ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ

ဦးလှမောင်ရွှေ

ဦးလှမောင်ရွှေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေမှာ နိုင်ငံသားတာဝန်တရပ်အနေနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင် နဲ့ Egress အဖွဲ့ တည်ထောင်ခဲ့သူဖြစ်တဲ့ ဦးလှမောင်ရွှေ ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ကို ရောက်တုန်းရောက်ခိုက်မှာ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍအဖြစ် တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဦးလှမောင်ရွှေ က Egress ဆိုတဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ အသိပညာ၊ အတတ်ပညာမြှင့်တင်ရေး အဖွဲ့အစည်းမှာ တည်ထောင်သူနဲ့ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တာ။ ဒါပေမဲ့ Egress အဖွဲ့ရဲ့ နောက်ပိုင်းလုပ်ငန်းစဉ်တွေမှာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေမှာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ပါဝင်လာတာကို တွေ့ရတယ်။ ဒီကိစ္စတွေက ဘယ်လိုပါဝင်ဆက်စပ် ပါဝင်လာသလဲဆိုတာကို တချက်လောက် အရင်ရှင်းပြပေးပါ။

ဦးလှမောင်ရွှေ ။ ။ Egress လို့ ရည်ရွယ်ပြီးတော့ ကျနော်တို့ ၂၀၀၅ လောက်ကတည်းက ရည်ရွယ်ပြီးတော့ ဖွဲ့ခဲ့တယ်။ ၂၀၀၆ မှာ register လုပ်ခဲ့တယ်။ အဓိက ရည်ရွယ်တာကတော့ အဲဒီအချိန် အဲဒီအခါတုန်းကတော့ ကျနော်တို့နိုင်ငံမှာ တနေ့မှာ nation building, ပိုကောင်းတယ့် state building လုပ်လို့ရနိုင်မယ်လို့ ပိုမျှော်လင့်တယ်။ အဲဒီအချိန်မှာ လူသားအရင်းအမြစ်တွေ အများကြီးလိုတယ်။ တတ်နိုင်တဲ့ capacity development တွေ၊ နောက်တခုက development အတွက် ပြင်ဆင်မှုတွေလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကျနော့်မိတ်ဆွေတွေနဲ့ ဖွဲ့ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ ၂၀၀၆ က ဖွဲ့ခဲ့ပြီးတော့ အခုထိလည်း ဒီလို သင်တန်းတွေ၊ workshop တွေ၊ ဒါမျိုးတွေ အများကြီး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖက် ကျနော်တို့ သမ္မတကြီးဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ဖက်မှာလည်း တခြား နိုင်ငံသားတာဝန်တွေ ကိုယ်လုပ်လို့ရတဲ့ဟာတွေ ကျနော်တို့ ကူလုပ်ရင်နဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလလောက်မှာ ကျနော်တို့ အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း စပြီးတော့ ကေအန်ယူအဖွဲ့အစည်းကို သွားရောက်ပြီးတော့ သမ္မတကြီးရဲ့ ငြိမ်းချမ်းရေးဖိတ်စာ သွားပေးမယ်။ စပြီးတော့ ထိတွေ့တဲ့အချိန်မျိုးမှာ ကျနော်တို့အနေနဲ့လည်း တထောင့်တနေရာကနေ နိုင်ငံသားတာဝန်အနေနဲ့ ဒီမှာဝိုင်းပြီးတော့ ကူညီခွင့်၊ အကျိုးဆောင်ခွင့်ပြုဖို့အနေနဲ့ ကျနော်တို့အနေနဲ့ ဝန်ကြီးကို လွတ်လပ်စွာတင်ပြရင်နဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၉-၂၀ လောက်မှာ ကေအန်ယူအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်နော်စီဖိုးရာစိန် နဲ့ မဲ့ဆော့မှာ စတွေ့ကတည်းက စပြီးပါလာခဲ့တာ။

ဦးသန်းလွင်ထွန်း ။ ။ စောစောကပြောတဲ့အထဲမှာက Egress က ကေအန်ယူနဲ့ စေ့စပ်ဆွေးနွေးရေးနဲ့ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေကြားထဲမှာ တွေ့ဆုံလာအောင် ဘယ်လိုစတင်လုပ်ဖြစ်ခဲ့သလဲဆိုတာကို တချက်လေး ရှင်းပြပေးပါ။

