နယ်စပ် တိုင်းရင်းသားဒေသ ကျန်းမာရေးလုပ်ငန်းများ

ဒေါက်တာ စင်သီယာမောင်၊ မယ်တော်ဆေးခန်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ လက်နက်ကိုင် ပဋိပက္ခတွေရှိလာခဲ့တဲ့ မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ ကျန်းမာရေး စနစ် ပြန်လည်ကောင်းမွန်လာဖို့အတွက် ဆယ်စုနှစ်နဲ့ချီ ကြာနိုင်တယ်လို့ ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့သူ ဒေါက်တာ စင်သီယာမောင်က ပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ တိုင်းရင်းသားအဖွဲ့တချို့နဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ အစိုးရဌာနတွေနဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့တွေကြားမှာ ပိုမိုထိတွေ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပါပြီလို့ VOA နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်၊ ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းလူထုအတွက် အဓိက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာစင်သီယာမောင် ဝါရှင်တန်မြို့တော်ကို လာရောက်ခဲ့စဉ်က ဗွီအိုအေရုံးမှာ မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။


မခင်ဖြူထွေး ။ ။ ဆရာမစင်သီယာ ကျမတို့ ဗွီအိုအေရုံးကို တကူတက လာရောက်၊ အချိန်ပေးပြီး အင်တာဗျူး ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ ပထမဆုံးအနေနဲ့ ကျမ သိချင်တာကတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တုန်းက ဆရာမတို့ မယ်တော်ဆေးခန်းအပါအဝင် နယ်စပ်မှာရှိတဲ့ ကျန်းမာရေးအဖွဲ့တွေကနေ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ ဖြစ်ပျက်နေတဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တစောင်ထုတ်တာကို သိရပါတယ်။ ဒီ အစီရင်ခံစာမှာ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ ကျန်းမာရေးစနစ် ပြန်လည်ကောင်းမွန်ဖို့ဆိုရင် ဆယ်စုနှစ်နဲ့ချီ အချိန်ယူရလိမ့်မယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဘယ်လို အကြောင်းအရာ အချက်အလက်တွေပေါ် အခြေခံပြီးတော့ အခုလို သုံးသပ်ထားပါသလဲရှင့်။

ဒေါက်တာစင်သီယာမောင် ။ ။ ဒီ အစီရင်ခံစာကတော့ ကျမတို့ ၂၀၁၃ ခုနှစ်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မှာ ကောက်ယူထားတဲ့ စစ်တမ်း ဖြစ်ပါတယ်။ ဒီ အစီရင်ခံစာက တတိယအကြိမ်မြောက်။ လေးနှစ်တကြိမ် ကောက်ယူတဲ့အခါမှာ တတိယကြိမ် ဖြစ်တယ်။ ဒီ အစီရင်ခံစာမှာတော့ ကျမတို့ မိခင်ကလေး သေဆုံးမှုနဲ့ ရောဂါဖြစ်ပွားမှုတွေကို တင်ပြထားတာရှိတယ်။ နောက်လက်ရှိ ကျမတို့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ ပြောင်းလဲလာတဲ့ အခြေအနေတချို့ကိုလည်း တင်ပြထားတယ်။ နောက်တချက်က လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေလည်း ပါရှိပါတယ်။ နောက်ဆုံး အစီရင်ခံစာမှာတော့ လက်ရှိ မြန်မာနိုင်ငံ အရှေ့ခြမ်းမှာရှိတဲ့ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ ဝန်ဆောင်မှုတွေ ပေးတဲ့အခါမှာ လက်လှမ်းမှီနိုင်မှုတွေ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်အားတွေ လက်လှမ်းမှီနိုင်မှု အခြေအနေတွေကို တင်ပြထားပါတယ်။ ဒီ အစီရင်ခံစာအရဆိုရင် ကျမတို့ မြန်မာနိုင်ငံရဲ့ ခလေး သေနှုန်း၊ (၅) နှစ်အောက် ခလေး သေနှုန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းဆရင် အများကြီး မြှင့်မားနေတာ ဖြစ်သလို အထူးသဖြင့်တော့ ပြည်တွင်းကနေ အစိုးရရဲ့ ကျန်းမာရေး စစ်တမ်းကနေ ကောက်ယူထားတဲ့ အချက်တွေနဲ့ဆရင် ကျမတို့ ခလေး သေနှုန်းက မြှင့်မားနေတယ်။ ခလေးသေနှုန်း မြှင့်မားတဲ့အကြောင်းကလဲ ခလေး အဟာရ ချို့တဲ့မှုနဲ့ တိုက်ရိုက်ဆက်နွှယ်နေတယ် ဆိုတာကိုလဲ အရင် အစီရင်ခံစာတွေမှာလည်း တွေ့ရှိရတာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်လို့ ယခင်ကထက်ဆရင် လျှော့ပါးသွားတာ ရှိပါတယ်။ အရင်တုန်းကတော့ မိသားစု (၃၀) ရာခိုင်နှုန်းလောက်က လူ့အခွင့်အရေး ချိုးဖောက်မှု တစုံတရာကို ခံစားနေရတာကို တွေ့ရတယ်။ အခုလက်ရှိမှာလဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက မိသားစု (၁၀) ရာခိုင်နှုန်းလောက်မှာ တွေ့ရှိရတယ်။ အထူးသဖြင့်တော့ နေရာရွှေ့ပြောင်းခံရတာတွေနဲ့ လုပ်အားပေး ခိုင်းစေခံရတာတွေတော့ ဆက်လက်ရှိနေတယ်။ အဲဒီ အခြေအနေတွေကို ပြန်လည်တည်ဆောက်ဖို့ဆိုတာ နှစ်ပေါင်းများစွာ ဆက်လက်ကြာရှည်မယ်ဆိုတာကိုလည်း ကျမတို့ သုံးသပ်ထားပါတယ်။

