မြန်မာပြည်က HIV ဝေဒနာရှင်တွေရဲ့ ဆေးဝါးအခက်အခဲ

ရန်ကုန် ဆင်ခြေဖုံးအရပ်က HIV ဝေဒနာရှင် ကူညီ စောင့်ရှောက်ရေး ဂေဟာတခုမှာ ခိုလုံနေတဲ့ HIV ဝေဒနာရှင်တဦး။ (စက်တင်ဘာလ ၁ ရက်၊ ၂၀၁၂)။

Burma HIV Patients suffer as only sickest get drugs (10-21-12 Sunday PM) KP
မြန်မာနိုင်ငံမှာ HIV/AIDS ခုခံအား ကျဆင်းတဲ့ရောဂါ ဝေဒနာ ခံစားနေရတဲ့သူ ခန့်မှန်းချေ ၂ သိန်း ၄ သောင်း လောက် ရှိပါတယ်။ ဒါပေမဲ့ ဒီအရေအတွက် တဝက်လောက်ဟာ ဆေးဝါးကုသမှု မရကြဘဲ ရောဂါ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရသူတွေ လောက်သာ ကုသမှုတွေကို ရရှိကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက HIV/AIDS ရောဂါဝေဒနာရှင်တွေရဲ့ ဘ၀ အခြေအနေတွေကိုတော့ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

ရန်ကုန်မြို့ပြင်မှာရှိတဲ့ HIV ဝေဒနာသည်တွေကိုကူညီတဲ့ ဂေဟာတခုက ဆောက်ထားတဲ့ အဆောက်အဦး ငယ်လေး နှစ်ခုထဲမှာ ကျပ်ကျပ်သိပ်သိပ် ခိုလုံနေကြတဲ့ အိပ်ချ်အိုင်ဗွီဝေဒနာရှင် ၂၀၀ မှာ အတော်များများကတော့ သေဖို့အတွက် စောင့်နေရုံ သက်သက်လို ဖြစ်နေပါပြီ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကူအညီနဲ့ ဖွင့်ထားတဲ့ ဒီ အိပ်ချ်အိုင်ဗွီ ရောဂါသည်တွေ ခိုကိုးရာ ဂေဟာမှာ ဆရာဝန်တွေ၊ သူနာပြု ဘယ် ဆေးဝန်ထမ်းမှာ ရှိမနေပါဘူး။ ဝေဒနာရှင်တွေ အချင်းချင်း ကူညီရိုင်းပင်းပြီး နေထိုင်နေကြရတာ ဖြစ်ပါတယ်။

မိဘတွေ သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ ဝေဒနာရှင် ကလေးငယ်တွေလည်း လူတွေ ပြည့်သိပ် မွမ်းကျပ်နေတဲ့ အခန်းလေးတွေထဲမှာပဲ ဖိနပ်မပါ ဆော့ကစားနေကြတာပါ။ ဖျားနာနေတဲ့သူတွေ၊ တချို့ဆိုရင် အသက်ရှူနေတာက လွဲလို့ လူသေရုပ်ကြွင်းတပိုင်း ဖြစ်နေကြတဲ့သူတွေလည်း ကြမ်းပြင်ပေါ်မှာ တန်းစီပြီး လဲလျောင်းနေကြရတာပါ။ ဒီလူတွေကို အနားမှာ ပြုစုစောင့်ရှောက်ပေး နေကြတဲ့ သူတွေ ကိုယ်တိုင်ကလည်း ဒီရောဂါ ကူးစက်ခံထား ရသူတွေပါ။ အနားမှာ နာရီနဲ့ချီ ထိုင်ပြီး ယပ်ခပ်ပေးရုံ၊ ကူညီလုပ်ကိုင်ပေး ရုံကလွဲလို့ သူတို့တွေလည်း ဘာမှ မလုပ်ပေးနိုင်ကြပါဘူး။

