၂၀၁၉ နှစ်ကြို သုံးသပ်ချက် (နှစ်ကုန်အထူးအစီအစဉ်)

၂၀၁၉ နှစ်ကြို သုံးသပ်ချက် -- ISP ဦးအောင်သူငြိမ်း၊ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်း

Your browser doesn’t support HTML5

၂၀၁၉ နှစ်ကြို သုံးသပ်ချက် (နှစ်ကုန်အထူးအစီအစဉ်)

၂၀၁၉ နှစ်သစ်မှာ မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံးမျှော်လင့်နိုင်တာတွေ၊ သတိထားသင့်တာတွေ၊ စတာတွေကို ISP မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့၊ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်း၊ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်းတို့နဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန် VOA စတူဒီယိုမှာ သုံးသပ်ဆွေးနွေးထားပါတယ်။

မေး ။ ။ VOA ပရိသတ်တွေ မင်္ဂလာပါ။ အခု ဒီအစီအစဉ် အသံလွှင့်နေတဲ့ နောက်တရက်ဆိုရင် ၂၀၁၈ ကုန်ဆုံးပြီးတော့ ၂၀၁၉ ကို ကူးပြောင်းပါတော့မယ်။ ကိုအောင်သူငြိမ်းနဲ့ စပါမယ်။ ၂၀၁၉ မှာ ၂၀၁၈ က အခြေအနေ ဘယ်လောက်အထိ အပြင်းအထန် ထပ်ပြီးတော့ ရင်ဆိုင်ဖို့ ရှိပါသလဲ။

ဖြေ ။ ။ နိုင်ငံတကာဖိအားတွေ ဆက်ပြီးတော့ ရင်ဆိုင်ရဖို့ ရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလည်း ဆက်ပြီးတော့ လုပ်ဆောင်ရဖို့ ရှိပါတယ်။ ဒီနေရာမှာ အလေးအနက်တခုပြောချင်တာက စီးပွားရေးကိစ္စ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ကျနော်တို့တိုင်းပြည်မှာ စီးပွားရေး လုပ်ခင်းကိုင်ခင်း မကောင်းဘူးဆိုတာဟာမျိုးက ၂၀၁၈ ထဲမှာ တော်တော်များများ ပြောကြပါတယ်။ အဲဒီတော့ ပြန်ကြည့်လို့ရှိရင်လဲ ကိန်းဂဏန်းတွေ ပြန်ကြည့်ရင် ကမ္ဘာ့ဘဏ်တို့ သုံးသပ်ချက်မှာ အရင်တုန်းက စီးပွားရေးတိုးတက်မှုက ၆.၈ ရာခိုင်နှုန်း ရှိတယ်။ အခု ၆.၂ ရာခိုင်နှုန်းအထိ ကျလာတယ်။ အဲဒီတော့ ရှေ့ ၂၀၁၉ ကိုလည်း မှန်းကြည့်ကြတာက ကျနော်တို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ထပ်ပြီးတော့ ကျစရာအကြောင်းရှိတယ်လို့ သုံးသပ်ကြတယ်။

နောက်တခါကြတော့ နိုင်ငံတကာစီးပွားရေး သုံးသပ်ချက်တွေ ရှိပါတယ်။ ရှေ့လာမယ့် ၂၀၁၉ မှာ စီးပွားရေးကျမယ်လို့ မှန်းထားကြတယ်။ ဘာအကြောင်းလဲဆိုတော့ တရုတ်နဲ့ အမေရိကန်ကြားထဲမှာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေတယ်။ အဲဒီတော့ ကြားထဲမှာ ရင်းနှီးမြုပ်နံှတဲ့ လူတွေက ယုံကြည်စိတ်ချမှု မရှိဘူး။ ဒါကြောင့်မို့လို့ပဲ ၂၀၁၉ မှာ စီးပွားရေးကျမယ်လို့ မှန်းထားကြပါတယ်။