မခင်ဖြူထွေး ။ ။ ဒါက ဆရာမတို့ရဲ့ ရှာဖွေတွေ့ရှိချက်ပေါ့။ အခုလို ဒီလို ဒေသမှာ ကျန်းမာရေးစနစ် ကောင်းမွန်ဖို့ ကြိုးပမ်းတဲ့နေရာမှာ ဆရာမတို့ အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဘာတွေရှိနေပါလဲ။

ဒေါက်တာစင်သီယာမောင် ။ ။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးတော့ ကျမတို့ ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ ဗဟိုချုပ်ကိုင်မှုက အဓိက ဖြစ်နေတယ်။ ဗဟိုချုပ်ကိုင်မှု ရှိတဲ့အတွက်ကြောင့် ဒေသအလိုက်မှာရှိတဲ့ ကျန်းမာရေးဌာနတွေ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နိုင်မှု၊ ပါဝင်စီမံခန့်ခွဲမှုဆိုင်ရာမှာဖြစ်စေ၊ ရန်ပုံငွေတွေ စီမံခန့်ခွဲမှုမှာဖြစ်စေ ဒေသဆိုင်ရာရဲ့ လုပ်ပိုင်နိုင်ခွင့်တွေ ပိုပြီးတော့ အားပေးအားမြှောက်မှုတွေ ပိုပြီးတော့ လိုအပ်တယ်။ နောက် တချိန်တည်းမှာပဲ နယ်စပ်ဒေသဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံထဲကို ရောက်ရှိနေတဲ့ မြန်မာပြည်သားတွေအနေနဲ့ ဖြစ်စေ၊ မြန်မာပြည်ထဲမှာရှိတဲ့ ရွှေ့ပြောင်းလူထုတွေဖြစ်စေ၊ နယ်ခြားဖြတ်ကျော်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူကြတယ်။ အဲဒီလိုမျိုး အခြေအနေမှာ မြန်မာနိုင်ငံအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဒေသခံ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်လာဖို့ လိုအပ်ပါတယ်။