အိပ်ချ်အိုင်ဗွီ ဝေဒနာရှင်တွေနဲ့ ပတ်သက်ပြီး အမြင်မကျယ်နိုင်သေးဘဲ ခွဲခြား ဆက်ဆံမှုတွေ များဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီလို ဝေဒနာရှင်တွေအတွက် ကူညီစောင့်ရှောက်ရေး ဂေဟာတွေကသာ အကောင်းဆုံးနဲ့ တခုတည်းသော ခိုလုံရာ နေရာ ဖြစ်ပါတယ်။ ဒီဂေဟာတွေက ဝေဒနာရှင်တွေကို အသက်အရွယ်မရွေး ကူညီ စောင့်ရှောက် ပေးပါတယ်။ ခင်ပွန်းဖြစ်တဲ့သူ ဖျားနာပြီး အိပ်ချ်အိုင်ဗွီ ရောဂါ ရှိနေတယ် ဆိုတဲ့နောက် သူကိုယ်တိုင်မှာလည်း ဒီရောဂါ ရှိနေပြီဆိုတာကို သိလိုက်ရတဲ့ အသက် ၃၆ နှစ်အရွယ် ရောဂါသည်တစ်ဦးက သူ့ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ကိုယ်တွေ ဒီဆေးတွေကို သောက်နေပေမဲ့ ဆိုးကျိုးတွေနဲ့ ကြုံသွားရင် ဒီကလေးတွေ အတွက်ကို စိုးရိမ်တာ။”

သူ့မှာက ၆ နှစ်ရွယ် နဲ့ ၆ လသာ ရှိသေးတဲ့ ကလေးငယ် နှစ်ယောက် ရှိနေတာပါ။
ဒီလိုပဲ အိပ်ချ်အိုင်ဗွီ ဂေဟာမှာပဲနေထိုင်ရင်း သူတို့ရဲ့ ကလေးငယ်ကို မွေးခဲ့တဲ့ ဝေဒနာရှင် ဇနီးမောင်နှံ ကလည်း သူတို့ ကလေးငယ် နောင်ရေး စိုးရိမ်နေတာပါ။

“ကိုယ်တွေကတော့ ဖြစ်တဲ့သူ ဆိုတော့ ဖြစ်တဲ့အတိုင်းပေါ့။ ကလေးကတော့ ကိုယ်အသက်ရှင်တဲ့ ကာလပတ်လုံး လုပ်ပေးနိုင်သလောက် အဆင့်ထိတော့ လုပ်ပေးသွားမယ်။”

အိပ်ချ်အိုင်ဗွီ ဝေဒနာရှင်တွေကို ကုသပေးတဲ့ အေအာဗွီ ဆေးဝါးဟာ အရင်က အနောက်နိုင်ငံတွေမှာ သာ သုံးနိုင်တာ ဖြစ်ပေမဲ့လို့ အခုတော့ ဆင်းရဲတဲ့ နိုင်ငံတွေမှာလည်း ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်လို့ရနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချ်အိုင်ဗွီ ရောဂါဟာ တချိန်က အာဖရိက ဒေသမှာ ကလေးငယ်ပေါင်း ထောင်နဲ့ချီကို မိဘမဲ့စေခဲ့တဲ့၊ လူတွေ အများအပြားကို သတ်ခဲ့တဲ့ ရောဂါအဖြစ် ရှိမနေတော့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ ကတော့ ထူးခြားတဲ့ ဖြစ်ရပ်တခု အနေနဲ့ ဒီဆေးဝါးရှားတဲ့ နေရာတခု ဖြစ်နေတာပါ။ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်မှာ အမှောင်ဖုံးခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ သန်း ၆၀ ကျော် လူထုအတွက်တော့ တခြား အကူအညီလိုအပ်တဲ့ နိုင်ငံတွေမှာလည်း နိုင်ငံတကာ အကူအညီတွေ မရှိခဲ့ပါဘူး။ ဒါကြောင့် ဆေးဝါးနဲ့ ကုသရေး ဝန်ဆောင်မှုတွေ မရှိသလောက် ဖြစ်နေရတာပါ။

ဒါကြောင့်လည်း ခုလို အိပ်ချ်အိုင်ဗွီ ဂေဟာတွေမှာ နေထိုင်ပြီး ရောဂါသည် အချင်းချင်း ဖေးမ ကူညီမှုတွေနဲ့ အိပ်ချ်အိုင်ဗွီ ဝေဒနာရှင် အများအပြား နေထိုင်နေကြရတာပါ။

