ရွှေ့ပြောင်းလုပ်သားတွေကို ဘယ်သူကူညီနိုင်မလဲ

  • ဇော်ဝင်းလှိုင်

Your browser doesn’t support HTML5

ရွှေ့ပြောင်းလုပ်သားတွေကို ဘယ်သူကူညီနိုင်မလဲ

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ အစိုးရပြောင်းသွားပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ အစိုးရရဲ့ မူဝါဒ သိပ်ပြောင်းလဲတာမရှိလို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဦးကျော်သောင်းကို ကိုဇော်ဝင်းလှိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။ ။ အခုလို VOA လာပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ကျနော်လည်း ဒီလိုပြောခွင့်ရတဲ့အတွက် VOA ကို ကျေးဇူးတင်ပါတယ်။

မေး ။ ။ ပထမဦးဆုံးက ဦးကျော်သောင်းက ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီးတော့ မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးကို အကျိုးဆောင်ပေးနေတဲ့သူ ဖြစ်တယ်။ ဆိုတော့ ဦးကျော်သောင်းတို့ အဖွဲ့အစည်းအနေနဲ့ ဘာတွေလုပ်နေသလဲဆိုတာကို အရင်ပြောပြပေးလို့ ရမလား။

ဖြေ ။ ။ ကျနော်တို့ အဖွဲ့နာမည်ကတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (Myanmar Association in Thailand - MAT) ဖြစ်ပါတယ်။ ဘန်ကောက်မှာ အခြေစိုက်ပါတယ်။

မေး ။ ။ ထိုင်းနိုင်ငံဆိုတာကတော့ မြန်မာနိုင်ငံက ထွက်သွားတဲ့ အလုပ်သမားတွေ အများဆုံးရှိတဲ့ နိုင်ငံလို့ ပြောရမှာပေါ့။ တရားဝင်၊ တရားမဝင် အမျိုးစုံရှိနေကြတယ်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်နဲ့ အခု ဒီမိုကရေစီအစိုးရလို့ခေါ်တဲ့ NLD အစိုးရလက်ထက်မှာ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေဟာ ဘာတွေများ ကွာခြားမှုရှိသလဲလို့ သတိထားမိသလဲ။

ဖြေ ။ ။ ကျနော်တို့ အလုပ်သမားရေးကိစ္စကို လုပ်လာခဲ့တာ ၂၀၀၀ ပြည့်လွန်နှစ်ကနေ ဦးသိန်းစိန် အသွင်ကူးပြောင်းရေး သမ္မတ ဖြစ်လာတဲ့ ၂၀၁၁ မတိုင်မီအထိ အခြေအနေတွေကတော့ တော်တော်ဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းအပါအဝင် နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ အလုပ်သမားတွေကို ဦးသိန်းစိန်မတိုင်ခင် အစိုးရအဆက်ဆက်ဟာ ကျနော်တို့ တိုင်းပြည်က တရားမဝင် ထွက်သွားတဲ့လူ မရှိဘူး။ ကျနော်တို့ အလုပ်သမားတွေ မဟုတ်ဘူးလို့ အမြဲငြင်းပယ်ခဲ့ပါတယ်။ အဲဒီ ၂၀၁၀ မတိုင်ခင်ကာလအတွင်းမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ အသက်လုံခြုံရေး၊ ဘဝလုံခြုံရေးဟာ လုံးဝကို မရှိတဲ့အခြေအနေပါ။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် သမ္မတ တက်လာတဲ့ အချိန်အခါမှာ ပြည်ပရောက် အလုပ်သမားတွေအတွက် တစုံတရာ အကာအကွယ်တွေ ရလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဘန်ကောက်မြန်မာသံရုံးက အပြင်မှာ သီးခြားမြန်မာအလုပ်သမား အသင်းအဖွဲ့တွေ၊ CBO, NGO တွေနဲ့ ပူးပေါင်းပြီးတော့မှ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီကို တရားဝင်ဖွဲ့စည်းပြီးတော့ ကူညီဆောင်ရွက်ခဲ့တယ်။

