယ်။ ဆိုတော့ စိုက်ပျိုးရေး၊ မွေးမြူးရေးနဲ့ ပတ်သက်လို့ Supply Chain ကြီး တခုလုံးကို ပံ့ပိုးပေးနိုင်တာဟာတွေကို လုပ်နေပါတယ်။
မစုမြတ်မွန် ။ ။ အခု မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ လူတွေတော်တော်များများနဲ့ ပြောရင် လက်ရှိ မြန်မာနိုင်ငံ စီးပွားရေးက တန့်နေတယ်လို့ ပြောပါတယ်။ စီးပွားရေး ပညာရှင်တယောက်လည်းဖြစ်တဲ့ ဒေါ်သက်သက်ခိုင်အနေနဲ့ ဒီတန့်နေတဲ့ စီးပွားရေးကနေ ထိုးဖောက်ပြီး သွားနိုင်ဖို့က အဓိက ချက်ချင်းလုပ်ဖို့ လိုအပ်နေတာ ဘာလို့ ပြောနိုင်ပါလဲ။
ဒေါ်သက်သက်ခိုင် ။ ။ ချက်ချင်းလုပ်သင့်တာ ဘာလဲဆိုရင် Public Procurement Reform လုပ်သင့်တယ်။ ရှေ့အစိုးရရဲ့ အားနည်းချက်လို့ ပြောလို့ရှိရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အကျင့်ပျက်ခြစားမှုကို မထိန်းနိုင်ခဲ့ဘူး။ ဆိုတော့ အကျင့်ပျက်ခြစားမှုကို ထိန်းမယ်ဆိုရင် ဒီလိုမျိုး နိုင်ငံတော်ရဲ့ စီမံကိန်းကြီးတွေကို လုပ်တဲ့အချိန်မှာ Public Procurement Reform လုပ်မှသာလျှင် ဒီဟာကို ထိန်းနိုင်မယ်။ ဘောလုံးပွဲ ဥပမာနဲ့ပဲပြောမယ် - တကယ်တမ်းကြတော့ သူတို့တွေက လေ့ကျင့်ပြီးသာ အားကစားသမားတွေ ဖြစ်တယ်။ ဒါပေမဲ့ ရှေ့ဒိုင်လူကြီးက လျော့တိလျော့ရဲ ထိန်းကျောင်းခဲ့တဲ့အချိန်မှာ သူတို့တွေလည်း စည်းကမ်းဖောက်ပြီး ကစားခဲ့တယ်။ ဒါပေမဲ့ သူတို့က အဆင်သင့် ဖြစ်နေတာ။ ဘောလုံးသမားစကားနဲ့ပြောရင် လူသစ်တန်းကလည်း မတက်သေးတဲ့အချိန်မှာ လူသစ်ကလည်း မတက်သေးဘူး၊ လူဟောင်းလည်းမသုံးဘူးဆိုတဲ့ အခြေအနေမျိုးမှာ အခု ကျမတို့က ရောက်နေတာ။ ရောက်နေတဲ့အခါကြတော့ ကျမတို့ ဒိုင်လူကြီးက ပြောင်းသွားပြီ။
ဒိုင်လူကြီးပြောင်းပြီးတော့ ဒိုင်လူကြီးက စည်းနဲ့ကမ်းနဲ့ ကြပ်ကြပ်မတ်မတ် ကစားရင် အခုန လေ့ကျင့်ပြီသား ကစားသမားတွေက စည်းကမ်းနဲ့ပြောင်းပြီး ကစားလိုက်လို့ရှိရင် ဒါတွေက တိုင်းပြည်အတွက် သိပ်ကိုအကျိုးရှိတဲ့ စီးပွားရေးအင်အားစုတွေ ဖြစ်လာမှာပေါ့။
အဲဒါကြောင့်မို့ ဘာကို အဓိကလုပ်ရမှာလဲဆိုတော့ Public Procurement Reform ကို လုပ်ရမယ်။ လုပ်ပြီးရင် တကယ်ကို သမာသမတ်ကျကျ တကယ်ကို Ethical conduct နဲ့ သေချာလုပ်ပြီလို့ရှိရင် ပုဂ္ဂလိကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်တယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်း ရှိတယ်။ ပြီးတော့ နိုင်ငံမှာ အစိုးရကနေ ပြည်သူကို ဖြည့်ဆည်းပေးရမယ့် Infrastructure တွေလည်း တိုးတက်တယ်။ အဲဒီလိုမျိုး လုပ်ရမယ့် အခြေအနေလို့ ထင်တယ်။