အဲဒါအပြင်မှာ တချို့တွေ သုံးသပ်ကြတယ်။ စိုက်ပျိုးရေးသီးနံှနဲ့ ဂတ်စ် ရေနံ၊ သဘာဝဓါတ်ငွေ့တွေ ဈေးကျအုံးမယ်လို့ မှန်းထားတာတွေ ရှိပါတယ်။ အဲဒီလိုအနေအထားမှာ ကျနော်တို့နိုင်ငံဘက်က စီးပွားရေးအရ တော်တော်လေးရုန်းရမယ့် အနေအထားတွေ ရှိပါတယ်။

မေး ။ ။ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့ သုံးသပ်ချက်က ရခိုင်အရေးသည် ခရီးသွားလုပ်ငန်းကစပြီးတော့ ရင်းနှီးမြုပ်နံှသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တဲ့အထိ ရခိုင်အရေးက အကြီးကြီးဖြစ်တယ်။ ဒီဟာကို မဖြေရှင်းဘဲနဲ့တော့ ရင်းနှီးမြုပ်နံှမှုတွေ၊ ရင်းနှီးမြုပ်နံှသူတွေရဲ့ ယုံကြည်မှု။ နောက်တခါ ခရီးသွားလုပ်ငန်း - ကမ္ဘာတဝှမ်းက အထူးသဖြင့် အနောက်နိုင်ငံက ခရီးသွားအရေအတွက်က လုံးဝကို ဇောက်ထိုးကျသွားခဲ့တယ်။ ရခိုင်အရေးကလည်း ၂၀၁၉ ထဲမှာ အကြီးအကျယ် ဆက်ပြီးဖြေရှင်းရမယ့်ကိစ္စ ဖြစ်နေမှာပေါ့။

ဖြေ ။ ။ ကျနော့်အမြင်၊ ကျနော်ဆိုလိုချင်တဲ့သဘောက အစိုးရနဲ့ လွှွတ်တော်အပိုင်းတို့က နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ၂၀၁၉ ထဲမှာ ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိတွေ့နိုင်ဖို့ လိုအပ်မယ်လို့မြင်တယ်။ နောက်ပြီးတော့ လာမယ့်နှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောတဲ့နေရာမှာ နိုင်ငံတော်သမ္မတပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တက်ရောက်ပြီးတော့ ပြောဖို့လိုတယ်လို့ မြင်တယ်။ နောက်ပြီးတော့ အထူးသဖြင့် လာမယ့်နှစ်အတွင်းမှာ နိုင်ငံတကာမှာလုပ်တဲ့ ဒေသတွင်းပဲဖြစ်ဖြစ်၊ နိုင်ငံတကာပဲဖြစ်ဖြစ် အစည်းအဝေးပွဲတွေ Conference တွေမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီးတော့ ရှင်းပြနိုင်မယ်။ နောက်ပြီးတော့ နိုင်ငံတကာရဲ့ အသံကို နားထောင်နိုင်မယ်။ အဲဒီအပေါ် ပြန်ပြီးတော့ ဆွေးနွေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်လို့ ကျနော်မြင်တယ်။

နောက်ပြီးတော့ လာမယ့်နှစ်အတွင်းမှာ ပြင်ဆင်သင့်တာက လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကော်မတီတွေအနေနဲ့ ပိုပြီးတော့ အလုပ်လုပ်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ အထူးသဖြင့်တော့ လုံခြုံရေးကောင်စီနဲ့ဖြစ်ဖြစ်၊ အထွေထွေညီလာခံနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် နောက်ပြီးတော့ ဒေသတွင်း အာဆီယံလိုအဖွဲ့မျိုးနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် ဘယ်လိုချဲ့ထွင်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မလဲ။ နောက် ၂၀၁၉ ထဲမှာ ရခိုင်အရေးအပါအဝင် နိုင်ငံတကာရဲ့ ဖိအားတွေကို လျှော့ချတဲ့နေရာမှာ ကျနော်တို့ဟာ ပထမအဆင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့၊ အာဆီယံရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့ ချဲ့ထွင်နိုင်ဖို့ လိုအပ်တယ်လို့မြင်တယ်။ ဥပမာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော် ဆောင်ရွက်ချက်တွေကို အာဆီယံအဖွဲ့ကနေ စောင့်ကြည့်တာမျိုး၊ အာဆီယံအဖွဲ့က ပုဂ္ဂိုလ်တွေ လာရောက်လေ့လာတာမျိုး အဲဒီကနေတဆင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုရအောင် ဆောင်ရွက်တာမျိုး ဒါမျိုးတွေကို ၂၀၁၉ ထဲမှာ စဉ်းစားသင့်တယ်လို့မြင်တယ်။