ဒါဟာ မြန်မာနိုင်ငံသားတွေအတွက် အထူးကို အားရကျေနပ်ဖွယ်ရာ ဖြစ်တယ်။ သက်သေတခုအနေနဲ့ ပြနိုင်ရင်တော့ ၂၀၁၄ မှာ ဖြစ်ခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုဆိုရင် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ တရားဝင်ဖွဲ့ထားတဲ့အတွက် ဇော်လင်း နဲ့ ဝင်းဇော်ထွန်းတို့က ဒီနေ့အထိ ရှင်သေတယ်။ သတ်ဖြတ်မခံရတာဟာ ဦးသိန်းစိန်ခေတ်တုန်းက ပြင်ပအဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ကြတဲ့ အကျိုးဆက်ကြောင့် ဖြစ်ပါတယ်။

ဦးသိန်းစိန်နောက် ၂၀၁၅ မှာ တက်လာတဲ့ NLD အစိုးရလက်ထက်မှာကြတော့ ပြင်ပမှာ အခြေစိုက်တဲ့ သံရုံးနဲ့ မြန်မာအစိုးရနဲ့ ပြည်ပအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှုက အားနည်းသွားတယ်။ တော်တော်ကြီးကို အားနည်းသွားတယ်။ အဲဒီနောက်ပိုင်းမှာ ဘာတွေခေါင်းထောင်လာလဲဆိုတော့

မေး ။ ။ လူတွေ အပြောင်းအလဲကြောင့်လား။

ဖြေ ။ ။ လူတွေ အကုန်လုံး ပြောင်းလဲသွားတော့ ကျနော်တို့ ပြင်ပအဖွဲ့အစည်းနဲ့ ပြင်ပလူပုဂ္ဂိုလ်နဲ့ ရင်းနှီးယုံကြည်မှုတွေဟာ လုံးဝမရှိတော့ဘူး။ မရှိတော့ အလုပ်သမားတွေရဲ့ အခြေအနေ၊ အကာအကွယ်ဟာ အရင်ကာလ ၂၀၁၀ မတိုင်ခင် အနေအထားမျိုး ပြန်ရောက်သွားတယ်။

မေး ။ ။ ကျနော်တို့ သတိထားမိတာက ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်းမှာ ထိုင်းနဲ့မြန်မာနှစ်နိုင်ငံကြားမှာ အလုပ်သမားတွေအတွက် သီးသန့်ရည်ရွယ်ပြီးတော့ MOU ထိုးလိုက်တာ တွေ့ရတယ်။ အဲဒီတုန်းကတော့ အဆင်ပြေသလိုလို အလုပ်သမားတွေကြားမှာ အသံကြားလိုက်ရတယ်။ ဆိုတော့ အဲဒီထိုးခဲ့တဲ့ MOU က ဒီနေ့ အကြုံမဝင်တော့တာလား။ အဲဒီပေါ်မှာ ထပ်ပြီးတော့ ထိုးတဲ့ MOU တွေ ရှိလာလို့၊ ဒါမှမဟုတ် သဘောတူညီမှုတွေ၊ ပြောင်းလဲမှုတွေ ဖြစ်သွားလို့ အခုလို အခြေအနေကို ပြန်ရောက်သွားတာလား။ နောက်ပြန်ဆုတ်သွားတာလား။