မစုမြတ်မွန် ။ ။ အဲဒီလို အကြံပြုခဲ့သလိုမျိုး တကယ်တမ်း လက်တွေ့ ဖြစ်ဖို့အတွက်ကို ဘယ်လို အခက်အခဲတွေ ရှိနေလဲ။ အဲဒီလို လက်တွေ့အကောင်အထည် ဖော်လာဖို့ ဘယ်လောက်အထိ အချိန်ပေးရမယ်လို့ ထင်ပါလဲ။
ဒေါ်သက်သက်ခိုင် ။ ။ ကျမတို့ကတော့ လွှတ်တော်မှာ ပြောရတာ အကန့်အသတ်နဲ့ ပြောရတာ။ ကျမတို့က လွှတ်တော်က ပြောပဲပြောရတာ။ ကျမတို့ကိုယ်တိုင် ထလုပ်လို့ မရဘူး။ ဆိုတဲ့အခါကြတော့ - ပြောတာတောင်မှ အချိန်အကန့်အသတ်နဲ့ ပြောရတော့ တခါတလေ ကိုယ်ပြောချင်တာကို အချိန်နည်းနည်းအတွင်းမှာ ပြောရတာ။ အဲဒီကြတော့ ဘာလဲဆိုတော့ အစိုးရအနေနဲ့ လွှတ်တော်ရဲ့အသံကို ဘယ်လောက် လေးလေးနက်နက် နားထောင်လဲပေါ် မူတည်တယ်။ နားထောင်ပြီးလို့ တကယ်လက်သင့်ခံတယ်ဆိုရင်လဲ အကောင်အထည်ဖော်ဖို့အတွက် ဘယ်လောက်ကို စိတ်အားထက်သန်လဲ။ ဘယ်လောက် လက်သင့်ခံလဲ။ အဲဒါတွေပေါ်လည်း မူတည်တယ်။ တကယ်တမ်း အကောင်အထည်ဖော်တာကတော့ အစိုးရ ဖြစ်တယ်။
မစုမြတ်မွန် ။ ။ ဒေါ်သက်သက်ခိုင်ရဲ့ အတွေ့အကြုံအရဆိုရင် အခုနလိုမျိုး လွှတ်တော်မှာ အကြံပြုဆွေးနွေးချက်တွေကို အစိုးရဘက်က ဘယ်လောက်အထိ အလေးအနက်ထားပြီးတော့ တုံ့ပြန်ခဲ့တာ တွေ့ရသလဲရှင့်။
ဒေါ်သက်သက်ခိုင် ။ ။ လတ်တလောတော့ ကျမတို့ မြင်တာကတော့ ကျမတို့ လွှတ်တော်မှာ - လွှတ်တော်ကတော့ ဝန်ကြီးဌာနတွေရဲ့ အလိုကို လိုက်နေရတဲ့သဘော ရှိတယ်။ ဝန်ကြီးဌာနတွေက မလုပ်ပေးနိုင်သေးရင် လွှတ်တော်ကလည်း နည်းနည်းစိတ်လျှော့ထားရတယ်။ အဲဒီလိုမျိုးသဘောတော့ ဖြစ်နေတယ်။ ဒီမိုကရေစီ အသက်ဝင်မှုကတော့ အဲဒီလိုတော့ ဖြစ်နေတယ်။ တကယ် ဖြစ်သင့်တာကို လွှတ်တော်က အတင်းဖိပြီး တောင်းလို့ရတဲ့အချိန် မဟုတ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကို ပြန်ညှာနေရတဲ့သဘော အဲဒီလိုမျိုး အချိန်လေးတော့ ဖြစ်နေတယ်။ ဘာပဲပြောပြော ပြောတာနဲ့ တကယ့် အကောင်အထည်ဖော်တာဆို - အကောင်အထည်ဖော်တာက ပိုခက်တယ်။ ကျမတို့ကတော့ ပြောကြတဲ့လူတွေဆိုတော့ အဲဒီလိုမျိုးသဘောတော့ ရှိတယ်။ နည်းနည်း လွှတ်တော်ကနေ အစိုးရကို ညှာနေတဲ့ ကာလလို့ ကျမ ယူဆတယ်။ ဒါပေမဲ့ စိုးရိမ်ချက်က ဘာလဲဆိုရင် ဒါက အချိန်အတိုင်းအတာ တခုပဲ ဖြစ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တကယ်ပြောင်းသွားတာ။ တကယ်ပြောင်းသွားတော့ လူသစ်တန်း တက်လာတဲ့အချိန်မှာ သူတို့ကို အချိန်ပေးရတာပေါ့။ ဒါပေမဲ့ ရေရှည်မှာ
