HIV/AIDS ဂေဟာအလှူကြောင့် အနုပညာရှင်တချို့ ယာယီပိတ်ပင်ခံရ

  • သင်းသီရိ

HIV/AIDS ဂေဟာအလှူကြောင့် အနုပညာရှင်တချို့ ယာယီပိတ်ပင်ခံရ

NLD လူမှုထောက်ကူပြုအဖွဲ့က လူငယ်တွေဖွင့်လှစ်ထားတဲ့ HIV/AIDS ဝေဒနာရှင် ကူညီစောင့်ရှောက်ရေး ဂေဟာကို သွားခဲ့ကြတဲ့ အနုပညာရှင်တချို့ရဲ့ အနုပညာလုပ်ငန်းတွေကို MRTV 4 ရုပ်သံဌာနအနေနဲ့ ခေတ္တရပ်ဆိုင်းထားဖို့အတွက် ပြန်ကြားရေးဌာနက ညွန်ကြားထားပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေကို တိုက်ရိုက် အသိပေးအကြောင်းကြားတာမျိုးတော့ ခုချိန်ထိ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က တောင်ဒဂုံမှာရှိတဲ့ HIV/AIDS ဝေနာရှင်တွေ ကူညီရေးဂေဟာမှာ နေထိုင်ကြတဲ့ ဝေဒနာရှင်တွေကို အလှုဒါနပြုခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထုတ်လုပ်ရေး အစီအစဉ်တွေ ရှိမယ်ဆိုရင် ခေတ္တရပ်ဆိုင်းထားဖို့ ပြန်ကြားရေးဌာနက MRTV 4 ရုပ်သံဌာနကို ညွန်ကြားထားပါတယ်။ အဲဒီကနေတဆင့် ပြန်ကြားရေးဝန်ကြီး ဌာနအောက်မှာရှိတဲ့ FM ရေဒီယိုအပါအဝင် အချင်းချင်း နှုတ်နဲ့သတိပေးတဲ့ သဘောမျိူးဖြစ်ပြီး တရားဝင် စာရွက်စာတမ်းနဲ့ ညွန်ကြားချက် ထွက်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီသတင်းက ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကတည်းက အတော်လေး ပျံ့နှံ့နေခဲ့ပြီး အခုတော့ MRTV 4 ကို ခေါ်ပြီး သတိပေးတာ တွေ့ရတယ်လို့ ယာယီ ဟန့်တားခံရတဲ့ စာရင်းထဲမှာပါနေသူတဦး ဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော်က ပြောပါတယ်။

“တိတိကျကျကြီး စာနဲ့ပေနဲ့လို့တော့ မကြားဘူးဗျာ။ MRTV 4 မှာ သူတို့ program တွေ၊ အင်တာဗျူးတွေကို သက်ဆိုင်တဲ့ အနုပညာသမားတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှမလုပ်ဖို့။ သူတို့ personal ညွှန်ကြားတယ်လို့ကြားတယ်။ ဒါကတော့ ထုံးစံပဲဗျာ။ အရင်လုပ်ခဲ့တာ ကိုမေတ္တာတို့၊ ကိုကျော်သူ တို့တုန်းကလည်း စာနဲ့ပေနဲ့တော့ သူတို့က ထုတ်တာမဟုတ်ဘူး။ နုတ်နဲ့ပဲ ညွှန်ကြားတာမျိုးတွေ လုပ်တတ်တယ်ဗျ။ အခုလည်း အဲဒီလိုပဲဗျ။ ဒါပေမဲ့ အခုဟာက ကျနော်တို့ကြားတာကတော့ အင်တာဗျူးတို့၊ program တို့ကို မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ပဲ၊ ဒါက တဆင့်စကား တဆင့်နားနဲ့ကြားတာပါ။”

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်ပြီး အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက် စာရေးဆရာမ သန်းမြင့်အောင်၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ တေးရေးဆရာ ကိုရဲလွင် တို့ဟာ လူနာရှင်တွေကို အကျွေးအမွေးနဲ့ အလှူအတန်းတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ဒီအလှူကို မသွားဖြစ်ကြတဲ့ ဒါရိုက်တာ ချိူတူးဇော်နဲ့ ဒါရိုက်တာ မောင်မျိူးမင်း (ရင်တွင်းဖြစ်) တို့ရဲ့ နံံမည်တွေလည်း စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ ဒါရိုက်တာ မောင်မျိူးမင်း (ရင်တွင်းဖြစ်) ကတော့ သူရဲ့ အငြိမ့်ခွေနဲ့ ပတ်သက်ပြီး အခုလို ခေတ္တရပ်နားခံရတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

