မြန်မာနိုင်ငံ ပြည်ပရင်းနှီးမြုပ်နှံမှု ကျဆင်း

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးမှု ပမာဏ ၄ ဒဿမ ၄ ရာခိုင်နှုန်းသာ ရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းပါတယ်

မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘဏ္ဍာရေးနှစ်မှာ ရင်းနှီးမြုပ်နှံမှုတွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘဏ္ဍာရေးနှစ်မှာ ရင်းနှီးမြုပ်နှံမှုတွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ကမ္ဘာနဲ့အဝန်း စီးပွားရေး ကျဆင်းမှုတွေကြားက ဒီလိုကျဆင်းမှုတွေရဲ့ အဓိက အကြောင်းရင်းတွေ အဖြစ်နဲ့ကတော့ စီးပွားရေး စီမံခန့်ခွဲမှုတွေမှာ ကျကျနန မဆောင်ရွက်နိုင်ပဲ ရှိနေတာ၊ စစ်အစိုးရက ဒီနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုပေမဲ့ နိုင်ငံရေး တည်ငြိမ်မှုရမယ့် အခြေအနေတွေဟာ မရေမရာ ရှိနေဆဲ ဖြစ်တာကြောင့်လို့ စီးပွားရေး အကဲခတ်တွေက ဆိုနေကြတာပါ။ တနှစ်တာ ဘဏ္ဍာရေးကာလအတွင်း မြန်မာ့စီးပွားရေး အတက်အကျ အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ပြည်ပရင်းနှီးမြုပ်နှံမှု ပမာဏဟာ ၃ ပုံ ၂ ပုံ ကျော်အထိ ကျဆင်းသွားခဲ့ကြောင်း အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရဲ့ ဇူလိုင်လထဲမှာ ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ ကုန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ရင်းနှီးမြုပ်နှံမှုအသစ် ၇ ခု ပါဝင်ပြီး၊ ဒီအထဲက ၄ ခုဟာတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းမှာ ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြုပ်နှံမှု စုစုပေါင်းရဲ့ ၈၈ ရာခိုင်နှုန်းအထိ နေရာယူထားပြီး ဒေါ်လာသန်း ၂၇၈ ဒဿမ ၆ သန်း တန်ဘိုးရှိတဲ့ ဒီလုပ်ငန်း ၄ ခုအနက် ၃ ခုကတော့ မလေးရှားနိုင်ငံကဖြစ်ပြီး ကျန် တစ်ခုကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကတော့ ဟော်တယ်နဲ့ ခရီးသွား လုပ်ငန်းတွေမှာ ဒေါ်လာ ၁၅ ဒဿမ ၂၅ သန်း၊ တရုတ်နိုင်ငံက သတ္ထုတူးဖော်ရေး လုပ်ငန်းမှာ ၁၅ သန်း နဲ့ ဟောင်ကောင်ကတော့ ကုန်ထုတ်လုပ်မှုမှာ ဒေါ်လာ ၆ သန်းဖိုး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ခဲ့တာပါ။

