ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ်အတွင်းမှာ သေနတ်သံတွေမစဲသေးတဲ့ စစ်ပွဲတွေနဲ့ ဒီစစ်ပွဲတွေကြောင့် ကချင်လူငယ်တွေ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေအကြောင်း ကချင်လူငယ်ခေါင်းဆောင် Gran Brang Shwan နဲ့ ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးမရသေးတဲ့အတွက် လူငယ်ထုအနေနဲ့ ပညာရေး၊ စီးပွားရေး ဘက်ပေါင်းစုံအခွင့်အရေး မရရှိနိုင်၊ ဆုံးရှုံးနေရတယ်လို့ ကချင်လူငယ်တဦးဖြစ်တဲ့ Gran Brang Shwan က ပြောပါတယ်။ ကုလသမဂ္ဂ UNESCO အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု Connecticut တက္ကသိုလ် လူငယ်ခေါင်းဆောင်မှုသင်တန်း တက်ရောက်ခဲ့တဲ့ Gran Brang Shwan ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးမရသေးတဲ့အတွက် လူငယ်ထုအနေနဲ့ ပညာရေး၊ စီးပွားရေး ဘက်ပေါင်းစုံအခွင့်အရေး မရရှိနိုင်၊ ဆုံးရှုံးနေရတယ်လို့ ကချင်လူငယ်တဦးဖြစ်တဲ့ Gran Brang Shwan က ပြောပါတယ်။ ကုလသမဂ္ဂ UNESCO အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု Connecticut တက္ကသိုလ် လူငယ်ခေါင်းဆောင်မှုသင်တန်း တက်ရောက်ခဲ့တဲ့ Gran Brang Shwan ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းထားပါတယ်။
Gran Brang Shwan ။ ။ UNESCO Chair ကနေ နှစ်စဉ်နှစ်တိုင်းလုပ်တဲ့ သင်တန်းဖြစ်တယ်။ သူကို တကမ္ဘာလုံးမှာရှိတဲ့ လူ့အခွင့်အရေးလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့လူငယ်တွေ လူငယ်ခေါင်းဆောင်တွေကို ခေါင်းဆောင်မှုပညာ နဲ့ လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်တွေ၊ လုပ်ဆောင်မှုတွေကို အချင်းချင်း အတွေ့အကြုံဖလှယ်ဖို့ရန်အတွက် လုပ်ပေးတဲ့သင်တန်းလေးမျိုး ဖြစ်ပါတယ်။ အဓိကတော့ forum ပုံစံပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ဘယ်နှစ်နိုင်ငံက လူငယ်ခေါင်းဆောင် ဘယ်နှစ်ယောက်လောက် တက်သလဲ။
Gran Brang Shwan ။ ။ နိုင်ငံပေါင်း ၅၀ ကျော်က လူပေါင်းခြောက်ဆယ်ကျော်လောက် တက်ရောက်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံက...