ဖြေ ။ ။ MOU က ဦးသိန်းစိန် မတိုင်ခင်ကတည်းက ၂၀၀၈ လောက်ကစပြီးတော့ အစီအစဉ်ချတယ်။ အစီအစဉ်ချတယ်ဆိုတာက တရားဝင်ရွှေ့ပြောင်းသွားလာမှု G2G အစိုးရအချင်းချင်းဆိုတဲ့ ပုံစံမျိုးအနေနဲ့ လုပ်ကြတာ။ ဒါပေမဲ့ အဲဒီ ၂၀၁၀ မတိုင်ခင် ကာလတွေတုန်းက အရင်အစိုးရရဲ့ ယန္တရားတွေရှိတဲ့အတွက် အဓိက ဦးတည်ပြီး သွားလိုက်တာက တရားဝင်ဆိုတဲ့ အစိုးရအချင်းချင်း ခေါင်းစဉ်အောက်မှာ လုပ်ကိုင်ခွင့်ဆိုတာလေးကို အခွင့်ထူးခံဖို့အတွက် လုပ်ကြတာဖြစ်တယ်။ ဝမ်းနည်းစရာကောင်းတာက MOU ဆိုတဲ့ တရားဝင်မှုတခုကို အကာအကွယ်ယူပြီးတော့ ဒီနေ့ဒီအချိန်အထိ MOU နဲ့သွားတဲ့ အလုပ်သမားတွေ ပြဿနာ တက်နေတာဟာ အဲဒီ တရားဝင်မှုကို အကာအကွယ်ယူပြီးတော့ မတရားမှုလုပ်နေတာကို ပေါ်လွှင်စေတယ်။ နိုင်ငံတော်အဆင့် လူကြီးတွေ ၂၀၁၆ ခုနှစ် မေလ (၂၅) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သံရုံးထဲမှာ တွေ့တုန်းကလည်း အလုပ်သမားဝန်ကြီး၊ စီးပွားကူးသန်းဝန်ကြီး၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာသံအမတ်ကြီးတို့နဲ့ ကျနော်တို့ အစည်းအဝေး လုပ်တုန်းကလည်း ကျနော် ပြောပါတယ် - လမ်းကြောင်းတွေ လွဲနေပါတယ်။ မှားနေပါတယ်။ မှားတာတွေကို ပြင်ပြီးတော့မှ မှန်မှန်ကန်ကန် လုပ်ကြပါ။ ကျနော် ဘာကြောင့် ဒီစကားကို ပြောရလဲဆိုရင် လူကြီးမင်းတို့အနေနဲ့ တရားဝင် ပို့ထားတယ်ဆိုတဲ့ Demand letter လို့ခေါ်တဲ့ အလုပ်သမားခေါ်စာတစောင်ကို အလုပ်ရုံတခုကို ခေါ်စစ်ပါ။ မြန်မာမီဒီယာ၊ နိုင်ငံခြားမီဒီယာတွေကို ခေါ်ပြီးတော့ - ခင်များတို့ မူလစာချုပ်ပါ စည်းကမ်းအတိုင်း တကယ့်ကို ကိုက်ညီတယ်ဆိုရင် ကျနော်ကို အဲဒီအလုပ်ရုံရှေ့မှာပဲ အပြင်းထန်ဆုံး အပြစ်ဒဏ်ကို ပေးပါဆိုပြီး အဲဒီလိုမျိုး ကျနော်ထောက်ပြ ပြောဆိုခဲ့ဖူးပါတယ်။

