ကချင်ဒုက္ခသည်များ ကူညီနိုင်ရေး ကုလ တောင်းဆို

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေးဒုက္ခသည်တချို့။ (ဇွန်လ၊ ၂၀၁၁)

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေးဒုက္ခသည်တချို့။ (ဇွန်လ၊ ၂၀၁၁)

မြန်မာနိုင်ငံက ကချင်ဒုက္ခသည်တွေကို အကူအညီတွေ ပေးနိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က စစ်ပွဲတွေဖြစ်နေတဲ့ နိုင်ငံမြောက်ပိုင်းဒေသတွေမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့အတွက် မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က အစီရင်ခံထားပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ကြား ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေကို အကူအညီတွေ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာဗီဂျေး နမ်ဘီးယားက လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေဆက်ပြီးဖြစ်နေတာကြောင့် ဒေသခံတွေဟာ အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာဗီဂျေး နမ်ဘီးယားဟာ အဲဒီကချင် စစ်ပြေး ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂနဲ့ သူနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို အကြံပေးနေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ ဒါ့အပြင် မစ္စတာ နမ်ဘီးယားဟာ အဲဒီကချင် ဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ အကူအညီတွေ ပေးနိုင်ရေးနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို တောက်လျှောက်ပြောဆိုနေတာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နာဆာကီးက ပြောလိုက်ပါတယ်။

“မစ္စတာ ဗီဂျေနမ်ဘီးယားဟာ ပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေနဲ့ နယ်စပ်ဒေသတွေက ဒုက္ခသည်တွေနဲ့ အကူအညီတွေလိုအပ်နေတဲ့ နေရာတွေမှာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ အလုံအလောက်ရနိုင်ဖို့နဲ့ ပတ်သက်ပြီးတော့ မြန်မာအာဏာပိုင်တွေကို ဆက်တိုက် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းတုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တုန်းကလည်း ပြောခဲ့ပါတယ်။ ဒီလို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့နဲ့ သက်ဆိုင်တဲ့ ကုလသမဂ္ဂရုံးတွေရဲ့ အကြံပေးမှုတွေနဲ့ အကူအညီတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေကို သူက ဆက်ပြီးတော့ အလေးပေးပြောသွားမှာ ဖြစ်ပါတယ်။”

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက်မှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို အကူအညီ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂကနေ အခုလိုမျိုး တွန်းအားပေးလုပ်ဆောင်သွားဖို့ အာမခံနေပေမဲ့လည်း ကုလသမဂ္ဂ အပါအဝင် တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးခွင့် ရလိမ့်မယ်ဆိုတဲ့အပေါ်မှာတော့ သံသယတွေ ရှိနေကြပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင် တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာဟာ အခုဆိုရင် လအတော်ကြာရှိသွားပြီဖြစ်ပြီး အဲဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည်သောင်းနဲ့ချီပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ အိုးအိမ်တွေကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အစားအစာ၊ ဆေးဝါး ၊ အဝတ်အထည်နဲ့ နေထိုင်စရာနေရာတွေ လိုအပ်နေတာဖြစ်ပါတယ်။ မကြာသေးခင်ကတော့ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းအပါအဝင် စာပေ၊ ဂီတ အနုပညာရှင်တွေကလည်း ကချင်ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ အစားအစာ၊ အဝတ်အထည်နဲ့ အလှူငွေတွေကို ထောက်ပံ့ကူညီခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန် မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်းမှာ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသား နယ်စပ်ဒေသတွေမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး အဆုံးသတ်ဖို့အတွက် မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တု့ိကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ပြောဆိုတာတွေရှိခဲ့ပေမဲ့လည်း အခုချိန်ထိတော့ အောင်မြင်ခြင်းမရှိသေးပါဘူး။