Gran Brang Shwan ။ ။ မြန်မာနိုင်ငံက မြန်မာနိုင်ငံသား (၃) ယောက်။ မြန်မာနိုင်ငံကနေ တက်ရိုက်လာတာကတော့ ကျနော် တစ်ယောက်ပါပဲ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါကတော့ ကချင်ပြည်နယ်ကို ကိုယ်စားပြုပြီးတော့ပေါ့။
Gran Brang Shwan ။ ။ ဟုတ်ကဲ့ခင်မျာ။
ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ်က ဘယ်လိုအဖွဲ့အစည်းမျိုးကို ကိုယ်စားပြုပြီးတော့ လာသလဲ။
Gran Brang Shwan ။ ။ အဖွဲ့အစည်းကို ကိုယ်စားပြုတယ်လို့တော့ မဟုတ်ပါဘူး။ သူတို့ သင်တန်းခေါ်တဲ့ ကြော်ငြာတွေ့ပြီးမှ တသီးပုဂ္ဂလအနေနဲ့ လျှောက်လွှာတင်ပြီး လာခဲ့တာဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ စောစောက Brang Shwan ပြောသလို လူ့အခွင့်အရေးဆိုင်ရာကိစ္စ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စတွေ ဆိုတဲ့နေရာမှာ ကချင်ပြည်နယ်တွေမှာ ဘယ်လိုလူ့အခွင့်အရေးဆိုင်ရာကိစ္စတွေမှာ ဘယ်လိုကိစ္စမျိုးတွေမှာ ဆောင်ရွက်ခဲ့ဘူးသလဲဆိုတာကို နည်းနည်းလေး ရှင်းပြပေးပါ။
Gran Brang Shwan ။ ။ ကျနော် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်တဲ့အဖွဲ့တခုမှာ ပါဝင်ခဲ့ပါတယ်။ ရေနဲ့ water sanitation ကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒုက္ခသည်ဆိုတော့ သဘောက ကချင်ပြည်နယ်ထဲမှာရှိနေတဲ့ ပြည်တွင်းမှာရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေပေါ့။
Gran Brang Shwan ။ ။ ဒုက္ခသည်ဆိုတာ နှစ်ခုစလုံးပါပါတယ်။ ကျနော်တို့ ကချင်ပြည်တွင်းမှာရှိတဲ့ ဥပမာ အစိုးရထိန်းချုပ်ရာနယ်မြေ၊ မြို့ပေါ်ဒေသမှာရှိတဲ့လူတွေ နဲ့ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေအားလုံးပါပါတယ်။ စစ်စဖြစ်ကတည်းက ဒုက္ခသည် စုစုပေါင်းစာရင်းဇယားအရ ဒုက္ခသည် (၁) သိန်းနီးပါးလောက် ရှိလာပြီ။ အဲဒီမှာ အများစုကတော့ ကေအိုင်အို ထိန်းချုပ်ရာဒေသ နယ်စပ်ဘက်ကို အများစုပြေးကြတယ်။ တချို့ကြတော့ မြို့ပေါ်ဘက် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် ဒီဘက်အခြမ်းတွေကို လာကြတယ်။ အဲဒီတော့ သက်ဆိုင်ရာ ဒေသခံတွေက သွားတဲ့အတွက် ကျနော်တို့အနေနဲ့ကလည်း သူတို့ ဒုက္ခသည်တွေရှိတဲ့နေရာမှာ ကူညီထောက်ပံ့မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ Brang Shwan ပြောတဲ့ စစ်စဖြစ်ကတည်းကဆိုတဲ့စကား - ကျနော်တို့ သိသလောက်က ကချင်ပြည်ဟာ ၁၉၉၄-၉၅ လောက်ကတည်းက ကချင်ပြည်မှာရှိနေတဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ အဲဒီအချိန်က မြန်မာစစ်အစိုးရ အပစ်အခတ်ရပ်စဲထားတယ်။ အပစ်အခတ်ရပ်စဲတာက (၁၇) နှစ်လောက် ကြာခဲ့ပြီးတော့မှ ၂၀၁၁ ခုနှစ် ဇွန်လလောက်မှာ အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ပြီးတော့ အကြီးအကျယ် စစ်ပြန်ဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ အခုလို ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ရှိရင် နိုင်ငံတကာကနေပြီတော့ ဒါကို ချီးမွမ်းနေ၊ ပြောဆိုနေတဲ့ကြားမှာ တကယ့် အခုလက်တွေ့ ထောက်ပြစရာဖြစ်နေတဲ့ကိစ္စက ပြည်တွင်းငြိမ်းချမ်းရေးမရဘူး။ အခြေအနေတွေက တိုးတက်အောင်လုပ်ဖို့ လိုသေးတယ်ဆိုပြီး အဓိက ထောက်ပြစရာဖြစ်နေတဲ့အချက်က ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲကိစ္စတွေ။ အဲဒီတော့ ဒီအပစ်အခတ်ရပ်စဲရေးကိစ္စ ပျက်ပြားခဲ့တာနဲ့ အကြောင်းရင်းကို Brang Shwan တို့လို လူငယ်တွေအနေနဲ့ ဘယ်လိုနားလည်းသလဲ။ ဘာကြောင့် ဒီလို အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ရတယ်လို့ ယူဆသလဲ။
Gran Brang Shwan ။ ။ အပစ်အခတ်ရပ်စဲရေး စပြီးတော့ ပျက်ပြားခဲ့ရတယ်ဆိုတာက ကျနော်တို့ သတင်းတွေ၊ အခြေအနေကို ပြန်ကြည့်လိုက်မယ်ဆိုရင် တပ်ဖက်ကနေစပြီးတော့ ချိုးဖောက်မှုရှိတယ်။ ကေအိုင်အိုတချို့ တာဘိန် ရေအားလျှပ်စစ် စီမံကိန်း - အဲဒီမှာရှိတဲ့ လုံခြုံရေးကို တပ်အနေနဲ့ ဖယ်ခိုင်းရာကနေ အချင်းချင်း တိုက်ပွဲတွေစပြီး၊ တပ်ဖက်က စပြီးတော့ ကျူးလွန်ပြီး ဖြစ်ခဲ့တာလို့ ကျနော်တို့ တွေ့ရှိရတယ်။ အဲဒါက စပြီးတော့ ဘာကိုဖော်ပြသလဲဆိုရင် အရင်တုန်းက ၉၄ တုန်းက ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို တပ်ဖက်က ချိုးဖောက်ပြီး တပ်တွေထပ်ပြီး ပို့လာတယ်။ ကချင်ပြည်နယ် နေရာအနံှမှာ စပြီးတော့ တိုက်ပွဲတွေ ဖြစ်လာတယ်လို့ ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ လွန်ခဲ့တဲ့ (၁၇) နှစ်ကျော်လောက်ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ တပိုင်းတစ ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့်မို့ အပစ်အခတ်ရပ်စဲရေးဟာ (၁၇) နှစ်ကြာပြီးမှ ပျက်ပြားသွားခဲ့ရတာလဲ။ အစောကပြောတဲ့ဟာကတော့ ဘရန်ရှောင် ရှင်းပြတာကတော့ လက်တွေ့ဖြစ်တဲ့ပြဿနာ။ ဒါပေမဲ့ ဒီလို အပစ်အခတ် ရပ်စဲရေးကို ရေရှည်တည်တန့်ပြီး ခိုင်သထက်ခိုင်သွားအောင် မလုပ်နိုင်ခဲ့တာ ဘာကြောင့်လို့ မြင်သလဲ။