မေး ။ ။ မြန်မာပြည်က လူငယ်အလုပ်သမားတွေ - ကျားကျားမမ - နေ့စဉ် ထွက်မြဲထွက်နေဆဲ။ ဟိုဘက်ရောက်သွားရင်လဲ ဒုက္ခရောက်မြဲရောက်နေဆဲ။ ဘာမှလဲ အခွင့်အရေးလည်း မရဘူး။ အကာအကွယ်လည်း မရဘူး။ နောက် အရင်တုန်းက နည်းနည်းရှိခဲ့တဲ့ အကာအကွယ်ပေးမှုကို အခု ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဘာမှ လုပ်မပေးနိုင်တော့ဘူးဆိုတဲ့ အခြေအနေ ဖြစ်သွားတယ်ပေါ့။ မြန်မာအလုပ်သမားတွေအတွက် ကိုယ်ဖြစ်ကိုယ်ခံ အခြေအနေမှာ ရှိနေတာပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယန္တရားကိုယ်တိုင်က အစိုးရမှာ G2G လို့ ပြောထားပေမယ့် အဲဒီအလုပ်သမားနဲ့ အစိုးရကြားမှာ Agency (အေဂျင်စီ) လို့ခေါ်တဲ့ တည့်တည့်ပြောရရင် လူပွဲစားတွေ - ထိုင်းဘက်က ပွဲစားနဲ့ မြန်မာပြည်ဘက်က ပွဲစားတွေက စောစောကပြောတဲ့ အလုပ်သမားခေါ်စာ၊ လုပ်ပိုင်ခွင့်ပေါ် မူတည်ပြီးတော့မှ အကျင့်ပျက်ခြစားမှုတွေနဲ့ ဆက်နွှယ်နေတဲ့အခါမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးဆိုတာ လာကိုမပြောနဲ့တော့ - ပြောချင်တာက အဲဒီလို အခြေအနေ၊ အနေအထားမျိုးကို ကျနော်တို့လို လွတ်လပ်တဲ့ အသင်းအဖွဲ့တွေက ထုတ်ပြီးတော့၊ ထောက်ပြပြီးတော့ ပြောလာတယ်။ ဆိုလာတယ်။ အလုပ်သမားတွေက အမှန်တကယ်က အစိုးရအချင်းချင်း ပို့လိုက်တဲ့ အလုပ်သမားတွေ ဒုက္ခရောက်လို့ရှိရင် သံရုံးကိုဖြစ်စေ၊ အလုပ်သမားသံအရာရှိကိုဖြစ်စေ၊ သူတို့ကိုပို့တဲ့ အေဂျင်စီကိုဖြစ်စေ အကူအညီတောင်းရမယ့်ကိုယ်စား ကျနော်တို့လို လွတ်လပ်တဲ့ အသင်းအဖွဲ့တွေကို ဘာကြောင့် အကူအညီတောင်းရသလဲဆိုတာကိုကြည့်ရင် အစိုးရနဲ့ သူတို့ အေဂျင်စီတွေ စည်းကမ်းနည်းလမ်းမကျဘဲ ပို့တယ်ဆိုတာကို ပေါ်လွင်နေတယ်။

မေး ။ ။ ဒီအကျင့်ပျက်ခြစားမှုက NLD အစိုးရရဲ့ ဦးစားပေးလုပ်မယ့် လုပ်ငန်းထဲမှာ ပါတယ်။ တကယ့်တကယ်က သူတို့ ရွေးကောက်ပွဲမတိုင်ခင်က ပြောကြ၊ မဲဆွယ်စည်းရုံးမှုထဲမှာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ်ဆိုပြီးတော့ ဦးစားပေးစာရင်းထဲမှာပါတယ်။ ဒါပေမဲ့ အခုလို မြန်မာအလုပ်သမားတွေ ခေါင်းပုံဖြတ်ခံနေရတာ၊ ဂုတ်သွေးစုပ်ခံနေရတာ၊ လူမှောင်ခိုကူးခံနေရတာ၊ တရားဝင်နည်းလမ်းနဲ့ တရားဝင် လူမှောင်ခိုကူးခံနေရတာတွေကို တိုက်ဖျက်ဖို့အတွက် ဒီလူသွင်းလူပို့တဲ့ အေဂျင်စီတွေကို ကျနော်တို့က အရေးယူရမလား။ အကျင့်ပျက်ခြစားမှု ရှိနေတဲ့ ဝန်ထမ်းတွေ - သံရုံးပဲဖြစ်ဖြစ်၊ ဒီဘက်က အလုပ်သမားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကို အရေးယူရမှာလား။ ဘာကို ကျနော်တို့ အဓိက ဦးစားပေးလုပ်ရင် ပြေလည်မယ်လို့ ထင်သလဲ။