ဦးလှမောင်ရွှေ ။ ။ ပထမဦးဆုံးစပြီး တွေ့ဆုံမှုကတော့ ကျနော်တို့ဖက်က စတာမဟုတ်ဘူး။ အဲဒီလိုပဲ ကျနော်တို့လို့ပဲ နှစ်ဖက်တွေ့ဆုံမှုကို ကျနော်တို့လိုပဲ နိုင်ငံသား တာဝန်အနေနဲ့ နားလည်းပြီး ငြိမ်းချမ်းရေးကိုဖြစ်ချင်သလို စပါခဲ့တဲ့ လူတချို့တွေလည်း ရှိပါတယ်။ သူတို့ကတော့ ကေအန်ယူအဖွဲ့အစည်း အဓိကဆောင်ရွက်ပေးချင်တာကို ကြိုးစားတယ်။ ကျနော်တို့ကတော့ အစကတည်းက ပြည်ထောင်စုဝန်ကြီးများနဲ့ ကျနော်တို့လည်း အရှေ့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဟာမျိုးကို မိတ်ဆွေတွေကို ကျနော်တို့လည်း နားလည်းတာကို အပြန်အလှန်ဆွေးနွေးရင်ကနေ ဒီလိုမျိုး ငြိမ်းချမ်းရေးစလုပ်မယ့်အချိန်မှာ ကျနော်တို့ကစပြီး မေတ္တာရပ်ခံပါပြီးတော့ နောက်ဆက်တွဲတွေကြတော့ ဒီကနေစပြီး ပါခဲ့တာပေါ့။ အထူးသဖြင့်တော့ ဒုတိယအကြိမ်လုပ်တဲ့ ၂၀၁၁ နိုဝင်ဘာလမှာ ကျနော်တို့လုပ်တဲ့ ချင်းရိုင်းမှာလုပ်တဲ့ တိုင်းရင်းသားညီနောင်ထဲက လက်နက်ကိုင်အဖွဲ့အစည်း ငါးဖွဲ့နဲ့ ဝန်ကြီးဦးအောင်မင်း တွေ့တဲ့အချိန်မှာ ကျနော်တို့က လုံးဝ ဒီဟာတွေအတွက်ကို ဝိုင်းဝန်းပြီးတော့ ကူညီစီစဉ်ပြီး အကျိုးဆောင်တဲ့လူတွေအနေနဲ့ အတိအကျစပါလာတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အချိန်ပြည့်သဘောမျိုး ဖြစ်လာတာပေါ့။

ဦးလှမောင်ရွှေ ။ ။ အဲဒီသဘောမျိုး ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ထူးခြားဖြစ်စဉ်။ အဲဒါ ကျနော်တို့ သတိထားမိတာက အထူးသဖြင့် ကချင်အဖွဲ့နဲ့ဆိုရင် ၁၉၉၅ ကတည်းက အပစ်အခတ်ရပ်စဲရေးက လက်မှတ်ထိုးထားပြီသား။ ဒါက ထူးထူးခြားခြား။ ထိုးထားပြီးသားမှာ ဒီအစိုးရ တက်ခံနီးအချိန်လေးမှာမှ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်ဖြစ်တယ့်အနေအထား ဖြစ်နေတယ်။ အဲဒီတော့ တဖတ်ကလည်း မြန်မာအစိုးရက ပေးထားတဲ့ ကတိတွေ ချိုးဖောက်တယ်ဆိုတဲ့ ပုံစံမျိုး ယူဆထားတာမျိုးတွေ ရှိတယ်။ နားနားကျည်းကျည်း ဖြစ်နေလို့လား။

ဦးလှမောင်ရွှေ ။ ။ လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့နဲ့ အရင်အစိုးရအဖွဲ့နဲ့ အသေချက်ပြီးတော့ မစဉ်းစားသင့်ဘူးလို့ ကျနော်တို့အနေနဲ့လည်း သူတို့ကို တင်ပြတယ်။ ဘာလို့လည်းလို့ပြောရင် လွန်ခဲ့တဲ့ ၁၇ နှစ်က လက်မှတ်ထိုးခဲ့တာကလည်း မှန်ပါတယ်။ နှစ်ဖက်လည်း အပစ်အခတ်ရပ်စဲပြီးတော့ အတူတူယှဉ်တွဲ နေထိုင်ခဲ့တာလည်း မှန်ပါတယ်။ အကြောင်းကြောင်းကြောင့် တိုက်ပွဲတွေပြန်ဖြစ်သွားတယ်။ ဒါပေမဲ့ ဒီဟာကို ပြီးခဲ့တာထက် ကျနော်တို့က ရှေ့ကို ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီငြိမ်းချမ်းရေးရမှဖြစ်မယ်။ သမ္မတကြီးကလည်း အများကြီး ပြောသွားပြီ။ ဒီငြိမ်းချမ်းရေးရဖို့ဆိုရင် နှစ်ဖက်စလုံးကတော့ ပိုပြီးယုံကြည်မှုစောင့်ပြီးတော့ နှစ်ဖက်စလုံးက လိုအပ်ရင် ကိုယ်ရှိတာကနေ နည်းနည်းလျှော့ချပြီး ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်။ ကျနော့်အမြင် ပြောရရင် ဒီဖက်က ကချင်ခေါင်းဆောင်တွေကိုလည်း တင်ပြခဲ့ပါတယ်။ အခု သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့နဲ့ အရင်တုန်းက အစိုးရအဖွဲ့နဲ့ကို အသေချိတ်ဆက်ပြီးတော့ မစဉ်းစားဖို့ တင်ပြတဲ့သဘောပါ။ ကျနော်တို့က အကျိုးဆောင်အနေနဲ့ တင်ပြဖို့ပဲရမယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုရောက်ဖို့ပဲ ကျနော်တို့က လုပ်ပေးလို့ရတယ်။ တကယ်က player တွေနဲ့ ဆိုင်တာ။ ဒီလိုဟာမျိုးတွေကို ကျနော်တို့ ပြောလို့ရသလဲလို့ပြောရင် အများစုထဲမှာ တဖွဲ့မှာပဲ အခက်အခဲဖြစ်နေတဲ့ ပုံသဏ္ဍာန်ဖြစ်တဲ့အတွက်ကြောင့် နှစ်ဖက်စလုံးမှာတော့ လိုအပ်ချက်တွေက ရှိနေတယ်လို့ပဲ ပြောရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မျှော်လင့်ချက်အနေနဲ့…