Gran Brang Shwan ။ ။ အပစ်အခတ်ရပ်စဲရေး ပျက်ပြားရတဲ့ အဓိကအကြောင်းရင်းက ငြိမ်းချမ်းမှုကို မလိုချင်လို့ ကျနော်အနေနဲ့ အဲဒီလိုပဲ ယူဆတယ်။ ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်။ တကယ်တမ်း တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ချင်တယ်ဆိုရင် ဒီလို စစ်ပွဲမျိုးကို ဘယ်လိုမှ စလာစရာအကြောင်း မရှိဘူး။ တကယ်တမ်း ငြိမ်းချမ်းရေးကို မလိုချင်ကြလို့ ကျနော်အနေနဲ့ ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဘယ်သူတွေက မလိုချင်တာလဲ။ ဒါက လက်ခုပ်ဆိုတာက နှစ်ဖက်တီးမှ မြည်းတာမဟုတ်လား။ ဆိုတော့ ဒီလို တိုက်ပွဲတွေ ဖြစ်ကြတယ်ဆိုတဲ့နေရာမှာ တဖက်တည်းကိုပဲ ပြောကြမလား။ ဒီကိစ္စက တဖက်သတ်ပဲ ဖြစ်နေတယ်လို့ မြင်သလား။
Gran Brang Shwan ။ ။ ကျနော်အနေနဲ့ ပြောရရင်တော့ စစ်ကတော့ ဥပမာ ကေအိုင်အိုတွေက သွားတိုက်တာ မဟုတ်ဘဲနဲ့၊ စကြည့်လိုက်မယ်ဆိုရင် တပ်ဖက်က စပြီးတော့ တိုက်ခိုက်မှုတွေကို ပထမဦးဆုံး ပြုလုပ်လာတဲ့အတွက် အဓိက တာဝန်ရှိတာကတော့ စစ်တပ်မှာ တာဝန်အဓိက ရှိတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ လွန်ခဲ့တဲ့ (၁၇) နှစ်လောက် ကေအိုင်အိုနဲ့ မြန်မာစစ်တပ်တို့ အပစ်အခတ်ရပ်စဲတဲ့ အချိန်လောက်ကဆို Brang Shwan တို့က လူငယ်ပဲ ရှိပါအုံးမယ်။ အဲဒီမတိုင်ခင်က အကိုတို့ ကြားခဲ့သလောက်ဆိုရင် ပြည်နယ်အတွင်းမှာက နှစ်ဖက်တိုက်ပွဲတွေက အရမ်းပြင်းထန်နေခဲ့ပြီတော့ လူငယ်တွေအနေနဲ့ ပညာသင်ကြားခွင့်၊ စီးပွားအခွင့်အလမ်း လုပ်ပိုင်ခွင့် မရှိသလောက်ကို ဖြစ်ခဲ့ရတယ်။ ရပ်ရွာမတည်မငြိမ်တာကြောင့်။ ဒါပေမဲ့ အဲဒီအချိန်က အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာ Brang Shwan တို့လို လူငယ်တွေအနေနဲ့ ပညာရေး အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်၊ လူမှုရေးထောက်ပံ့မှုတွေမှာ ပါဝင်နိုင်ခွင့် အခွင့်အလမ်းလေးတွေ ရလာခဲ့တယ်လို့ ပြောတဲ့လူတွေ ရှိပါတယ်။ အဲဒီဟာနဲ့ ပတ်သက်လို့ Brang Shwan အနေနဲ့ ဘယ်လိုမြင်သလဲ။ Brang Shwan က အပစ်အခတ်ရပ်စဲထားတဲ့ (၁၇) နှစ်ကာလအတွင်းမှာ ကြီးပြင်းလာခဲ့ရတဲ့ လူငယ်တစ်ယောက်။
Gran Brang Shwan ။ ။ အတိုင်းအတာတခုလောက်အထိတော့ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေမှာတော့ လူငယ်တွေအနေနဲ့ သွားလာလှုပ်ရှားခွင့်တွေ ရခဲ့တာ မှန်ပါတယ်။ ငြိမ်းချမ်းရေး ပြောလို့မရဘူး။ အပစ်အခတ်ရပ်စဲရေးအားဖြင့် တိုက်ပွဲတွေ မရှိတော့အတွက် လူတွေအနေနဲ့ အတိုင်းအတာတခု သူတို့အနေနဲ့ လုံခြုံမှု ရှိတယ်လို့ ခံစားရတဲ့အတွက် သူတို့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ။ ဥပမာ ကျနော်တို့ ဒီဖက်က ကေအိုင်အိုဖက်ကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခွင့် ရရှိလာတဲ့အတွက် ဖွံ့ဖြိုးမှုတွေ အတိုင်းအတာတခုအထိ ရှိလာတယ်လို့ ပြောလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ လူငယ်တွေအပိုင်းမှာတော့ အခုဆိုလို့ရှိရင် Brang Shwan တို့အနေနဲ့ ပညာသင်ကြားခွင့်တွေ ရပြီးတော့ နိုင်ငံတကာကို ထွက်ပြီးတော့ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အမြင်နဲ့ကြည့်ပြီး လုပ်ပိုင်ခွင့် ရလာပြီဆိုရင် အခုလက်ရှိ ပြဿနာမှာ ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးရလာအောင်၊ ဖွံ့ဖြိုးရေးရလာအောင် အဓိက လုပ်ဆောင်ရမယ့် အချက်တွေ ဘာတွေလဲဆိုတာ မြင်လာသလဲ။
Gran Brang Shwan ။ ။ ပြည်နယ်အတွင်း ပထမဦးဆုံး ငြိမ်းချမ်းရေးရလာအောင်ဆိုရင် ပထမဦးဆုံးအနေနဲ့ တိုက်ပွဲတွေကို လုံးဝရပ်ဆိုင်းရပါမယ်။ ပြီးတော့ ငြိမ်းချမ်းရေးဆိုတာ တိုက်ပွဲလုံးဝမရှိတာနဲ့ ငြိမ်းချမ်းရေးလို့ ပြောလို့မရတဲ့အတွက် ဆက်ပြီးတော့ တိုက်ပွဲတွေ မရှိတော့တဲ့ နောက်ပိုင်းမှာ ကျနော်တို့တတွေအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေကို ပြန်လည်ဖော်ထုတ်ပြီး။ နောက်ပိုင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ စပြီးတော့ လုပ်ဆောင်ရပါမယ်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးပိုင်းမှာ လုပ်ဆောင်ရမယ်။ ကြည့်မယ်ဆိုရင် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေဘက်နဲ့ ကျနော်တို့ နယ်ဘက်တွေ ဖွံ့ဖြိုးမှုတွေက အရမ်းကြီး ကွာဟနေတာကို တွေ့ရတယ်။ ကျနော်တို့ နယ်ဘက်က လူတွေဆိုရင် ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းတွေက အင်မတန်မှ နည်းပါးနေပါသေးတယ်။ အဲဒါကို ကျနော်တို့ အဓိက အစီအစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်ရမယ်လို့ ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လူငယ့်အမြင်နဲ့ပဲ ပြောမယ်ဆိုရင် ကချင်ပြည်နယ်ထဲမှာရှိနေတဲ့ လူငယ်အများစုအနေနဲ့ သူတို့ အဓိက နစ်နာဆုံးရှုံးနေရတာက ဘာလို့မြင်သလဲ။
Gran Brang Shwan ။ ။ သူတို့ အဓိက နစ်နာဆုံးရှုံးနေရတာက ဘက်ပေါင်းစုံက အခွင့်အလမ်းတွေ ရရှိမှု။ အခွင့်အလမ်း အများကြီး ဆုံးရှုံးနေရတယ်။ သတင်းနည်းပညာပိုင်းတွေဆိုရင် ကျနော်တို့ ရန်ကုန်၊ မန္တလေးနဲ့ယှဉ်ရင် အများကြီး ဆုံးရှုံးရတယ်။ ပညာရေးပိုင်းဆိုင်ရာဆိုရင် ကျနော်တို့ အများကြီး ဆုံးရှုံးနေရပါတယ်။ အထူးသဖြင့် ပညာရေးပိုင်းမှာ နောက်ကျနေရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်တခုက ကျနော်တို့ ကြားနေရတဲ့ သတင်းတွေအရဆိုရင် ကချင်ပြည်ဘက်မှာ လူငယ်တွေကြားထဲမှာ မူးယစ်ဆေးဝါးနဲ့ HIV/AIDS ပြဿနာတွေ တော်တော်လေး ဆိုးဝါးတယ်လို့ ကြားတယ်။ အဲဒါရဲ့ အရင်းခံပြဿနာက ဘာလို့ ယူဆသလဲ။