နောက်တဆင့်ကတော့ အိန္ဒိယနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ- ဒီနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း ရခိုင်အရေးမှာနဲ့ ကျနော်နိုင်ငံရဲ့ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါ ထည့်သွင်းပြီးတော့ စဉ်းစားဖို့ လိုအပ်တယ်လို့ မြင်တယ်။

မေး ။ ။ အဲဒီမှာ အထွေထွေအုပ်ချုပ်ရေးမှူးဌာန - ဒီကိစ္စတွေ ဖြေရှင်းတဲ့နေရာမှာ အထွေထွေအုပ်ချုပ်ရေးမှူးဌာနရဲ့ အခန်းကဏ္ဍကလည်း အတော်အရေးပါတယ်လို့ နားလည်တယ်။ အထွေထွေအုပ်ချုပ်ရေးမှူးဌာနက အခုဆိုရင် ၂၀၁၈ တုန်းက ကျနော်တို့ သုံးသပ်ထားသလို သမ္မတရုံးဝန်ကြီးဌာနလက်အောက်ကို ပြောင်းမယ်ဆိုတော့ ၂၀၁၉ မှာ အဲဒီအရှိန်က ဘယ်လောက်အထိ၊ နောက်တခုက လူထုနဲ့ တိုက်ရိုက်ထိဆက်တဲ့ ဌာန ဖြစ်နေတော့ အဲဒါကို ဘယ်လောက်အထိ ၂၀၁၉ မှာ သုံးသပ်လို့ရမလဲ။ မျှော်လင့်လို့ရမလဲ။

ဖြေ ။ ။ အရင်တုန်းကတော့ ပြည်ထဲရေးက ကာကွယ်ရေးဦးစီးချုပ်ရဲ့အောက်မှာ ရှိနေခဲ့တယ်။ အခုက သူကို အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ရွှေ့ပေးလိုက်တယ်။ ရွှေ့ပေးလိုက်တော့ ဒါက ကောင်းတဲ့ အပြောင်းအလဲလို့ ယူဆပါတယ်။ အဲဒီတော့ ပြောမယ်ဆိုရင် စစ်ဘက်ကနေ အရပ်ဘက်သို့ ပြောင်းသွားတယ်ပေါ့။ ဒါပေမဲ့ ဆက်လုပ်စရာတွေ ရှိပါတယ်။ ကျနော်မြင်တာတော့ မဟာဗျူဟာတွေ လိုတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အထွေထွေအုပ်ချုပ်ရေးဌာနကိုလည်း Democratization ဒီမိုကရေစီအသွင်ပြောင်းဖို့ လိုသေးတယ်လို့ထင်တယ်။

နောက်တခါ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး။ ဒီကိစ္စတွေ ဆက်လုပ်ဖို့လိုတယ်လို့ ကျနော် ထင်သေးသလား။

မေး ။ ။ ကိုရန်မျိုးသိန်းအနေနဲ့ အဲဒီကိစ္စကို အတော်လေး အကောင်းမျှော်လင့်ထားသလား။

ဖြေ ။ ။ ဒါကတော့ အပြောင်းအလဲတခုလို့တော့ ကျနော်မြင်တယ်။ ဒါပေမဲ့ အရေးကြီးတာက ၂၀၁၉ ထဲမှာ မြို့နယ်နဲ့ ခရိုင် အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတခုကို ကျနော်တို့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဌာန်းနိုင်ဖို့ လိုအပ်တယ်လို့မြင်တယ်။ အဲဒီဥပဒေကနေတဆင့် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှာ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့လူတွေလည်း ပါဝင်နိုင်တဲ့ပုံစံမျိုး - ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၈၈) မှာတော့ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှာ နိုင်ငံဝန်ထမ်းတွေကို တာဝန်ပေးရမယ်လို့ ဖော်ပြထားတယ်။ အဲဒီတော့ ဆိုလိုချင်တာက နိုင်ငံဝန်ထမ်းတွေနဲ့ပဲ ဆောင်ရွက်ရမယ်လို့ ပြောတာမဟုတ်ဘူး။ နောက်နိုင်ငံဝန်ထမ်းတွေက ဦးဆောင်ရမယ်လို့ ပြောတာ မဟုတ်ဘူး။