အဲဒီလို ဖြစ်သွားရင်တော့ ဒီမိုကရေစီ အသက်ဝင်မှု လျော့နည်းသွားပြီးရင် Rubber Stamp Parliament အဲဒီလိုမျိုး ဖြစ်သွားမှာကိုလည်း ကျမတို့ စိုးရိမ်တယ်။
မစုမြတ်မွန် ။ ။ အဲဒီလိုမျိုး မဖြစ်အောင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပိုပြီးတော့ အားထုတ်ပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်ဖို့သင့်တယ်လို့ ပြောနိုင်ပါလား။
ဒေါ်သက်သက်ခိုင် ။ ။ ဟုတ်ပါတယ်ရှင့်။ ကျမတို့ကတော့ ကိုယ်ယုံကြည်တာ ကိုယ်လုပ်ရဲရမယ်။ ယုံကြည်တာကို လုပ်ရဲရမယ်။ ပြောရဲရမယ်။ ဒါပေမဲ့လို့လဲ ကိုယ်ထင်တာကြီး လျှောက်ပြောတာမျိုး မဟုတ်ဘဲနဲ့ ပညာရှင်ဆန်ဆန် ဒါမှမဟုတ် တကယ် Evidence နဲ့ သက်သေသာဓက အထောက်အထားနဲ့ တကယ့် Statistics တွေ၊ Figure တွေ။ ဒါမှမဟုတ် မြေပြင်မှာ တကယ်ဖြစ်နေတာတွေကိုတော့ ကျမတို့က ပြည်သူရဲ့အသံ၊ ကျမတို့ ပြောဖို့ လိုတယ်ရှင့်။
မစုမြတ်မွန် ။ ။ နေုာက်တခုကလဲ လွှတ်တော်က NLD ကိုယ်စားလှယ်တွေ အများစု လွှတ်တော်ဖြစ်တယ်။ နောက်ပြီးတော့ အစိုးရကလည်း NLD အစိုးရ ဖြစ်နေတဲ့အခါကြတော့ အစိုးရနဲ့ ပတ်သက်ပြီး တခုခု လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြချင်ဆိုရင် လွှတ်တော်ထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးထောက်ပြခွင့် အခြေအနေ ရှိပါသလားရှင့်။
ဒေါ်သက်သက်ခိုင် ။ ။ အဲဒီလို အခြေအနေတော့ ရှိတယ်။ ဒါပေမဲ့ ပါတီက ကြိုက်ခြင်းမကြိုက်ခြင်းတော့ ရှိနိုင်တာပေါ့။ ဆိုလိုရှိရင် ကျမတို့က ဥပဒေအရတော့ လွှတ်တော်ကတော့ ဥပဒေနဲ့အညီ လည်ပတ်နေတယ်။ ဒါပေမဲ့ ပါတီတွင်းမှာတော့ ကိုယ့်အစိုးရကိုယ် မကြိုက်ဘူးဆိုတာလည်း ဖြစ်ရင်ဖြစ်နိုင်တာပေါ့။ အဲဒါလဲ ဖြစ်နိုင်တယ်ဆိုတော့ ကျမတို့က တကယ်တမ်းဆိုရင်တော့ ဖြစ်သင့်တာကတော့ ကျမတို့က ဒီပါတီက၊ ဘယ်ပါတီကလာလာ - ပါတီက လာကြတယ်။ ပါတီတခုမဟုတ် တခုက လာကြမယ်။ ဒါပေမဲ့ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်လို့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်ပြီဆိုတဲ့အချိန်မှာ ပြည်သူကို ကိုယ်စားပြုတဲ့အသံကို ကျမတို့ ပြောပိုင်ခွင့် ရှိရမယ်။ တကယ်လို့ ကိုယ့်အစိုးရ ကိုယ်တိုင်က ပြောဖို့လိုအပ်နေလို့ ပြောရမယ်ဆိုရင်လဲ ပါတီကလည်း ကြည်ကြည်ဖြူဖြူ ခွင့်ပြုသင့်တယ်။