“ဒီမှာကတော့ ဝိုင်းလုပ်ဝိုင်းစား အချင်းချင်း ကူညီခြင်းပါပဲ။ ဝိုင်းလုပ်ဝိုင်းစားပါပဲ။ ကောင်းသွားတဲ့ လူနာတွေက မကောင်းသေးတဲ့ လူနာတွေ အပေါ်မှာ ကူညီမှု များစွာနဲ့ ကိုယ်ချင်းစာနာစိတ် များစွာနဲ့ ကူညီပေးရပါတယ်။ ဒါဟာ ဒီက လုပ်ငန်းတခုပါပဲ။”

သူကိုယ်တိုင် ရောဂါ ခံစားနေရပြီး အိပ်ချ်အိုင်ဗွီ ရောဂါ ကူးစက်ခံထားရတဲ့ မိဘမဲ့ ကလေးငယ် တဦးကို လည်း မွေးစားထားတဲ့ ဝေဒနာရှင်တဦး ပြောသွားတာပါ။

မြန်မာနိုင်ငံဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အိပ်ချ်အိုင်ဗွီ ဝေဒနာရှင်တွေအတွက် အခက်ခဲဆုံး တိုင်းပြည်တခု ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းခဲ့တဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု စနစ် ပြန်လည် ကောင်းမွန်အောင် တည်ဆောက်ဖို့ နှစ်တွေ အတော်ကြာ အချိန်ယူရဦးမှာ ဖြစ်တယ် လို့ ကျန်းမာရေး ပညာရှင်တွေကလည်း သတိပေး ပြောဆိုနေကြပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး ဆေးဝါး ကုသမှု လိုအပ်နေတဲ့ အိပ်ချ်အိုင်ဗွီ ဝေဒနာရှင် ၇၅ % အတွက် အကူအညီတွေ ရအောင် လမ်းဖွင့်ပေးဖို့နဲ့ နိုင်ငံတကာကနေ အကူအညီတွေ တိုးမြင့်တောင်းခံဖို့ Global Fund အဖွဲ့က တိုက်တွန်းနေပါတယ်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ကလည်း နိုင်ငံထဲက ဝေဒနာရှင် တဝက်ကျော် အတွက် ဆေးဝါး ဖြန့်ဖြူးပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ကြိုးစားမှုတွေ ရှိနေပေမဲ့လို့ အကူအညီတွေကတော့ လိုအပ်သလောက် မပြည့်မီနိုင်ဘဲ ဖြစ်နေတာပါ။

မြန်မာနိုင်မှာ အိပ်ချ်အိုင်ဗွီ ဝေဒနာရှင် ခန့်မှန်းချေ ၂ သိန်း ၄ သောင်းလောက် ရှိပြီး သူတို့ထဲက တဝက်ကျော်ဟာ ဆေးဝါးကုသမှု မရကြဘဲ၊ နှစ်စဉ် အိပ်ချ်အိုင်ဗွီ ရောဂါကြောင့် သေဆုံးသူ ၁ သောင်း ၈ ထောင် ရှိတယ်လို့ UNAIDS အဖွဲ့က ဆိုပါတယ်။

MSF အဖွဲ့က ဖွင့်ထားတဲ့ ဆေးခန်း ၂၃ ခုမှာ ဆေးဝါး မလုံလောက်မှုကြောင့် နေ့စဉ် ဆေးခန်း ကနေ ပြန်သွားခိုင်းနေရတဲ့ လူနာတွေ အများအပြား ရှိနေပါတယ်။ မဖြစ်မနေ ဆေးဝါး ကုသမှု ခံဖို့ လိုအပ်တဲ့အဆင့်ကို သွေးထဲမှာ ဒီရောဂါ ခံနိုင်ရည်အား သတ်မှတ်တဲ့ CD4 ၁၅၀ ရှိတဲ့ သူတွေကိုပဲ အဓိက လက်ခံ ကုသပေးနိုင်တာ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ကို ကြည့်ပြီး လူနာတွေကို ပြန်လွှတ်ဖို့ ဆုံးဖြတ်ရတာ တကယ်တော့ နာကျင်စရာ ကောင်းတယ်လို့ MSF အဖွဲ့ တာဝန်ခံ တဦးဖြစ်တဲ့ ဒေါက်တာ သင်းသင်းသွယ် က ပြောပါတယ်။