မေး ။ ။ ၂၀၁၉ နှစ်ထဲမှာ အစိုးရအနေနဲ့၊ တိုင်းပြည်တခုလုံးအနေနဲ့ လူထုအနေနဲ့ သတိထားစောင့်ကြည့်သင့်တဲ့ ကိစ္စတွေများ ရှိနေသလား။ ဘယ်လိုကိစ္စမျိုးတွေကို သတိထားစောင့်ကြည့်သင့်သလဲ။

ဖြေ ။ ။ ၂၀၂၀ ဆိုရင် အထွေထွေရွေးကောက်ပွဲလာပြီ။ အဲဒီတော့ ၂၀၁၉ က အထွေထွေရွေးကောက်ပွဲ မတိုင်မီ တနှစ်ဖြစ်တယ်။ အဲဒီအခါကြတော့ အခုန ကိုအောင်သူငြိမ်း ဆွေးနွေးသွးတဲ့အထဲမှာ ကျနော်တို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ကျနော်တို့က တပ်မတော်ကာကွယ်ရေးဦးချုပ်က ခန့်အပ်တဲ့ ပြည်ထဲရေးဝန်ကြီး စီမံခန့်ခွဲမှုအောက်ကနေ ဟိုဘက် ပြည်ထောင်စုအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ပြောင်းတယ်ဆိုပေမယ့် ကျနော်တို့မှာ စိုးရိမ်စရာ ရှိနေတာက ဘာလဲဆိုတော့ ဗဟိုချုပ်ကိုင်မှု မှားနေတာ။ အစိုးရထဲမှာ၊ လွှတ်တော်ထဲမှာ၊ အာဏာရဲ့ပါတီထဲမှာရော ဗဟိုချုပ်ကိုင်မှု မြှင့်မားနေတာဟာ ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက်ကို အင်မတန်မှ ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးတခုလို့ မြင်တယ်။ အဲဒီတော့ ၂၀၁၉ ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ အကြိုနှစ်ဖြစ်တဲ့အခါကြတော့ ၂၀၁၉ ထဲမှာ အခုနပြောနေတဲ့ ဗဟိုချုပ်ကိုင်မှု မြင့်မားနေတာတွေကို လျှော့ချနိုင်ပါ့မလားလို့ ကျနော်က သံသယ ရှိတယ်။

မေး ။ ။ နောက်တခု ကျနော် စဉ်းစားမိတာက ပြီးခဲ့တဲ့နှစ်တွေမှာ ဖြစ်ခဲ့တော့ နည်းနည်းလေး ငြိမ်နေတဲ့အချိန်မှာ တနေရာတစစကနေ တခုခု ထဖြစ်ပြီးတော့ တိုင်းပြည်က အဲဒီမှာ တဝဲလည်လည် ဖြစ်သွားတတ်တယ်။ အရှေ့ကို မတိုးနိုင်ဘဲနဲ့။ အခု ၂၀၁၈ ထဲမှာ နောက်ဆုံးရက်တွေမှာဆိုရင် ရခိုင်ဘက်မှာ အစကလေးတွေ - လူသတ်မှုတွေဖြစ်တာ၊ လူသေမှုတွေ အဲဒါလေးတွေ ဖြစ်ထားတယ်။ နောက်တခုက အစွန်းရောက်တွေရဲ့ ဘာသာရေး၊ လူမျိုးရေး စသဖြင့် အဲဒါတွေကို ဘယ်လောက်အထိ သတိထားသင့်သလဲ။