Gran Brang Shwan ။ ။ အဓိက အရင်းခံပြဿနာက လူတွေ အလုပ်အကိုင် အခွင့်အလမ်း မရှိဘူး ပြဿနာတခုရယ်။ နောက် အဓိကတခုကတော့ မူးယစ်ဆေးဝါးတွေကိ အလွယ်တကူ ရရှိနေခြင်း။
ဦးသန်းလွင်ထွန်း ။ ။ အလုပ်အကိုင် အခွင့်အလမ်း မရှိဘူးဆိုတာကတော့ ငြိမ်းချမ်းရေး တိတိကျကျ မရှိတဲ့ပြဿနာ၊ ဖွံ့ဖြိုးရေး မရှိတဲ့ပြဿနာပေါ့။ ဒီနေရာမှာ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ရနေနိုင်တယ်ဆိုတဲ့ကိစ္စကတော့ သက်ဆိုင်ရာ ဗဟိုအစိုးရအာဏာပိုင် နဲ့ ပြည်နယ်ဘက်မှာ တချိန်က အခုလည်း ထိန်းချုပ်ထားတဲ့ ကေအိုင်အို တို့က ဒါတွေကို ကျကျနန ထိန်းချုပ်မှု မရှိလို့ ဖြစ်နေတဲ့ ပြဿနာလား။
Gran Brang Shwan ။ ။ ဒီဘက်ပိုင်းမှာကြတော့ နှစ်ဖက်စလုံးက တင်းတင်းကြပ်ကြပ်ကို ဆက်ပြီးတော့ မူဝါဒ သေချာချမှတ်ပြီး လုပ်ဆောင်ဖို့ လိုအပ်သေးတယ်လို့ ကျနော် ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တခြား ပညာပေးကိစ္စတွေနဲ့ကော။ အထူးသဖြင့် ကချင်ပြည်ဘက်ပိုင်းမှာ လူငယ်တွေကို ပညာပေးနိုင်ဖို့အတွက် ထိရောက်တဲ့ သတင်းစာတွေ၊ အသံလွှင်ဌာနတွေ။ ဒါတွေ ရှိကောရှိလာပြီလား။
Gran Brang Shwan ။ ။ အဲဒါတွေ တော်တော်လေးကို နည်းပါသေးတယ်။ သက်ဆိုင်ရာ ဖွံ့ဖြိုးမှု၊ ဖွံ့ဖြိုးရေးအဖွဲ့တွေကနေ လုပ်ဆောင်မှု ရှိနေပေမယ့် တော်တော်လေး ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ Brang Shwan အနေနဲ့ အခု ဒီမှာလည်း အမေရိကမှာ ကုလသမဂ္ဂ က ကျင်းပတဲ့ ကမ္ဘာ့လူငယ်ခေါင်းဆောင်သင်တန်းမှာ အတွေ့အကြုံတွေ ရခဲ့တယ်။ ဒီမှာရခဲ့တဲ့ အတွေ့အကြုံတွေကို ဗမာပြည်ပြန်ပြီး၊ ကချင်ပြည်ပြန်ပြီးတော့ ဘယ်လိုဝေမျှနိုင်မလဲ။ ဘာတွေ လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက်ရှိသလဲ။
Gran Brang Shwan ။ ။ ဒီကို ပြန်လာဖို့ဆိုတာက အင်မတန်မှ ရနိုင်ခဲတဲ့ အခွင့်အရေးတခုဖြစ်လို့ ကျနော်အနေနဲ့ ကျနော်လိုပဲ အခွင့်အရေး မရရှိသေးတဲ့ ကျနော်တို့နယ်က ကျနော့် ညီအကိုမောင်နှမတွေ အများကြီးရှိတယ်။ ပြီးတော့ အဲဒီအတွက်ကို တတ်နိုင်သလောက် ဆက်ပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူးတင်ပါတယ်။ ကုလသမဂ္ဂ UNESCO အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု Connecticut တက္ကသိုလ် လူငယ်ခေါင်းဆောင်မှုသင်တန်းတခုကို တက်ရောက်ခဲ့တဲ့ Gran Brang Shwan ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းခဲ့တာပါ။