အဲဒါကို ကျမ ဘာလို့ ခေါ်ပြောမလဲဆိုရင် Loyal Opposition ကိုယ့်ပါတီက တက်တဲ့အစိုးရပဲ။ ဒါပေမဲ့ ဒီအစိုးရ လမ်းကြောင်းကြီး မပြောင်းသွား၊ လမ်းကြောင်းကြီး မှားသွားတာမျိုး မဖြစ်အောင် ကျမတိုက ဘေးကနေ ဝိုင်းပြီးတော့ ထိန်းကျောင်းကြပ်မတ်သလို - Loyal Opposition ကိုတော့ လက်ခံသင့်တယ်။ ဒါပေမဲ့လို့ ကျမတို့က ဒီမိုကရေစီ ရေချိန်လည်း နိမ့်သေးတယ်။ သက်တမ်းလည်း နုသေးတဲ့အခါကြတော့ ဒါမျိုးလေးတွေကတော့ ရှိတယ် - ကြိုက်ခြင်းမကြိုက်ခြင်းပေါ့။ အဲဒါကြောင့်မို့ ကျမက တခါတလေ ပြောတယ် - ကြိုက်ခြင်းမကြိုက်ခြင်းနဲ့ မှန်ခြင်းမှားခြင်းက မတူဘူး။ ကွက်တိမတူဘူး။ မတူတဲ့အခါကြတော့ မှန်ပေမယ့်လဲ ကြိုက်ခြင်းမှကြိုက်မှာ။ ဒါပေမဲ့ မဟုတ်တာပြောနေပေမယ့် ကိုယ့်ကိုအကြိုက်လိုက်ပြောရင်လဲ ကြိုက်ခြင်းလည်းကြိုက်မှာ။ အဲဒီကြတော့ ကျမတို့က ကိုယ်စားလှယ်တယောက်ချင်းဆီ သတ္တိရှိဖို့ လိုတာပေါ့။
မစုမြတ်မွန် ။ ။ အားလုံးကတော့ တကယ်တမ်းတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရဝန်ထမ်းတွေက တိုင်းပြည်အတွက်ကို လုပ်နေတဲ့လူတွေ ဖြစ်တဲ့အခါကြတော့ တိုင်းပြည်အတွက်ကိုပဲ အရင်ဦးစားပေးပြီး လုပ်သင့်တယ် ထင်ပါတယ်။
ဒေါ်သက်သက်ခိုင် ။ ။ အဲဒါကြောင့် သစ္စာရှိတယ်လို့ ပြောရင်လဲ ဘာကို သစ္စာ ရှိရမလဲဆိုရင် ကျမတို့ပါတီမှာတော့ သစ္စာ ရှိတယ်ဆိုတဲ့ စကားကို သိပ်ပြီးတော့ သုံးတာ။ ကျမက ဘာကိုသစ္စာ ရှိရမလဲဆိုရင် ပြည်သူ၊ တိုင်းပြည်နဲ့ လူမျိုးကိုပဲ သစ္စာ ရှိရမှာ။ ကျမကတော့ နောက်ဆုံးကြတော့ ဒီပါတီကိုယ်တိုင်က တိုင်းပြည်နဲ့ လူမျိုးအတွက်ပဲ လုပ်ရမှာ။ ကျမတို့က အမြင်ရှင်းရမယ်။ ကိုယ်စားလှယ်တဦးချင်းဆီက ဆုံးဖြတ်ပြီး ဝင်လာပြီ။ ဝင်လာပြီးလို့ရှိရင် သစ္စာရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုလည်း သစ္စာ ရှိရမယ်။ ကိုယ့်ဘာကြောင့် ဝင်တာလဲ။ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်ချင်လို့ ဝင်တာဆိုရင် နောက်ဆုံးသစ္စာ ရှိရမှာ တိုင်းပြည်နဲ့လူမျိုး သစ္စာ ရှိရမှာရှင့်။
မစုမြတ်မွန် ။ ။ အခုလိုမျိုး ဒေါ်သက်သက်ခိုင်ဆိုရင် ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်ပေါ့။ အဲဒီလိုမျိုး လွှွတ်တော်ကိုယ်စားလှယ်တွေကော လွှတ်တော်ထဲမှာ အများကြီး ရှိရဲ့လားရှင့်။
ဒေါ်သက်သက်ခိုင် ။ ။ အခုကတော့ ဒီလိုပေါ့ ကျမကတော့ တော်တော်ပြောတဲ့အထဲမှာ ပါတယ်။ တော်တော်များများကြတော့ မပြောကြဘူးလို ကျမ မြင်တယ်။ ဒါပေမဲ့ သူတို့က မပြောပေမယ့် မသိဘူးလားဆိုတော့ သိတော့ သိနေတယ်။ သိတဲ့လူတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ မပြောကြသေးဘူး။
မစုမြတ်မွန် ။ ။ မေးချင်တာတော့ ဒီလောက်ပါပဲ။ အခုလို ဖြေပေးတာကိုလည်း အများကြီးကျေးဇူးတင်ပါတယ်ရှင့်။