မီဒီယာ လွတ်လပ်ခွင့်အတွက် သတင်းထောက်များ လှုပ်ရှား

  • ကိုရဲကျော်အောင်
မကြာသေးခင်က ပိတ်ပင် ခံလိုက်ရတဲ့ ဂျာနယ်နှစ်စောင် ပြန်ပြီး ထုတ်ဝေခွင့် ရဖို့အတွက် မြန်မာသတင်းထောက်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ သတင်းလွတ်လပ်ခွင့် ကော်မတီက ဒီကနေ့ အာဏာပိုင်တွေကို တင်ပြ တောင်းဆိုခဲ့ကြပါတယ်။ “Stop Killing the Press” လို့ စာတမ်းပါတဲ့ တီရှပ်တွေကို ဝတ်ဆင်ပြီး သမ္မတကြီးဆီ တင်ပြမယ့် စာတမ်းအတွက် လက်မှတ် စုဆောင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုရဲကျော်အောင်က သတင်းပေးပို့ထားပါတယ်။

The Voice ဂျာနယ် နဲ့ Envoy ဂျာနယ် တို့ ပြန်လည် ထုတ်ဝေခွင့် ရရှိရေး အတွက် သြဂုတ်လ ၁ ရက်နေ့က ပါဝင်ဖွဲ့စည်းထားတဲ့ သတင်းလွတ်လပ်ခွင့် ကော်မတီက ဒီကနေ့မှာ အဲဒီဂျာနယ် နှစ်စောင်အပါအဝင် အခြားမီဒီယာ သမားတွေထံကနေ လက်မှတ်တွေ စုဆောင်းမှု ပြုလုပ်ခဲ့ပါတယ်။

သူတို့ အခုလို လက်မှတ် စုဆောင်းကြတာဟာ အချက် (၇) ချက် ပါဝင်တဲ့ သတင်းလွတ်လပ်ခွင့် ရရှိရေး အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးပို့မယ့် စာအတွက် သတင်းမီဒီယာ သမားတွေ အားလုံး ပါဝင်တယ် ဆိုတာကို သိစေ ချင်တာကြောင့် လို့ သတင်းလွတ်လပ်ခွင့် ရရှိရေး လှုပ်ရှားသူ လူငယ်တွေက ပြောကြပါတယ်။

ဒီကနေ့ လက်မှတ်စုဆောင်းတဲ့ signature campaign မှာ သတင်းမီဒီယာ သမား ၃၀ လောက်ကနေ နောက် ပိုင်းမှာ ၁၀၀ ကျော် သွားတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင် အချို့က သတင်းမီဒီယာ သမားတွေကို တားဆီးမေးမြန်း တာတွေ ရှိခဲ့တယ်လို့လည်း သတင်းလွတ်လပ်ခွင့် ကော်မတီဝင် ကိုသာလွန် က ဗွီအိုအေကို ပြောပါတယ်။

“၈၈ အုပ်စုက ကျနော်တို့ကို အားပေးတယ်။ Envoy ရုံးရှေ့မှာ ကျနော်တို့ကို ထပ် စောင့်နေတယ်။ ကျနော်တို့ ရောက်တဲ့အချိန်မှာ ကိုပေါ်တိုနဲ့ ကျနော်တို့ ပေါင်းသွားတဲ့အချိန်မှာ ရဲတွေ ရောက်လာတာ။ ရဲတွေ ရောက်လာပြီးတော့ ခင်ဗျားတို့ လမ်းလျှောက်လို့ မရဘူး။ ဒါက ဥပဒေနဲ့ မညီဘူး။ အကြောင်းကြားပြီးမှ လျှောက်ရမယ်လို့ ဆိုတော့ ကျနော်တို့က ပြောတယ်၊ ကျနော်တို့ လမ်းလျှောက်တာ မဟုတ်ဘူး။ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြတာလည်း မဟုတ်ဘူး။ ကျနော်တို့ဘာသာ လာပြီးတော့ လက်မှတ်လာ စုဆောင်းတာလို့။”

သတင်းလွတ်လပ်ခွင့်တွေ ရရှိရေး အတွက် မကြသေးမီ ကမှ ပေါ်ပေါက်လာတဲ့ ဒီ အဖွဲ့ဟာ သတင်း လွတ်လပ်ခွင့် ရရှိတဲ့ အချိန်ထိ ဒီကော်မတီကို ဖွဲ့စည်းထားမှာ ဖြစ်ပြီး ပြည်တွင်းမှာ အခု ဖွဲ့စည်းပြီး သတင်းစာ ဆရာတွေ၊ သတင်းထောက် အဖွဲ့တွေ ပါဝင် ပတ်သက်နေတဲ့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(MJA) မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ (MJU)၊ မြန်မာနိုင်ငံ သတင်းထောက်များကွန်ယက် (MJN) တို့ကနေ ဖွဲ့စည်းတဲ့ အဖွဲ့ တခုမဟုတ်ဘဲ သီးခြား လွတ်လပ်တဲ့ သတင်းသမားတွေ ပါဝင်တဲ့ အဖွဲ့ ဖြစ်တယ်လို့ ကိုသာလွန် က ပြောခဲ့ပါသေးတယ်။