ဖြေ ။ ။ အရေးယူဆောင်ရွက်လို့ ဇာတ်လမ်းက ပြီသွားမှာ မဟုတ်ဘူး။ မူဝါဒကို ပြောင်းလဲပြစ်ရမယ်။ မူပေါ် မူတည်မယ်လို့ ထင်တယ်။ ဆိုတော့ ကျနော် စောစောက ပြောသလို ၂၀၁၆ ဇွန်လ (၂၅) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းက ပြည်ပကို အလုပ်သမားတွေ တင်ပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး - တခါတည်း အလုပ်သမားအတွက်နဲ့ တိုင်းပြည်ဂုဏ်သိက္ခာအတွက် တကြိမ်တည်း အကျိုးရှိစေမယ့် Proposal တခုကို တင်ပြခဲ့တယ်။ အဲဒါ ဘာလဲဆိုတော့ ရပ်ကျေးနဲ့အပေါင်း၊ အလညအပေါင်း၊ ဘဏ် ညီမျှချင်း (=) MOU. ရပ်ကျေးဆိုတာကတော့ ကျေးရွာအုပ်စုကဖြစ်စေ၊ မြို့ပေါ်အုပ်စုကဖြစ်စေ နိုင်ငံခြားကို သွားချင်တဲ့ အလုပ်သမားတယောက်ရဲ့ အချက်အလက်သည် ရပ်ကျေးဥက္ကဋ္ဌနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆို မြန်မယ်။ သူတို့ရဲ့ အချက်အလက်တွေကို အလည လို့ခေါ်တဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနေ စာရင်းဇယာတွေယူမယ်။ အချက်အလက်တွေယူမယ်။ အဲဒီ အလုပ်သမားတွေ ကိုရီးယားသွားမလား။ ထိုင်းသွားမလား။ အဲဒီအလုပ်သမားအတွက် အမှန်တကယ် ကုန်ကျမယ့်စရိတ်ကို အတိုးနဲ့ဖြစ်စေ၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဘဏ်တခုက စိုက်ထုတ်မယ်။ စိုက်ထုတ်တဲ့အချိန်မှာ တကယ့်ကို အဲဒီကြားထဲမှာ အကျင့်ပျက်ခြစားမှုနဲ့ ခေါင်းပုံဖြတ်စားမှုဆိုတာ မရှိတော့ဘူး။ ပွဲစားဆိုတဲ့ လူတန်းစားက မရှိတော့ဘူး။ မရှိတဲ့အတွက် အစိုးရ အမှန်တကယ်ပို့တဲ့အခါမှာ အစိုးရ တကယ်သတ်မှတ်ထားတဲ့ Demand letter ခေါ်တဲ့ အလုပ်သမားခေါ်စာက အမှန်အကန်လူလက်ထဲ ရောက်သွားမယ်။ ရောက်သွားတော့ သူက အစိုးရနဲ့တဆင့် ပူးပေါင်းပြီး ဘဏ်နဲ့ ပို့ထားတဲ့ ငွေဖြစ်တဲ့အတွက် အလုပ်သမားရဲ့ အချက်အလက်၊ ငွေကြေးလည်ပတ်မှုတို့က ဘဏ်နဲ့ မြန်မာသံရုံးတို့က လာမှာဖြစ်တဲ့အတွက် အလုပ်သမားတွေဆီ၊ မိသားစုတွေဆီ ငွေတွေ လုံလုံခြုံခြုံ ရောက်သွားမယ်။

မေး ။ ။ နိုင်ငံတော်အစိုးရကလည်း အခွန်ကောင်းကောင်းမွန်မွန် ပြည့်ပြည့်ဝဝ ရရှိနိုင်တယ်။