ဦးလှမောင်ရွှေ ။ ။ ကျနော်ကတော့ မျှော်လင့်ပါတယ်။ ကျနော်တို့ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးရချင်တယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒါပေမဲ့ လုပ်ပုံလုပ်နည်းနဲ့ လုပ်နည်းလုပ်ဟန်၊ ယဉ်ကျေးမှုဆောက်တယ့်နေရာနဲ့ ဒါလေးကတော့ နည်းနည်းတော့ လိုနေသေးတဲ့အတွက် ကျနော်အထင်ကတော့ သိပ်အကြာကြီးတော့ မစောင့်ရဘူး။ ကျနော်တို့ပြည်သူလူထုအားလုံး လိုချင်တဲ့ ပထမအဆင့် အပစ်အခတ်ရပ်စဲဖို့ကတော့ သိပ်မကြာခင်ဖြစ်မယ်လို့တော့ မျှော်လင့်ယုံကြည်တယ်။ နောက်တခုကတော့ ဒီအပစ်အခတ်ရပ်တယ်ဆိုတာ လက်မှတ်ထိုးဖို့ ပြောတာမဟုတ်ဘူး။ လက်မှတ်ထိုးခဲ့ပြီးပြီ နောက်မထိုးနိုင်ဘူးဆိုလည်း ဒါကရတယ်။ အရေးကြီးတာက အပစ်အခတ်ခဏရပ်မှ တွေ့ဆုံဆွေးနွေးရေးက ပိုပြီး နှစ်ဖက်မှာ ပိုပြီးယုံကြည်မှု ရှိမယ်လို့ ကျနော်တို့ဖက်က ထင်တယ်။ ဒါကြောင့်မို့ လက်မှတ်ထိုးဖို့မလို အပစ်အခတ် ခဏလေးရပ်လိုက်ပြီးတော့ ဆွေးနွေးလိုက်ရင်လည်း ဖြစ်နိုင်မလား။ ကျနော်ကတော့ ဖြစ်နိုင်မယ်ထင်တယ်။ ကျနော်တို့လိုပဲ ကချင်မှာ အခြေစိုက်ထားတဲ့ -- ကလည်း ယုံတယ်။ ဒါပေမဲ့ ရပ်ဖို့ဆိုတဲ့ကိစ္စကိုက ခဏခက်တယ်။ စားပွဲဝိုင်းလာဖို့ ခက်တယ်။ ကျနော့်အမြင်နဲ့ ပြောရင်တော့ ဒီလောက်အချိန်အတွင်းမှာ ဒီလောက်များတဲ့အဖွဲ့တွေနဲ့ ရတာတောင်မှ ကျနော့်အမြင် ပြောရင်တော့ အားလုံးကတော့ မြန်မြန် တယောက်မှ မသေစေချင်ဘူး။ ကချင်ပြည်နယ်နဲ့လည်း မြန်မြန်အေးချမ်းစေချင်တယ်။ ဒါပေမဲ့ ဒီနေရာတခုက တော်တော့်ကို အခက်အခဲကျန်တယ်။ နှစ်ဖက်စလုံးမှာလည်း အခက်အခဲနဲ့ ပြဿနာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ကျန်တဲ့အဖွဲ့တွေဖက်မှာ ဒီလောက်မရှိတာကိုက ကျနော် ပြန်စဉ်းစားတိုင်းမှာ အတော့်ကို ကျနော်တို့ထင်တာထက် ခရီးရောက်လာတယ်။ နောက်တဆင့်ဆိုရင်တော့ political dialogue လာမယ်။ ဒါကတော့ ဘယ်လောက်ကြာမလဲဆိုတာကတော့ နှစ်ဖက် player တွေ political will သူတို့ဘယ်လောက် compromise လုပ်နိုင်ကြမလဲနဲ့ ဆိုင်မယ်လို့ထင်တယ်။ ကျနော်တို့ အကျိုးဆောင်တွေကတော့ စားပွဲဝိုင်းရောက်အောင်ရယ်၊ ဒီပွဲတွေ ဖြစ်ဖို့ရယ်။ နောက် လိုအပ်တာကို ပံ့ပိုးဖို့အဆင့်ပဲ လုပ်လို့ရမယ်။
ဦးသန်းလွင်ထွန်း ။ ။ Egress က အစတုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာဆိုရင် အသိပညာပိုင်း၊ အတတ်ပညာပိုင်းနဲ့ ဖွံ့ဖြိုးမှုအပိုင်းတွေကို သင်တန်းပေးတဲ့ အဖွဲ့အစည်းသဘောမျိုးပဲ ရှိခဲ့တယ်။ အခုနောက်ပိုင်း သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာတော့ နိုင်ငံတော်လုပ်ငန်းစဉ်တွေ အတူငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ အခု ပြည်ပခရီးစဉ်တွေမှာအစ အကြံပေးအဖွဲ့ဝင်တွေသဘောမျိုးတွေနဲ့ ပါဝင်လာတာဆိုတော့ အရင်တုန်းကတော့ Egress ကို တော်တော်များများ စွပ်စွဲပြောဆိုတာတွေ ရှိခဲ့ဘူးတယ်။ ဒါက အစိုးရနဲ့ နီးစပ်တဲ့အဖွဲ့၊ အစိုးရအကျိုးဆောင်နေတဲ့အဖွဲ့။ အခုကော ဒါဆိုလို့ရှိရင် Egress အနေနဲ့က နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ဒါမှမဟုတ် နိုင်ငံတော်အစိုးရရဲ့ တာဝန်ပေးမှုနဲ့ လုပ်နေတဲ့ပုံစံမျိုး ဖြစ်နေသလား။ ဒါမှမဟုတ် သီးသန့်ဘယ်လိုအနေအထားမျိုးနဲ့ လုပ်ဆောင်နေသလဲဆိုတာမျိုးလေး သိချင်ပါတယ်။

