မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆက်လုပ်ဖို့ ဂျပန်အားပေး

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်ခရီးစဉ်အတွင်း ဂျပန်အစိုးရအရာရှိ Osamu Fujimura က ကြိုဆို နှုတ်ဆက်နေစဉ် (အောက်တိုဘာလ ၂၀၊ ၂၀၁၁)

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲတွေကို စောင့်ကြည့်နေပြီး အပြောင်းအလဲတွေ အတွက် အားပေးမှု ထောက်ခံကူညီမှုတွေ လုပ်သွားဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ (Gamba) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဂျပန်ခရီးစဉ်အတွင်း မနေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မနေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ နဲ့ ဂျပန်ကို ချစ်ကြည်ရေးခရီး ရောက်နေတဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နိုင်မယ့် အလားအလာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေး အခြေအနေ ဖြစ်ထွန်းမှု အခြေအနေ အပေါ်မှာလည်း ဆွေးနွေးဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဆက်ဖြစ်သွားဖို့ အားပေး တိုက်တွန်းခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ မီနာမီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက နိုင်ငံရေးဖြစ်ထွန်းမှုတွေကို မစ္စတာ ဂမ်ဘအနေနဲ့ သုံးသပ် လေ့လာထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလို ဖြစ်ထွန်းတိုးတက်မှုတွေကို ဆက်လုပ်သွားနိုင်ဖို့ ဂျပန်အနေနဲ့ ထောက်ခံ ကူညီလိုပါတယ်လို့ မစ္စတာဂမ်ဘ က ပြောခဲ့ပါတယ်။”

အခု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ခရီးစဉ်အတွင်း ဂျပန်-မြန်မာ နှစ်ဖက်ဆွေးနွေးဖို့အထဲမှာ အဓိကအချက်ကတော့ ဂျပန်ဘက်က ဖွံ့ဖြိုးရေးအကူအညီတွေ မြန်မာကို ပြန်ပေးဖို့ဆိုတဲ့အချက် ပါဝင်ပါတယ်။ အရင်ဆုံးတော့ ရပ်နားထားတဲ့ အကူအညီလုပ်ငန်းတွေ ပြန်ပေးဖို့ ဂျပန်ဘက်က စတင် စဉ်းစားနေပြီလို့ ဂျပန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့ အချိန်ကာလအတွင်းမှာ ဂျပန်ဘက်က ရပ်နားထားတဲ့ စီမံကိန်းလုပ်ငန်း နှစ်ရပ်ရှိပါတယ်။ အခုချိန်မှာတော့ ဒီစီမံကိန်းနှစ်ခုစလုံးကို ပြန်လည် စတင်နိုင်ဖို့အတွက် ဂျပန်ဘက်ကနေ ပြန်လည်စဉ်းစားနေပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ က ပြောပါတယ်။”

ရပ်နားထားရတဲ့ ဂျပန်စီမံကိန်းနှစ်ခုမှာ တစ်ခုကတော့ လောပိတ ရေအားလျှပ်စစ်ဓါတ်အားပေးလုပ်ငန်း ပြန်လည် မွမ်းမံရေးစီမံကိန်းဖြစ်ပြီး အဲဒါကိုတော့ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးနောက် ဂျပန်က ယာယီရပ်ဆိုင်းထားခဲ့တာပါ။ နောက်တစ်ခုကတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန တည်ဆောက်ရေး စီမံကိန်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်။

အခုလို ဖွံ့ဖြိုးရေးအကူအညီတွေအပြင် စီးပွားရေးဆိုင်ရာ အကူအညီတွေ အထောက်အပံ့တွေကိုပါ ပေးဖို့ ဂျပန်ဘက်က စဉ်းစားနေပါတယ်။

“မကြာသေးခင်ကာလအတွင်းမှာပဲ ဂျပန်ဘက်က စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေ အတော်များများ မြန်မာပြည်ကို သွားရောက် လေ့လာတာတွေ ရှိခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု ကိစ္စရပ်တွေမှာ ဂျပန်အစိုးရအနေနဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘက ပြောပါတယ်။”

ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ နှစ်ဦး တွေ့ဆုံစဉ်အတွင်း နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် လေးခုကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက် အဆင့်မြင့် အစိုးရတာဝန်ရှိသူတွေ အကြား အပြန်အလှန်ဆက်ဆံရေးကိစ္စ၊ စီးပွားရေး အထောက်အပံ့ အကူအညီတွေ ဂျပန်ဘက်က ပေးဖို့ကိစ္စ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး အစီအစဉ်အောက်မှာတော့ ရှေးဟောင်း ဘုရားပုထိုးတွေ ပြန်လည် ပြုပြင်ရေး အစီအစဉ်တွေ ပြန်စဖို့ကိုလည်း နှစ်ဘက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အခု ခရီးစဉ်ဟာဆိုရင် မြန်မာနဲ့ဂျပန်အကြား နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆက်ဆံရေး ၁၆ နှစ်အတွင်း ပထမဆုံး ပြန်လည် စတင်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။