ဖြေ ။ ။ နိုင်ငံတော်အစိုးရ ရမယ်။ ခေါင်းပုံဖြတ်မှုလည်း ပျောက်သွားမယ်။ ကျနော် အဲဒီမူကို တင်ပြခဲ့တယ်။ (၂) နှစ် ရှိသွားပြီ။ အဲဒီအချိန်တုန်းက ပြောခဲ့တဲ့ တာဝန်ရှိတဲ့ လူကြီးကိုယ်တိုင် အလုပ်သမားဝန်ကြီးကိုယ်တိုင် ပါပေမယ့် ဒီနေ့ဒီအချိန်အထိ အဲဒီစီမံကိန်းတခုက အကောင်အထည် မဖော်ခဲ့ဘူး။ လူပြောင်းရုံနဲ့ မရဘူး။ မူကို ပထမဦးဆုံး ပြောင်းဖို့လိုတယ်။ ပြီးတော့မှ ခေါင်းစဉ်တခုတည်းကို မူတည်ပြီးတော့ တကယ့်ကိုလုပ်မယ့် လူလည်းပဲ လိုအပ်ပါတယ်။ အခုက အစိုးရသာ ပြောင်းပေမယ့် လုပ်ရိုးလုပ်စဉ်အတိုင်းက MOU လောကတခုနဲ့ အလုပ်သမားတွေကို စီမံခန့်ခွဲနေတာ အရင်တုန်းက မူအတိုင်းပဲ သွားနေတာ ကျနော်တို့ တိုင်းပြည်အတွက် မကောင်းဘူးလို့ ကျနော် ပြောချင်တယ်။

မေး ။ ။ ဦးကျော်သောင်းတို့လို ထိုင်းနိုင်ငံအတွင်းမှာ အလုပ်သမားအရေးကို လုပ်နေကြတဲ့ အဖွဲ့အစည်းတွေ ရထားတဲ့ ဂဏန်းက ကျနော်တို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမား အရေအတွက်ဟာ ဘယ်လောက်လောက်များ ထင်သလဲ။ ခန့်မှန်းခြေ ပြောကြတယ်။ နံပတ်တွေ အမျိုးမျိုးရှိကြတယ်။

ဖြေ ။ ။ အစိုးရ တရားဝင်ထုတ်ပြန်ထားတာကတော့ MOU နဲ့ ထွက်တာရယ်၊ ထိုင်းဘက်မှာ နေထိုင်လုပ်ကိုင်နေတာ သုံးသန်းကျော်တယ်။ ဒါပေမဲ့ နေ့တဓုဝ တရားဝင်၊ တရားမဝင် သွားလာလုပ်ကိုင်နေတာကိုကြည့်ရင် လေးသန်းထက် မနည်းဘူး၊ လေးသန်းကျော်လောက် ခန့်မှန်းထားကြတယ်။ အဲဒီအရေအတွက် ဒီလောက်အများကြီးကို အစိုးရကတော့ ပြောမှာပေါ့ ထိုင်းမှာဆို အလုပ်သမားသံအရာရှိ (၅) ယောက် ပို့ထားတယ်။ မလေးရှားမှာလည်း ရှိတယ်။ ဒီလို အနေအထားနဲ့ ဘယ်လိုမှ မကြီးကြပ်နိုင်ဘူး။ အဓိက မြန်မာသံရုံးက နာမည်ခံထားတဲ့ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားသံအရာရှိနဲ့ နံပတ်တစ် ပူးပေါင်းဆောင်ရွက်နေတာ အလုပ်သမား ပွဲစားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ ပွဲစားလူတန်းစားတွေက အလုပ်သမားတွေဆီ သွားတဲ့အခါမှာ သံရုံးကဆိုတဲ့ နာမည်ကို အလွဲသုံးစား လုပ်ကြတယ်။ ဆိုတဲ့အခါမှာ သံရုံးဆိုတာ နဂိုကတည်းကမှ အလုပ်သမားတွေက အရမ်းကိုအဆင့်ကွာဝေးတဲ့ဟာ။ ပွဲစားက သံရုံးကလို့ ပြောတယ်။ အလုပ်သမားသံအရာရှိကိုယ်တိုင်က ပွဲစားတွေနဲ့သွားတော့ အလုပ်သမားတွေမှာ ကာကွယ်မယ့်သူ မရှိတော့ဘူး။ ပွဲစားကိုလည်း ကြောက်ရ၊ သံရုံးကလူလည်း ကြောက်ရဆိုတော့ သူတို့မှာ ပြေးရုံမှတပါး ထိုင်းတွေ လုပ်ချင်တာကို ခံရုံမှတပါး ဘာမှမရှိတော့ဘူး။