ဖြေ ။ ။ ကျနော်တို့ဆီမှာ အခုနပြောတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်နိုင်ခြေ အဲဒါကတော့ တလျှောက်လုံး ရှိနေသေးတယ်လို့ထင်တယ်။ ဒီမီးက မငြိမ်သေးဘူးလို့ ထင်ပါတယ်။ အခုန ကိုရန်မျိုးသိမ်း ပြောတာနဲ့ ဆက်စပ်ပြောရင်တော့ ၂၀၂၀ မှာ ရွေးကောက်ပွဲကြီး နောက်တကြိမ် လာတော့မယ်။ မလာခင်မှာ ၂၀၁၉ က ကြိုတင်ပြင်ဆင်မှုအနေနဲ့ အရေးပါတဲ့နှစ် ဖြစ်ပါတယ်။ အဲဒီအနေအထားမှာ ကျနော် ဘာတွေမြင်နေသလဲဆိုတော့ မီဒီယာတွေကို အားကောင်းအောင် အားပေးတာမျိုးကို မြင်ချင်ပါတယ်။ နောက်တခုက ဒီမိုကရေစီအခွင့်အရေး၊ ပြောရေးဆိုရေး၊ လွတ်လပ်ခွင့် ဒါတွေကို မြင့်လာအောင်လုပ်ပေးတာ မြင်ချင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အစိုးရက တဘက်က အသာစီးယူတယ်။ ကျန်တဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက အားမကောင်းဘဲနဲ့ ၂၀၂၀ ကို ဖြတ်ရမယ့်ကိန်းပဲ ဖြစ်သွားနိုင်တယ်။

မေး ။ ။ ဆိုတော့ ၂၀၁၈ ထက်ဆရင်တော့ အခုနပြောတဲ့ ဒီမိုကရေစီ ရပ်ဝန်း၊ နေရာ ပိုကျယ်လာဖို့ လိုတယ်။ မီဒီယာတွေရဲ့ လုပ်ပိုင်ခွင့်တွေ ပိုတိုးလာဖို့ လိုတယ်ပေါ့။ ဒီလို ယေဘုယျ သုံးသပ်လို့ရတယ်။ ဆိုတော့ ၂၀၁၉ ထဲမှာ အကောင်းဆုံး မျှော်လင့်နိုင်တဲ့ အခြေအနေ၊ ဖြစ်ရပ်တွေ၊ ကိစ္စတွေဆိုရင် ဘာတွေကို ပြောလို့ရမလဲ။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ ကျနော်တို့နိုင်ငံမှာ ယုံကြည်မှု Trust နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုက တော်တော်လေး ကြီးမားတယ်လို့မြင်တယ်။ အခုနပြောတဲ့ လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေကိုပဲကြည့်ကြည့် လက်ရှိ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးစိန်ခေါ်မှုမှာပဲကြည့်ကြည့် ဒီ Trust ပြဿနာက တော်တော်လေး အရေးကြီးတယ်လို့ မြင်တယ်။ အဲဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့ လွတ်လပ်ရေးရပြီကာလကနေ ပြန်ကြည့်တဲ့အခါကြတော့ ဒီ Trust Building ကို ကျနော်တို့က ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့တဲ့ အထောက်အထားက အင်မတန်မှနည်းတယ်။ လက်ရှိအခြေအနေမှာ ကျနော်တို့က ယုံကြည်မှု တည်ဆောက်ရေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ တိုင်းရင်းသားတွေကြားတင်မကဘူး ကျနော်တို့နိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးပေါင်းစုံကြား၊ ဘာသာပေါင်းစုံကြားမှာ ကြီးကြီးမားမားနဲ့ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်လာနိုင်မယ်ဆိုရင် ၂၀၁၉ ထဲမှာ ကျနော်တို့ အတိုင်းအတာတခုအထိ ပိုပြီးတော့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတခုကို ရလာနိုင်မယ်လို့ မြင်တယ်။

မေး ။ ။ သိပ်ကိုအကောင်းကို အင်မတန် လိုချင်တဲ့ မျှော်လင့်ချက်ပါပဲ။ ကိုအောင်သူငြိမ်းက ၂၀၁၉ ထဲမှာ ဘာကိုများ အကောင်းဆုံး မျှော်လင့်ထားပါသလဲ။