မခင်ဖြူထွေး ။ ။ နောက်တခုက ဒီ အစီရင်ခံစာက မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်းဆိုတော့ သိပ်မကြာသေးတဲ့ နှစ်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ ဖြစ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ကောက်ယူထားတာလို့ သိရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတုန်းကာလနဲ့ အခု အပစ်အခတ်ရပ်စဲပြီးကာလမှာ ဒီ ကျန်းမာရေးကဏ္ဍမှာ ပြောင်းလဲတိုးတက်လာတာ မရှိဘူးလား။ ဆိုလိုတာက အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းကာလမှာ လူတွေ အဝင်အထွက် လုပ်လာနိုင်တယ်။ နိုင်ငံတကာက အကူအညီပေးရေးအဖွဲ့တွေ၊ လူသားချင်းစာနာတဲ့ အဖွဲ့တွေ ပိုပြီးတော့ အရင်ထက် ပိုပြီးဝင်ရောက်လာရှိတယ်လို့ ယူဆပါတယ်။ ဆိုတော့ အခု အပစ်အခတ်ရပ်စဲရေး လုပ်ပြီးကာလမှာ ကျန်းမာရေးအခြေအနေတွေ ဘာတွေမှာ ထူးထူးခြားခြား ပြောင်းလဲတိုးတက်လာတာတွေ မရှိဘူးလားရှင့်။

ဒေါက်တာစင်သီယာမောင် ။ ။ အပစ်အခတ်ရပ်စဲ နောက်ပိုင်းမှာတော့ အစိုးရ ကျန်းမာရေးဌာနဲ့ တိုင်းရင်းသား ကျန်းမာရေးဌာနတို့ ထိတွေ့မှုတွေကတော့ ပိုပြီးတော့ ရှိလာပါတယ်။ နောက် တချို့သော လုပ်ငန်းပိုင်ဆိုင်ရာတွေ။ ဒေသထဲမှာရှိတဲ့ သားဖွားသင်တန်းတွေ ပူးပေါင်းဆောင်ရွက်ကြတာတွေ တချို့ရှိတယ်။ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်ကြတာတွေ ရှိပါတယ်။ ဒီ အစီအစဉ်တွေကတော့ စနစ်တခုကို တည်ဆောက်ဖို့ အဆင့်အထိတော့ မဟုတ်သေးဘူးပေါ့။ စပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစဉ်လေးတွေ တခုချင်းမှာ ထိတွေ့မှုတွေရှိတယ်။ နောက်တချက်တော့ နယ်စပ်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ကောက်ယူကြတဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ကျန်းမာရေး အချက်အလက်နဲ့ နယ်စပ်မှာရှိတဲ့ ကျန်းမာရေး အချက်အလက်တွေကို နှိုင်းယှဉ်ပြီးတော့၊ စုပေါင်းပြီးတော့ စနစ်တကျ ကောက်ယူနိုင်ဖို့ကလည်း အရေးကြီးတယ်။ အထူးသဖြင့်တော့ ပြည်တွင်းထဲကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ရောက်ရှိလာတဲ့အခါမှာ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ကောက်ယူဖို့ဆိုတာ ကျန်းမာရေး အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာဖို့ ဆက်လက်လိုအပ်နေသေးတယ်။ နောက်တော့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပြောမယ်ဆိုရင်လဲ ဒေသအလိုက် ဝန်ဆောင်မှု ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ဖြစ်စေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ဖြစ်စေ ပိုပြီးတော့ ခိုင်မာတဲ့ အဖွဲ့အစည်းတခုအနေနဲ့ ဆက်လက် လုပ်နိုင်ဖို့နဲ့ ပံ့ပိုးမှုတွေလည်း ဆက်လက်လိုအပ်နေတယ်။ ပြည်တွင်းကနေ ဝင်လာတဲ့ အခြေအနေတွေမှာတော့ ကျမတို့ လက်ရှိ ဆောင်ရွက်နေတဲ့ ပဏမာ ကျန်းမာရေး စောင့်ရှောက်မှုအခြေခံ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လူတွေကို ကျန်းမာရေး ဝန်ဆောင်မှုတွေကို မျှမျှတတ ရရှိဖို့နဲ့ ကျန်းမာရေးအတွက် လိုအပ်နေတဲ့ ထောက်ပံ့မှုတွေ။ ထောက်ပံ့မှုဆိုတာကတော့ ကုသရေးတင် မဟုတ်ဘဲ။ ရောဂါကာကွယ်ရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေးအစ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ဆိုတာကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ တဖွဲ့နဲ့တဖွဲ့ ဆက်စပ်ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ဆက်လိုနေတယ်။