ဒါက အရမ်းဝမ်းနည်းစရာကောင်းတဲ့ အခြေအနေပါ။ ဆိုတော့ လက်ရှိရောက်နေတဲ့ သံအမတ်ကြီးရောက်တော့ ကျနော်တို့ တင်ပြတယ်။ အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီကို ပြန်လည်ပြီးတော့ အသက်သွင်းပါ။ ပြီးတော့မှ ကျနော်တို့တွေရဲ့ အတွေ့အကြုံလေးတွေကို ယှဉ်ပြီးတော့မှ ဘယ်လိုကောင်းအောင် စီမံခန့်ခွဲကြမလဲဆိုတာကို တင်ပြပေမယ့် လက်ရှိရောက်နေတဲ့ သံအမတ်ကြီးက အလုပ်သမားအရေးကိစ္စကို လုံးဝကို စိတ်ဝင်စားတဲ့ဟန် မပြဘဲနဲ့အပြင် အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ မတွေ့တဲ့အပြင် အလုပ်သမားဝန်ကြီးဌာနက လွှတ်ထားတဲ့ အလုပ်သမားသံအရာရှိတွေဘက်ကိုပဲ သူက တည့်ပေးလိုက်တယ်။ အလုပ်သမားသံအရာရှိရဲ့ ဦးတည်ချက်က ပွဲစားတွေနဲ့ အလုပ်သမားတွေကြားသွားမယ်။ ပွဲစားတွေနဲ့ပဲ Deal လုပ်တာ။ အလုပ်သမားအရေးကိစ္စကို လုပ်မယ့်အစိုးရ ဝန်ကြီးဌာနတခုသည် အလုပ်သမားရေး အတွေ့အကြုံရှိသူတွေနဲ့ စကားစမြည်းမပြောတာ။ အလုပ်သမားရေးလုပ်မယ့် ဝန်ကြီးဌာနသည် အလုပ်သမားတွေရဲ အတွေ့အကြုံကို မလုပ်တာ။ ဥပမာ ဝန်ထမ်းစည်းကမ်းကိုလုပ်မယ့် ဝန်ကြီးဌာနသည် ယာဉ်မောင်းတဲ့ လူတွေနဲ့ စကားမပြောတာ။ ကျနော်တို့ နိုင်ငံခြားအတွေ့အကြုံနဲ့ဆိုရင် တော်တော်ကို လွဲတယ်လို့ထင်တယ်။

မေး ။ ။ သူတို့လုပ်နေတာ စည်းကမ်းမကျဘူး။ နည်းလမ်းမကျဘူး ဖြစ်နေတာပေါ့။

ဖြေ ။ ။ နည်းလမ်းမမှန်ဘူး။ အမေရိကန်လို နိုင်ငံ၊ EU တို့က UK တို့လို လူကုန်ကူးမှု ကြီးကြပ်ရေးအဖွဲ့တွေ၊ UN တို့က ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တယ်။ အချက်အလက်တွေကို ရယူတယ်။ ကျနော်တို့ဆီက အကြံဉာဏ်တွေ၊ အကူအညီတွေ ရယူတယ်။ ဒါပေမဲ့ မြန်မာအစိုးရကြတော့ ကျနော်တို့ဆီက အတွေ့အကြုံကို တစုံတရာ ယူရကောင်းမှန်း မသိတာလား။ မယူချင်တာလား မသိဘူး။ လက်ရှိအခြေအနေက အလုပ်သမားတွေအတွက် မကောင်းဘူး။

မေး ။ ။ ဦးကျော်သောင်း ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ ။ ။ VOA ကို အခုလို ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။