ဒီလို ရင်းနှီးမြုပ်နှံမှုတွေ မြန်မာနိုင်ငံထဲ ဝင်လာပေမဲ့လည်း ၂၀၁၀ ပြည့်နှစ် မတ်လ အထိ တနှစ်တာ ကာလအတွင်း အရင်တနှစ်က ဒေါ်လာ ၉၈၅ သန်း ရှိရာကနေ ၃၁၅ သန်းအထိ ၆၈ ရာခိုင်နှုန်း လျော့နည်းသွားခဲ့တာပါ။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံက သတ္တုတွင်းတူးဖော်မှု လုပ်ငန်းမှာ ၈၅၆ သန်းနီးပါး ရင်းနှီးမြုပ်နှံပြီး စုစုပေါင်း ပြည်ပရင်းနှီးမြုပ်နှံမှု ပမာဏရဲ့ ၈၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ အဲဒီလောက်အထိ မရှိခဲ့တာမို့ သိသိသာသာ လျော့နည်း သွားတာလည်း ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးကို လေ့လာစောင့်ကြည့်နေတဲ့ အမေရိကန်တက္ကသိုလ်က ဦးဇော်ဦး ကတော့ ကမ္ဘာနဲ့အဝန်း စီးပွားရေး ကျဆင်းမှုတွေနဲ့အတူ မြန်မာနိုင်ငံက စီးပွားရေးအခြေအနေ ခိုင်ခိုင်မာမာ မရှိတာတွေက ဒီလို အခြေအနေတွေကို ဖန်တီးခဲ့တာလို့ မြင်ပါတယ်။
“အဓိကပြဿနာကတော့ စီးပွားဆုတ်ကပ် ရှိတာရယ်၊ ကျနော်တို့ နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ပတ်ဝန်းကျင်ဟာ တခြားနိုင်ငံနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သိပ်ပြီးတော့ မက်လောက်စရာ မရှိတာရယ်၊ ဒီအတွက် ရင်းနှီးမြုပ်နှံသူတွေရဲ့ စဉ်းစားချက်မှာလည်း ကျနော်တို့ နိုင်ငံက ဦးစားပေး ဖြစ်မနေတာရယ် စတဲ့ စီးပွားရေးအရ စဉ်းစားချက်တွေက ပိုပြီးတော့ အရေးကြီးမယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေကတော့ ခုနှစ်ပိုင်းနဲ့ ပြီးခဲ့တဲ့ နှစ်တွေကစပြီးတော့ အထူးသဖြင့် အခြေခံ အဆောက်အအုံတွေရဲ့ တိုးတက်ဖြစ်ပေါ်မှုဟာ နှေးကွေးလာသလို၊ ငွေကြေး ဖောင်းပွမှုနှုန်းနဲ့ တခြား စီးပွားရေးအရ တိုးတက်နှုန်းတွေဟာလည်း တိုးတက်လာတဲ့ အနေအထားမျိုးတွေ မရှိပါဘူး။”

မြန်မာ့စီးပွားရေးအတွက် အဓိကဝင်ငွေရနေပြီး ရင်းနှီးမြုပ်နှံမှု ပမာဏအားဖြင့် အများဆုံးဖြစ်နေတာကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်းပဲ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရကတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာစဉ်ကစလို့ စွမ်းအင်ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အကြီးအကျယ်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာဆိုရင်၊ ရေနံစိမ်းစည်ပေပါ ၃ သန်း၊ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃ သိန်းခွဲနီးပါး ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မတ်လအထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကုန်းတွင်းလုပ်ငန်းတွေမှာ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် စာချုပ်ပေါင်း ၄၆ ခုကို လက်မှတ်ရေးထိုးပြီး ဖြစ်သလို၊ ကမ်းလွန်လုပ်ကွက်တွေမှာ စာချုပ်ပေါင်း ၃၀ ချုပ်ဆိုနိုင်ခဲ့တယ်လို့ ကြေညာထားတာပါ။ ဒါပေမဲ့လည်း ဒီလို သဘာ၀ အရင်းအမြစ်တွေအပေါ် အခြေခံတဲ့ လုပ်ငန်းတွေဟာ အကန့်အသတ်နဲ့သာ ရှိနေနိုင်တာမို့ ရင်းနှီးမြုပ်နှံမှုတွေကို အမြဲတန်းမျှော်လင့်နိုင်မှာတော့ မဟုတ်ဘူးလို့ ဦးဇော်ဦး က သုံးသပ်ပါတယ်။
“ဒီစီမံချက်တွေက အင်မတန်မှ ကြီးမားတဲ့ စီမံချက်တွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တခါတွေ့ပြီ၊ တခါလုပ်လို့ရပြီ ဆိုလို့ရှိရင်၊ တခြား ပြိုင်ဘက် ရင်းနှီးမြုပ်နှံတဲ့ သူတွေရော၊ တခြား အကွက်အကွင်းတွေမှာပါ ရှာဖွေလုပ်ကိုင်လိုတဲ့သူတွေ အတွက်ရော ဒါဟာ သိပ်လုပ်စရာ မရှိတဲ့ အခြေအနေကို ရောက်သွားစေတတ်ပါတယ်။ အခုအနေအထားအရဆိုရင် ရတနာ၊ ရဲတံခွန် အပါအဝင် ရခိုင်ကမ်းလွန်ဘက်မှာလည်း ရွှေဓာတ်ငွေ့တူးဖော်ရေးနဲ့ ပတ်သက်ပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေဟာ Saturated ပေ့ါလေ၊ ပြည့်သွားတဲ့ အတိုင်းအတာမှာ ရှိပါတယ်။ ဒီတော့ အဲဒီအပိုင်းတွေမှာ ရင်းနှီးမြုပ်နှံမှုအသစ် လာဘို့ဆိုတဲ့ဟာက သိပ်ပြီးတော့ မျှော်လင့်စရာ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ဈေးကွက်နဲ့ သူ့ရဲ့လိုအပ်ချက်နဲ့ လာပြီးတော့ အန္တာရာယ်နဲ့ ရင်းနှီးမြုပ်နှံမှု တခြား အခက်အခဲတွေကို ချိန်ပြီးလုပ်မယ့်သူတွေအတွက် ဒီအနေအထားမှာ လာစရာသိပ်ပြီးတော့ မရှိတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။”

မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေကတော့ ရင်းနှီးမြုပ်နှံမှုတွေ ကုန်သွယ်မှုတွေ တိုးလာစေဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီနှစ်နှောင်းပိုင်း ပြုလုပ်ဖို့ ရှိနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ကမ္ဘာ့တတိယ စီးပွားရေးအင်အား အကြီးဆုံးဖြစ်တဲ့ တရုတ်တို့ရဲ့ သတ္တမအကြိမ် ပူးတွဲကုန်စည်ပြပွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေကြပါတယ်။ တရုတ်နိုင်ငံ နန်နင်းမြို့မှာ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပသွားမယ့် ကုန်စည်ပြပွဲမှာ မြန်မာစစ်အစိုးရ အရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင် တက်ရောက်ပြီး၊ ပြည်ပရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်မှုနဲ့ ခရီးသွားလုပ်ငန်းတွေ ဆွဲဆောင်နိုင်ရေး ကြိုးပမ်းသွားကြမှာပါ။

ဒါပေမဲ့လို့ မြန်မာနိုင်ငံက စီးပွားရေး အခြေခံတွေ ခိုင်ခိုင်မာမာ မရှိပဲ ဖြစ်နေတာ၊ နိုင်ငံရေး အခြေအနေတွေ မရေမရာ ဖြစ်နေတာတွေက အဓိက အဟန့်အတားတွေ ဖြစ်စေတာလို့လည်း စီးပွားရေး အကဲခတ်တွေက မြင်ကြပါတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပပေးသွားမယ်လို့ ကြေညာထားတာမို့ ရှေ့အလားအလာတွေအပေါ် သံသယတွေနဲ့ ရင်းနှီးမြုပ်နှံလိုသူတွေ တွန့်ဆုတ်နေကြတာလို့ စီးပွားရေးပညာရှင် ဦးဇော်ဦးက ပြောပါတယ်။

“နောက်ဆုံးအချက်ကတော့ ဒါတွေက နိုင်ငံရေးအခြေအနေနဲ့ ဆိုင်မယ်လို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲဖြစ်မယ်၊ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်ဆိုပြီး အားလုံးက ထင်ကြေး အမျိုးမျိုးပေးနေတာဖြစ်တဲ့ အတွက်ကြောင့် ဒီရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ နောက်ဆက်တွဲမှာ ဖြစ်မယ့် အတိုင်းအတာတွေကို မှန်းဆလို့ မရတာကတချက်၊ နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ စီးပွားရေး ပြစ်ဒဏ်ခတ်ချက်တွေဟာ တိုးမလား၊ လျော့မလားဆိုတဲ့ဟာကိုလည်း မမှန်းဆနိုင်တာကတချက်၊ ဒီအခြေအနေတွေကြောင့်မို့လို့ ကျနော်တို့ ဒီနှစ်မှာ ရင်းနှီးမြုပ်နှံမှု ပမာဏဟာ တော်တော်သိသိသာသာ ကျဆင်းသွားတယ်လို့ ကောက်ချက်ချလို့ ရပါတယ်။”

အမေရိကန် ပြည်ထောင်စုက ဆိုရင်လည်း ၂၀၀၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ အောက်လွှတ်တော်မှာ ဇွန်လလယ်ကပဲ တခဲနက် အတည်ပြု လိုက်တာပါ။ ဒီလိုပဲ စီးပွားရေး၊ သံတမန်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ (အီးယူ) ကလည်း ဧပြီလထဲမှာပဲ အရေးယူမှုတွေကို နောက်ထပ် သက်တမ်း တိုးခဲ့တာ ဖြစ်တာမို့ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာနဲ့အဝန်း စီးပွားရေးအရ ကျယ်ကျယ် ပြန့်ပြန့် ဝင်ဆန့်နိုင်တဲ့ အခြေအနေတွေကတော့ အားနည်းနေဆဲလို့ ဆိုရမှာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။