မခင်ဖြူထွေး ။ ။ နောက်တခု အစီရင်ခံစာထဲမှာ ကျမ သတိထားမိတာက မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေကို ပေးနေတဲ့ အဖွဲ့အစည်းတွေက အဓိက တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေကို ပေးနေတယ်လို့ ထောက်ပြထားပါတယ်။ ဒီနေရာမှာ မြန်မာအစိုးရဘက်က ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ အခြေအနေက ဘယ်လို ရှိပါလဲ။ စောစောကပြောတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရပိုင်းက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပေးတဲ့ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါသလားရှင့်။

ဒေါက်တာစင်သီယာမောင် ။ ။ ကျမတို့ အခုန တင်ပြသွားသလိုပေါ့ တချို့သော သင်တန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို တရားဝင် အသိအမှတ်ပြုဖို့ဆိုတဲ့ နေရာမှာတော့ သင်တန်းပိုင်းဆိုင်ရာတွေ ဆောင်ရွက်တဲ့အခါမှာ ထိုင်းနိုင်ငံ Thammasat Universit နဲ့ မကွေး တက္ကသိုလ်နဲ့ သင်ရိုးညွှန်တမ်းတွေ၊ သင်ကြားတဲ့ ဆရာတွေ မွေးထုတ်တာတွေ ဒါတွေကို ပူးပေါင်းဆောင်ရွက်တာ ရှိပါတယ်။ ဒီ လုပ်ငန်းတွေကို စပြီးတော့ ဆောင်ရွက်တဲ့အချိန်မှာတော့ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းမှုတွေကိုပဲ အခြေပြုပြီးတော့ ကျန်းမာရေးစနစ် တခုလုံးကိုတော့ ဆွေးနွေးနိုင်တဲ့ အနေအထားမျိုး။ ကျန်းမာရေးမူဝါဒတွေ၊ ကျန်းမာရေး အာမခံကိစ္စတွေ။ နောက် ကျန်းမာရေးဆိုင်ရာ ရန်ပုံငွေတွေ၊ စီမံခန့်ခွဲမှုတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုစနစ်တွေ အဲဒီအဆင့်အထိတော့ ကျမတို့ ဆွေးနွေးနိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။ သို့သော်လဲ လုပ်ငန်းစဉ်လေးတွေမှာတော့ ဆက်စပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နေရာဒေသလေးတွေကို ရွေးချယ်ပြီးတော့ ဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။

မခင်ဖြူထွေး ။ ။ ဆရာမတို့ရဲ့ လုပ်ငန်းတွေမှာ နိုင်ငံတကာ ပံ့ပိုးမှုအပိုင်းက ဘယ်လောက်အထိ အရေးပါပါလဲ။

ဒေါက်တာစင်သီယာမောင် ။ ။ နိုင်ငံတကာအနေနဲ့တော့ ကျမတို့ ကျန်းမာရေးစနစ် ကောင်းမွန်လာဖို့အတွက်ကို ဆောင်ရွက်မယ်ဆိုရင် ဒေသအလိုက် ဗဟိုချုပ်ကိုင်မှု နည်းနိုင်သမျှ နည်းပြီးတော့ ဒေသအလိုက် ကျန်းမာရေးစနစ် ဖွံ့ဖြိုးလာဖို့ကို ပိုပြီးတော့ အားပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ နယ်စပ်ဒေသ ကျန်းမာရေးလုပ်ငန်းစဉ်တွေကို ကြည့်မယ်ဆိုရင် ကျမတို့ ကျန်းမာရေးအဖွဲ့အစည်းတွေကနေ Network ကွန်ရက်တွေ ဖွဲ့ထားပြီးတော့ သင့်တော်လျော်ညီတဲ့ ပဏမာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကို တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒေသအလိုက် ဖွံ့ဖြိုးလာဖို့ဆိုတာ ဒေသဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဆက်လက်ပံ့ပိုးဖို့ လိုအပ်ပါတယ်။