ပြည်တွင်း အခြေစိုက် သတင်းစာ ဆရာတွေ ပါဝင် ဖွဲ့စည်းထားတဲ့ သတင်းလွတ်လပ်ခွင့် ကော်မတီဟာ နိုင်ငံတော် သမ္မတနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ရေးရာကော်မတီတွေ အထိပါ တောင်းဆိုချက် ၇ ချက်နဲ့ ယာယီ ထုတ်ဝေခွင့် ရပ်ဆိုင်းခံ ခဲ့ရတဲ့ ဂျာနယ်နှစ်စောင် ပြန်လည် ထုတ်ဝေခွင့် ရရှိရေးအတွက် တောင်းဆိုသွားမယ်လို့ ကိုဇော်သက်ထွေး က ပြောပါတယ်။

“တောင်းဆိုချက် ၇ ချက်ကို တောင်းပါတယ်။ အဲဒီတောင်းဆိုချက် ၇ ချက်ကတော့ ခုနကပြောတဲ့ ရပ်ဆိုင်းထားတဲ့ ဂျာနယ်တွေကို ပြန်လည် ထုတ်ဝေခွင့် ပေးရမယ်။ နောက် မည်သည့်ဂျာနယ်ကို မဆို အလားတူ ဥပဒေနဲ့ ပိတ်ပင်တာမျိုး မလုပ်ရဘူး။ ခေတ်မမီတဲ့ မီဒီယာ ဥပဒေတွေကို ပယ်ဖျက်ပေးရမယ်။ နောက်ပြန်ဆွဲတဲ့ မည်သည့် အပြုအမူနဲ့ မည်သူ့ပုဂ္ဂိုလ်ကိုမဆို အရေးယူ ဖယ်ရှားပေးရမယ်။ မီဒီယာသမားတွေ ပူးပေါင်း ပါဝင်ခြင်းမရှိတဲ့ မီဒီယာ ဥပဒေကို လက်မခံနိုင်ဘူး၊ နောက်တခုက ကျနော်တို့ သတင်းတွေကို ဒီလိုမျိုး ရယူတဲ့အခါမှာလည်း ခုနက ပိတ်ပင်တားဆီးမှုတွေကို ကျနော်တို့ မပြုလုပ်ဖို့အတွက် အာမခံချက် ပေးရမယ်။ ဒီလို တောင်းဆိုချက်တွေ ပါဝင်တဲ့ အချက်တွေကို တောင်းဆိုခဲ့ပါတယ်။ အဲဒီ တောင်းဆိုတဲ့စာကို ကျနော်တို့က နိုင်ငံတော် သမ္မတရယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရယ်၊ နောက်ပြီးတော့ အားကစား ယဉ်ကျေးမှုနဲ့ လူထု ဆက်ဆံရေး ကော်မတီကိုရော ကျနော်တို့ သက်ဆိုင်ရာဌာန အသီးသီးကို ပေးပို့ပါတယ်။”

အပတ်စဉ်ထုတ် သတင်း ဂျာနယ် နှစ်စောင်ဖြစ်တဲ့ The Voice ဂျာနယ် နဲ့ Envoy ဂျာနယ် တို့ကို ပိတ်ပင်ခံရပြီး နှစ်ရက်အကြာမှာတော့ စာပေစိစစ်နဲ့ မှတ်ပုံတင် ဌာနဟာ ပြီးခဲ့တဲ့ တလကျော်က ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံ ရတဲ့ လျှပ်တပြက် ဂျာနယ်ကို ပြန်လည် ထုတ်ဝေခွင့် ပေးခဲ့ပါတယ်။
အပတ်စဉ်ထုတ် သတင်းဂျာနယ် နှစ်စောင် ပိတ်ပင်ခံရမှုနဲ့ ပတ်သက်ပြီး သတင်း မီဒီယာလောက အတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်း အသီးသီးကလည်း ဂျာနယ်တွေ ပိတ်ပင် ခံရမှုနဲ့ ပတ်သက်ပြီးတော့ သဘောထား ထုတ်ပြန်ချက်တွေ အမျိုးမျိုး ထုတ် ပြန်လာကြပါတယ်။

The Voice ဂျာနယ် နဲ့ Envoy ဂျာနယ်တို့ ပိတ်ပင် ခံရတာကြောင့် သတင်း လွတ်လပ်ခွင့် ကော်မတီ ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတ နဲ့ လွှတ်တော်တွေအထိပါ တောင်းဆိုမှုတွေ ပြု လုပ်သွားမယ့် သတင်းမီဒီယာတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနကို ဗွီအိုအေ က မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက သဘောထား မှတ်ချက်ပေးဖို့ ဖုန်းမကိုင်ကြပါဘူး။

မကြာမီ လွှတ်တော်ထဲမှာ ၁၉၆၂ ပုံနှိပ် ဥပဒေကို အစားထိုးမယ့် ပုံနှိပ် ဥပဒေသစ် တရပ် ပြဌာန်းဖို့ ပြင်ဆင် နေချိန်မှာပဲ အခုလို ပြည်တွင်းက ဂျာနယ် နှစ်စောင်ကို စာပေစိစစ်ရေးက ၁၉၆၂ ပုံနှိပ်ဥပဒေ ရဲ့ ညွှန်ကြားချက် (၄၄) ကို သုံးပြီး ပိတ်ပင်ခဲ့ တာလို့ စာပေစိစစ်က ညွှန်မှူး ဦးတင့်ဆွေက ဇူလိုင်လ ၃၁ ရက်နေ့က ပြောခဲ့ပါတယ်။