“လူနာတွေကို လက်ခံ ကုသမှု မပေးနိုင်လို့ နေ့စဉ် ကျမတို့ ပြန်သွားခိုင်းနေရတာတွေ ရှိပါတယ်။ ဒါက သူတို့တွေ တနေ့တခြား ရောဂါဝေဒနာဒဏ် ပိုပြီး ခံစားခွင့် ပေးလိုက်ရ သလိုပါပဲ။ သူတို့ရဲ့ ခံနိုင်ရည်အား CD4 ၁၅၀ အောက် ကျသွားပြီးရင် ဒီလူတွေ အသက်ရှင်ခွင့်ရမယ် မရဘူး ကျမတို့လည်း မသေချာပါဘူး။ ဒီ အခြေအနေက ကျမတို့အတွက် အဓိက စိန်ခေါ်မှုပါ။ CD4 ၁၅၀ အထက် ရှိတဲ့ ဝေဒနာရှင်တွေကို ပြန်လွှတ်ဖို့ ဆုံးဖြတ်ရတာ ကျမတို့အတွက်လည်း သိပ်ကို နာကျင်ရပါတယ်။” - လို့ ဒေါက်တာ သင်းသင်းသွယ်က ပြောသွားတာပါ။

ရန်ကုန်မြို့ တခုတည်းမှာတင် လစဉ် ဆေးကုသမှုခံသင့်တဲ့ ဝေဒနာရှင် ၁၀၀ လောက် ဆေးကုသမှု မရဘဲ ဖြစ်နေတယ်လို့ MSF အဖွဲ့က ပြောပါတယ်။ ခုလို ဆေးဝါး ကုသမှု မရတာက သူ့ကို အကြီးအကျယ် စိတ်ထိခိုက်မှု ဖြစ်စေတယ်လို့ ဒီရောဂါ ကူးစက်ခံနေရတဲ့ အရာခံဗိုလ်တဦး က ပြောပါတယ်။

“ဆေးမသောက်ရတော့ ရေရှည်မှာ ရပ်တည်ဖို့ မလွယ်တော့ဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကိုယ်ခံအားက ပြောမယ်ဆိုရင် တနေ့တကြိမ် ကျ ကျလာတာကိုး။ အဲဒီတော့ ကိုယ်ခံအားကျမယ် ဆိုရင် သူများတန်းတူ မလုပ်နိုင်ဘူး။ မလုပ်နိုင်ရင် တပ်က ထွက်ရတော့မယ်။ တပ်က သိသွားရင်တော့ ထွက်ရတာကတော့ သိပ်တော့ ဘာမှ မပြောပလောက်ပေမဲ့ ဘာဖြစ်မလဲဆိုရင် အရှက်ကွဲမှာပေါ့နော်၊ လူကြားထဲမှာ။”

သူ ဒီရောဂါ ခံစားနေရတယ်ဆိုတာကို လူတွေ မသိစေဖို့မှာ ဆေးဝါး ကုသမှုရဖို့က သူ့အတွက် အရေးကြီးနေတာပါ။ ပထမအကြိမ် ဆေးစစ်မှုမှာ သူ့ရဲ့ ခံနိုင်ရည်အား CD4 ၄၆၀ ရှိခဲ့ပြီး ဒုတိယအကြိမ် စစ်ဆေးမှုမှာတော့ ၂၈၉ သာ ရှိခဲ့တယ်လို့ အဲဒီ အရာခံဗိုလ်က ပြောပါတယ်။ အမေရိကန် လို နိုင်ငံမျိုးမှာ CD4 ၄၀၀ ရောက်နေပြီ ဆိုရင် ဒါကို မဖြစ်မနေ ဆေးဝါးကုသမှု ယူရမယ့်အဆင့်လို့ သတ်မှတ်ပေမဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာတော့ ဒီအဆင့်လောက် နဲ့ ဆေးဝါးကုသမှု မရကြပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက အိပ်ချ်အိုင်ဗွီ ရောဂါ ဝေဒနာသည်တွေ အတွက် ဆေးကုသမှု ခံရဖို့အတွက် စောင့်ဆိုင်းရတာဟာ တကယ့်ကို စိတ်ဖိစီးစရာ ကိစ္စတခုပဲ ဖြစ်ပါတယ်။