မခင်ဖြူထွေး ။ ။ တဆက်တည်းပဲ ဆရာမတို့ မယ်တော်ဆေးခန်းနဲ့ ပတ်သက်ပြီးတော့ နည်းနည်းမေးချင်ပါတယ်။ အခုဟာက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပြီးနောက်ပိုင်း နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေ တော်တော်များများ ပြည်တွင်းကို ပြန်ဝင်ကြတယ်။ နောက် နယ်စပ်မှာ အရင်က လူသားချင်း ကူညီမှု အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ တော်တော်များများ နယ်စပ်ကနေ ပြောင်းပြီးတော့ ပြည်တွင်းကိုသွားပြီးတော့ ကူညီပေးတာတွေ၊ လုပ်ကိုင်တာတွေ ရှိပါတယ်။ တချိန်တည်းမှာ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က စစ်တပ်အာဏာသိမ်းပြီးတော့ ထိန်းချုပ်ထားတဲ့ ကာလဖြစ်တယ်။ ဒီလို အခြေအနေမျိုးတွေအောက်မှာ ဆရာမတို့ မယ်တော်ဆေးခန်းအနေနဲ့ ရပ်တည်ရတဲ့အပိုင်းမှာ အခက်အခဲတွေ ရှိပါသလား။ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရတာ ရှိပါလဲ။

ဒေါက်တာစင်သီယာမောင် ။ ။ မယ်တော်ဆေးခန်းအနေနဲ့ ကျမတို့ အဓိက ပြုစုစောင့်ရှောက်ပေးရတဲ့ လုပ်ငန်းတွေထဲမှာ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းရှိတယ်။ ကျန်းမာရေးဆိုင်ရာ သင်တန်းတွေ။ နောက် ခလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေ။ ဒီလုပ်ငန်းတွေကတော့ ကျမတို့ ဆောင်ရွက်ရတဲ့အခါမှာတော့ အထူးသဖြင့် နယ်စပ်ဒေသမှာရှိတဲ့ ရွှေ့ပြောင်းလူထုတွေကို အဓိကထားပြီးတော့ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ လူနာတွေရဲ့ (၁၄) ရာခိုင်နှုန်းလောက်ပဲ တရားဝင် ထိုင်းနိုင်ငံထဲမှာ နေထိုင်တာဖြစ်တယ်။ လူနာရဲ့ (၅၀) ရာခိုင်နှုန်းကတော့ ပြည်တွင်းထဲက ဆေးလာကုတာ ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးဝန်ဆောင်မှုရဲ့ လုပ်ငန်းအရ ကြည့်မယ်ဆိုရင် လိုအပ်မှုတွေကတော့ ဆက်လက်ရှိနေတယ်။ လူနာအရေအတွက်ဖြစ်စေ၊ ရောဂါအမျိုးအစားတွေဖြစ်စေ လျှော့နည်းသွားတာတော့ မရှိသေးပါဘူး။ အခုလက်ရှိအထိလဲ အထူးသဖြင့်တော့ ဒုတိယအဆင့်၊ တတိယအဆင့် ပြင်းထန်တဲ့ရောဂါတွေ ကုသရမယ့် အခြေအနေမျိုး ရောက်ရှိလာရင်တော့ ပြည်တွင်းထဲကနေ နယ်စပ်မှာလာပြီးတော့ ဆေးကုသကြတာလဲ ရှိတဲ့အတွက်ကြောင့် ကျမတို့ လိုအပ်ချက်တွေက ဆက်လက်ရှိနေတယ်။ အဲဒီအပေါ်မှာတော့ ထိုင်းကျန်းမာရေးဌာနတွေ၊ မဲ့ဆော့ဆေးရုံတွေ ကျမတို့ ပူးပေါင်းဆောင်ရွက်မှုကတော့ အရင်ကထက် ပိုပြီးတော့ ပူးပေါင်းမှုတွေ ရှိပါတယ်။ နောက်တချိန်တည်းမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးကိစ္စတွေ၊ ကာကွယ်ဆေး ထိုးတဲ့ကိစ္စတွေက ပြည်တွင်းထဲမှာရှိတဲ့ နေရာဒေသ တော်တော်များများ နယ်စပ်ဒေသတွေမှာ ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ထိုင်း ကျန်းမာရေးဌာနတွေကတော့ ဆက်လက်ပံ့ပိုးမှု ရှိပါတယ်။ အထူးသဖြင့် ကျန်းမာရေးလုပ်ငန်းနဲ့ ပတ်သက်ရင်တော့ မယ်တော်ဆေးခန်းနဲ့ ထိုင်းကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သက်တမ်းကလည်း အကြာကြီးဖြစ်တဲ့အတွက်ကြောင့် ကျမတို့ နယ်စပ်မှာရှိတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေအားလုံးကိုလည်း ကျမတို့ ဆက်လက် ပံ့ပိုးနိုင်ဖို့ကလဲ ထိုင်းအစိုးရအနေနဲ့ အမြဲကူညီအားပေးပါတယ်။ ဒီ အကန့်အသတ်တွေကတော့ လက်ရှိ ရန်ပုံငွေပိုင်ဆိုင်ရာတွေမှာ ယခင်ကလိုတော့ နှစ်ရှည်စီမံကိန်းတွေအနေနဲ့ သွားတာမျိုး မဟုတ်ဘဲနဲ့ နှစ်တိုစီမံကိန်းတွေနဲ့ သွားတဲ့အတွက်ကြောင့် နှစ်စဉ်အတွက်ကို အခက်အခဲတွေ၊ အကန့်အသတ်တွေ ပိုရှိလာနိုင်တယ်။