ဦးလှမောင်ရွှေ ။ ။ Egress အနေနဲ့ကတော့ အရင်အစိုးရကော အခုအစိုးရကော အစိုးရရဲ့ အထောက်အပံ့ ဘာတခုမှ ကျနော်တို့အနေနဲ့ မရှိပါဘူး။ ဒါပေမဲ့ အခုနတုန်းက စိတ်ဓါတ်ရေးရာအဖြစ် အသိအမှတ်ပြုမှုအားဖြင့် ဒီလိုဟာမျိုးကတော့ ဒီမှာရှိတဲ့ ကျနော်တို့တင်မဟုတ်ပါဘူး တခြားအဖွဲ့အစည်းတွေလည်း ဒါမျိုးတွေကတော့ ဒီနိုင်ငံထဲမှာ အလုပ်လုပ်ရမယ် ဆိုလို့ရှိရင်တော့လည်း ရှိမှာပေါ့။ ကျနော်တို့ကလည်း working with the government ကျနော်တို့ အစိုးရနဲ့ အလုပ်လုပ်ပါတယ်။ ဒါကလည်း working for the people ကျနော်တို့ပြည်သူလူထု သန်း (၆၀) အတွက် အဓိကရည်စူးပြီးတော့ ကောင်းတာလုပ်တာမှန်သမျှတော့ ကျနော်တို့က မြန်မြန်ရောက်အောင် ဝိုင်းဝန်းကူညီပံ့ပိုးဖို့ကတော့ ရှိမှာပဲ။ Egress က Non-profit organization ပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ အရင်တုန်းကဆိုလို့ရှိရင် နိုင်ငံရေးအတိုက်အခံတွေကြားထဲ တချို့တွေကြားထဲမှာတောင်မှပဲ Egress က အစိုးရလူ၊ အစိုးရအဖွဲ့အစည်းပုံစံမျိုး ပြောဆိုသံလေးတွေ ကြားဘူးတယ်။ အဲဒါကို ဦးလှမောင်ရွှေအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ။

ဦးလှမောင်ရွှေ ။ ။ ဟုတ်ကဲ့ခင်များ။ ကျနော်တို့နိုင်ငံမှာတော့ အရင် စနစ်မှာတုန်းကတော့ သတင်းလွတ်လပ်ခွင့်။ နောက်တခုကတော့ အတိမ်အစောင်းမခံနိုင်တဲ့ အနေအထားမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါမျိုးဆိုရင် news circle မှာ ရှင်းပြဖို့ မရှိဘူး။ အခုဆိုရင် ကျနော်တို့ စနစ်လည်းပြောင်းတယ်။ Players တွေလည်း ပြောင်းလာတယ်။ ကျနော်ကိုယ်တိုင် တသက်လုံး တခါမှ မရောက်ဘူးတဲ့ United States ကိုရောက်ပြီး VOA Studio ထဲကိုတောင် ရောက်လာပြီ။ ဆိုလိုတာက တဖြည်းဖြည်းနဲ့တော့ ပြောင်းလာတဲ့အခါကြတော့ တဖြည်းဖြည်းတော့ ပိုပြီးနားလည်းမယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါကြောင့်မို့လည်း ကျနော်တို့တတွေနဲ့ ပွင့်ပွင့်လင်းလင်း မေးမြန်းခွင့်ရတာလည်း ကျနော် ဝမ်းသာတယ်။ အထူးသဖြင့် ဒါက လူတွေကြားထဲမှာ သိချင်နေတဲ့ မေးချင်နေတဲ့ကိစ္စမျိုးတွေဖြစ်တယ်လို့လည်း ယူဆလို့မေးရတာ။ အကြောင်းက မပြေးသော်လည်း ကံရာရှိကိစ္စမျိုးတွေ ရှိတယ်လေ။ အထူးသဖြင့် ဦးလှမောင်ရွှေဆိုရင်လည်း UMFCCI (Union of the Myanmar Federation of Chambers of Commerce & Industry) ခေါ်တဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းနဲ့ စက်မှုလုပ်ငန်းရှင်ကြီးများအသင်းမှာ ဒု-ဥက္ကဋ္ဌ တာဝန်ယူထားတယ်။ ကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ခဲ့ဘူးတယ်။ နောက်တော့ Egress မှာ ပါလာပြီးတော့ အခုကြတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်လာနေတော့ ဒီလို စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ကနေ ဘယ်လိုအကျိုးစီးပွားတွေနဲ့ ဘယ်လိုအကြောင်းတွေနဲ့ ပါဝင်နေသလဲဆိုတာကို လူတွေအနေနဲ့ သိချင်ကြမှာပေါ့။