အခုလို သတင်းတွေထွက်လာပေမဲ့ ကာယကံရှင်တွေ ဖြစ်ကြတဲ့ အနုပညာရှင်တွေဆီကို တိုက်ရိုက် အကြောင်းကြားတာ မရှိသေးသလို ခုချိန်ထိတော့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေ ဟန့်တားခံရတာ၊ ရပ်တန့်သွားတာမျိုး မရှိဘူးလို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

“အခုထက်ထိတော့ ကျနော်တို့ကို တိတိကျကျပေါ့နော်၊ တာဝန်ရှိတဲ့တစုံတယောက်က ဖုန်းနဲ့သော်လည်းကောင်း၊ စာတွေဘာတွေ ထုတ်ပြီးတော့သော်လည်းကောင်း အကြောင်းကြားတာ အခုထိတော့ မရှိသေးဘူးခင်ဗျ။ သူများတွေ ပြောနေတာကို ကျနော်တို့လည်း သူများတွေလိုပဲ ကြားနေတဲ့ဟာပဲ ရှိတာပေါ့။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ဒါ စတုဒီသာကျွေးကြတဲ့လ၊ အဲဒီမှာ ကျနော်တို့သွားပြီးတော့ စတုဒီသာသဘောမျိုး ဒံပေါက်ကျွေးတယ်။ ပြီးတော့ အနုပညာ ချွေးနည်းစာနဲ့ ကျနော်တို့ ရှာဖွေထားတဲ့ ဟာတွေထဲကနေ ကျနော်တို့ ဒီလိုပဲ ဖဲ့ပြီးတော့ ဒီဝေဒနာသည်တွေကို လှူဒါန်းတဲ့အတွက် မလုပ်ရတော့ဘူးဆိုတဲ့အထိ ဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ လုံး၀ မထင်ပါဘူး။”

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဖြစ်ပါတယ်။ အခြား အနုပညာရှင်တွေကိုလည်း ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ သူတို့ကို အသိပေး အကြောင်းကြားတာမရှိဘူးလို့ ပြောသလို စာပေစိစစ်ရေးကိုလည်း တရားဝင် ညွှန်ကြားချက် မထွက်သေးပါဘူး။ တကယ်တော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေနဲ့ အလှူအတန်းပြုတာဟာ အပြစ်ဖြစ်စရာတခု မဖြစ်ပေမဲ့ ဒီဂေဟာကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်သွားရောက် အားပေးခဲ့တဲ့နေရာဖြစ်သလို လူနာတွေကိုလည်း အကူအညီပေးကြဖို့အတွက် မေတ္တာရပ်ခံထားတာမိုလို့ နောက်ထပ် အနုပညာရှင်တွေက ဒီလုပ်ငန်းတွေ အပေါ်မှာ အာရုံစိုက်လာမှုတွေ မဖြစ်လာအောင်၊ စိတ်ဝင်စားမှုတွေ မများလာအောင်လို့ ဟန့်တားခြိမ်းခြောက်တဲ့သဘောမျိုး ဖြစ်မယ်လို့လည်း သုံးသပ်ကြပါတယ်။

“တကယ်ကို စိတ်ထဲက နှစ်နှစ်ကာကာနဲ့ ယုံယုံကြည်ကြည်နဲ့လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေ အဖို့ကတော့ ဒါ ဘယ်သူ့မှကို ထည့်စဉ်းစားကြမှာမဟုတ်ပါဘူး။ ကိုယ့်ယုံကြည်ချက် အတိုင်းပဲ လုပ်ကြမှာပဲ။ ယုံကြည်ချက် ပြင်းထန်တဲ့သူတွေအတွက်ကတော့လေ ဘယ်သူ့အတွက်မှာ စဉ်းစားဖြစ်မှာ မဟုတ်ဘူး။ သူတို့ယုံကြည်ချက်အတိုင်း ဆက်သွားကြမယ်လို့ ကျနော် ထင်ပါတယ်။”

ဒါရိုက်တာ ချိုတူးဇော် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နံမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကိုလည်း သူ့ရဲ့ လူမှုရေးလုပ်ငန်းတွေကြောင့် အနုပညာလုပ်ငန်းတွေ ရပ်ဆိုင်းထားခံရတာရှိသလို နံမည်ကြီးသရုပ်ဆောင် ကိုမေတ္တာ ဆိုရင်လည်း ခေတ္တယာယီ ရပ်ဆိုင်းခံရတဲ့ အခြေအနေမျိုးတွေ ကြုံခဲ့ရပါတယ်။ ဒီလိုပါပဲ မြန်မာ့စာပေလောကထဲမှာဆိုရင်လည်း စာရေးသားခွင့်တွေ ပိတ်ပင်ခံထားရတဲ့ အနုပညာရှင်တွေ အများအပြား ရှိပါတယ်။