မခင်ဖြူထွေး ။ ။ အခု မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲတွေ ရှိလာပြီဆိုတော့ ဆရာမတို့အနေနဲ့ မယ်တော်ဆေးခန်းကို မြန်မာနိုင်ငံဘက်ခြမ်းမှာ ပြောင်းပြီးတော့ ဖွင့်ဖို့ဆိုတာမျိုးတွေ အစီအစဉ် ရှိပါလားရှင့်။

ဒေါက်တာစင်သီယာမောင် ။ ။ လက်ရှိမှာ ကျမတို့ တိုင်းရင်းသားဒေသထဲမှာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ ဆေးခန်းငယ်လေးတွေ စင်တာလေးတွေက (၂၀၀) လောက် ရှိပါတယ်။ အဲဒီကနေ လူဦးရေ (၅) သိန်းလောက်ကို လက်လှမ်းမီ စောင့်ရှောက်နိုင်တာ ဖြစ်တယ်။ ဆိုတော့ ကျမတို့ မယ်တော်ဆေးခန်းအနေနဲ့တော့ လက်ရှိ ရှိနေတဲ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းလေးတွေ ပိုပြီးအားကောင်းလာဖို့။ နောက်တော့ ကျန်းမာရေးစနစ် တည်ဆောက်မှုထဲမှာ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ဖြစ်စေ၊ လူအင်အား မွေးထုတ်တာဖြစ်စေ၊ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုဖြစ်စေ၊ နည်းပညာအရတော့ ကျမတို့ ဆက်လက်ပြီးတော့ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ နောက် ဒုတိယအဆင့်အနေနဲ့ ကျမတို့ ကုသရေးလုပ်ငန်းထဲမှာ ပြင်းထန်တဲ့ ရောဂါတွေကို ကုသမှုပိုင်းဆိုင်ရာတွေမှာ အစိုးရ ကျန်းမာရေး ဆေးရုံ၊ ဆေးခန်းတွေနဲ့ မဲဆော့ဆေးရုံကို လွှဲပြောင်းပေးတဲ့ လုပ်ငန်းတွေကို ပိုပြီးတော့ ကောင်းမွန်လာအောင် စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ကျမတို့ မယ်တော် ဆေးခန်းကတော့ လက်ရှိ ကျန်းမာရေးစနစ် ပြည်တွင်းမှာဖြစ်စေ၊ နယ်စပ်မှာဖြစ်စေ၊ လူထုတွေ လက်လှမ်းမီနိုင်ဖို့ရယ်၊ အားလုံး ကောင်းမွန်တဲ့ အရည်အသွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရဖို့တော့ ကျမတို့ ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်။

မခင်ဖြူထွေး ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်။