ဖြေ ။ ။ အခုန ယုံကြည်ချက်ဟာနဲ့လည်း ဆိုင်တယ်။ ကျနော် စဉ်းစားကြည့်တာက ဆရာကြီးဒေါက်တာဦးမြင့် ပြောတာတခုကို သွားသတိရတယ်။ အဲဒီတော့ အစိုးရကလည်း ပြည်သူကို ယုံကြည်မှုလည်း ရစေချင်တယ်။ ၂၀၁၉ ထဲမှာလည်း အကောင်းဆုံးတခု မြင်ချင်တယ်ဆိုရင်တော့ ငါးကြီးကြီးတကောင်လောက် ကြော်ပြရင်တော့ ပိုကောင်းပါတယ်။ ကိုယ့်ကန်ထဲက ငါးဖြစ်ရင် ပိုကောင်းပါတယ်ဆိုတာမျိုးကို ကျနော် စဉ်းစားမိတယ်။

မေး ။ ။ အလားအလာကရော …

ဖြေ ။ ။ အဲဒါကတော့ မပြောတတ်ဘူး။ စောင့်ကြည့်ရမှာပေါ့။

မေး ။ ။ ကိုရန်မျိုးသိန်းအနေနဲ့ ငါးကြီးကြီး ကြော်မိနိုင်မယ့် အလားအလာ ..

ဖြေ ။ ။ ကျနော်ကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် ဆန်ရင်းနာနာဖွတ်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ လူအရင်းကိုတောင်မှ ဘာမှမလုပ်ရဲဘူးဆိုရင် တဘက်ခြံထဲကလူကို ကိုယ်က ဘယ်လိုလုပ်မလဲ။ အဲဒီလိုမှ မလုပ်ဘူးဆိုရင်တော့ ၂၀၁၉ ထဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးက ဘာမှကြီးကြီးမားမား စိတ်လှုပ်ရှားစရာအကြောင်း မရှိဘူးလို့ ကျနော်မြင်တယ်။

မေး ။ ။ နှစ်ယောက်စလုံးရဲ့ တကယ့်ရင်ထဲမှာရှိနေတဲ့ ခံစားချက်နဲ့ တကယ့်စိတ်ထဲမှာရှိတဲ့ အတွေး ၂၀၁၈ ပြီး ၂၀၁၉ ဝင်တဲ့အချိန်မှာ ကျနော်တို့အသီးသီးမှာ ငါတို့ဆက်လုပ်ကြမယ်ဆိုတဲ့ အားနဲ့ဝင်သွားသလား၊ ဒါမှမဟုတ် အားမရှိဘဲ ဝင်သွားသလား။

ဖြေ ။ ။ ပြောရမယ်ဆိုရင်တော့ ၂၀၁၉ က ၂၀၁၈ ပြီးလာတာပေါ့ - ကျနော်တို့အတွက်ကတော့ သိပ်အားရစရာရယ်လို့ မမြင်မိဘူး။ ဒါက အမှန်အတိုင်း ပြောတာပါ။ အဲဒီတော့ ၂၀၁၉ လည်း ကျနော်တို့ မျှော်လင့်တာပေါ့ ဒါပေမဲ ဘယ်လောက်အထိ ဖြစ်လာမလဲ မသိပါဘူး။

မေး ။ ။ နှစ်သစ်ဆိုတော့ ကျနော်တို့အားလုံး မျှော်လင့်ကြတာပေါ့။

ဖြေ ။ ။ ကျနော်လည်း အခုနပြောသလို ၂၀၁၇-၂၀၁၈-၂၀၁၉ … ၂၀၁၇ နဲ့ နှိုင်းယှဉ်ရင် ၂၀၁၈ ကလည်း နည်းနည်းလေး ပိုပြီးတော့ အားရစရာ လျော့လာတယ်။ ဒါပေမဲ့ ကျနော့်အမြင်ကတော့ ခံယူချက်က ကျနော်က အားရစရာတွေ လျော့လေလေ အကျပ်အတည်းတွေများလေလေ၊ စိန်ခေါ်မှုတွေ များလေလေ ကျနော်ကတော့ ပိုပြီးအလုပ်လုပ်ရမယ်လို့ စဉ်းစားတယ်။ အဲဒီအတွက်ကြောင့် ၂၀၁၉ နဲ့ ၂၀၂၀ မှာ ကျနော်တို့အတွက် စိန်ခေါ်မှုတွေကတော့ ပိုပြီးမြင့်တက်လာမယ်လို့ မြင်မိတယ်။