ဦးလှမောင်ရွှေ ။ ။ ကျနော် စီးပွားရေးလုပ်ငန်းရှင်တဦးဆိုတာလည်း ဟုတ်ပါတယ်။ UMFCCI ရဲ့ ဒု-ဥက္ကဋ္ဌဆိုတာလည်း ဟုတ်ပါတယ်။ ကျနော်တို့ အရင်စနစ်တုန်းက UMFCC ဆိုတာကိုက သူ့ရဲ့အဖွဲ့စည်းမျဉ်းမှာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနက ခန့်အပ်တဲ့စနစ်နဲ့ နှစ်ပေါင်း (၂၀) ကျော် နေခဲ့တယ်။ အခု ၂၀၁၁ ခုနှစ် မေလမှ ဒီ အစိုးရအဖွဲ့သစ်မှာ လျှို့ဝှက်မဲနဲ့ ရွေးချယ်တဲ့စနစ်နဲ့ ရွေးတယ်။ အနှစ် (၂၀) ကျော်ပြီးမှ ကျနော်တို့ Chamber of Commence မှ ဒါမျိုးလုပ်ကိုင်မှု ရှိလာတယ်။ အဲဒီတော့ UMFCCI ပဲဖြစ်ဖြစ် ဘာအသင်းအဖွဲ့ပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံသားတွေပဲ။ ဒီနိုင်ငံရဲ့ state building, nation building, peace process မှာ လူတိုင်းလိုလို ပါဝင်ခွင့်ရှိရမယ်။ ဒီထဲမှာမှ ကျနော်တို့ ဘယ်လောက် ပါဝင်နိုင်ကြမလဲဆိုတာကတော့ အခြေအနေပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော် မြန်မာ Egress အနေနဲ့ကော၊ ကျနော့်တဦးတည်း အနေနဲ့ကော ဘာသီးခြားအခွင့်အရေး၊ ဘာအခွင့်ထူးမှ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်ကို ဘယ်သူက ဘယ်နားမှာမေးမေး ကျနော်လုပ်ငန်းလည်း အကြီးကြီးမရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အစောပိုင်းမှာတော့ ဦးလှမောင်ရွှေတို့ရဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့အနေနဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အထူးသဖြင့် မြန်မာနိုင်ငံတောင်ဖက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးညှိနှိုင်းပေးဖို့ လုပ်ဆောင်တာတွေ့တယ်။ နောက်ပိုင်းမှာ ပိုပါလာတာက ပြည်ပမှာရောက်နေတဲ့ ဒီမိုကရေစီအင်အားစုတွေ ကြားထဲမှာပါ မြန်မာနိုင်ငံပြန်လာရေးတို့၊ နောက်ပြီး ပြန်လည်ညှိနှိုင်းရေးတို့ ဆိုတာမျိုးတွေ လုပ်ပေးလာတာတွေတွေ့တယ်။ အဲဒီနှစ်ခု ဘယ်လိုကွာသလဲဆိုတာကို တချက်ရှင်းပြပေးပါ။

ဦးလှမောင်ရွှေ ။ ။ State building က အကုန်ဝိုင်းလုပ်မှရမှာ။ များများပါရင် မြန်မြန်ရောက်မယ်။ ကျနော်တို့အားလုံး လိုချင်တာရမယ်။ အဲဒီ နှစ်ခုမှာ မတူတာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ သီးခြားဖြတ်သန်းတယ်။ သူတို့ရဲ့ ခေါင်းဆောင်တွေ political will သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ တဖွဲ့ချင်းက ပုံစံတခုဖြစ်ပေမယ့် အများစု ပြည်ပရောက် အများစုကတော့ အားလုံးက ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ရည်ရွယ်ချက်ရှိပြီးသာပဲ။ ဧရီယာအလိုက် သူတို့မှာ ကျနော်တို့ထက် တော်တဲ့လူတွေ အများကြီးရှိတယ်။ အခု အဲဒီလူတွေကို အလည်ပြန်လာကြည့်ပါ။ လုပ်လို့ရတာ လုပ်ကြည့်ပါဆိုရင်ကနေ တဖြည်းဖြည်းနဲ့ ပိုလက်ခံလာတော့ အခုဆိုရင် ကျနော်တို့ သမ္မတကိုယ်တိုင်လည်း United States ကို နှစ်ပေါင်းများစွာအတွင်းမှာ လာခဲ့ပြီ။ တခါမှ မလုပ်ဘူးတဲ့ ပြည်ထောင်စုဝန်ကြီးတွေလည်း Townhall Meeting မျိုးတွေကိုလည်း ဒီမှာ လုပ်နိုင်ပြီဆိုတာကိုက ယုံကြည်မှုတဆင့်ပြီးတဆင့်ပေါ့။ အဲဒီတော့ နောက်တခါကြရင်တော့ ပိုပြီးမြန်လာမလားလို့တော့ ကျနော့်အနေနဲ့ မျှော်လင့်မိတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်နဲ့ Egress အဖွဲ့ ထူထောင်သူတဦးဖြစ်တဲ့ ဦးလှမောင်ရွှေ ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။