ပုံနှိပ်ဥပဒေကြမ်း ပြည်တွင်းမီဒီယာအဖွဲ့တွေ ကန့်ကွက်

  • ကိုကျော်ထင်
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းဟာ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်တဲ့ဥပဒေ ဖြစ်တာကြောင့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ၊ သတင်း လွတ်လပ်ခွင့် ကာကွယ်ရေး ကော်မတီနဲ့ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်တို့က သတင်းမီဒီယာသမားတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းခေါင်းဆောင်တွေဟာ ဒီဥပဒေကြမ်းကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကို အစည်းအဝေးကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့ ယုဇနဂါးဒင်းဟိုတယ်မှာ ပြုလုပ်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ဆန့်ကျင်ကန့်ကွက် ဆွေးနွေးပွဲကို ဂျာနယ်လစ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့အပါအဝင် ထုတ်ဝေသူတချို့လည်း တက်ရောက်ခဲ့ကြပါ တယ်။

ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ ဆရာဖေမြင့်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ပြဌာန်းမယ့် ဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမျိုး ဖြစ်သင့်တယ်လို့ ဆွေးနွေးသွားပါတယ်။

“အဲဒီတော့ ၁၉၆၂ ဥပဒေဆိုရင် အင်မတန် ကြောက်စရာ ကောင်းပါတယ်။ သူ့နောက်က ကျနော်တို့ဆို ဘာမှ ရေးခွင့် သားခွင့် မရခဲ့တာ အားလုံးအသိ၊ အခု ထွက်လာတဲ့ ဥပဒေသည် ရုတ်တရက်ဆို သိမ်မွေ့တယ်လို့ ထင်ရတယ်။ သို့သော် အလားတူ အနေထားရှိတယ်၊ ဒီကနေ့ မီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေ ထွက်လာမယ်ဆိုရင် အဲ့ဒီဥပဒေသည် သတင်းလွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေ ဖြစ်သင့်တယ်။ စာနယ်ဇင်းသမားရဲ့ လွန်ကျွံတဲ့ကိစ္စ၊ မှားယွင်းတဲ့ ကိစ္စတွေအတွက် သက်ဆိုင်ရာ အရေးယူ ဆောင်ရွက်မယ့် ဥပဒေတွေက ရှိပြီးသားဖြစ်တယ်။ အဲဒီတော့ အထူးတလည် ကန့်သတ်တဲ့ ဥပဒေတွေက မလိုအပ်ဘူး။ ဒါကြောင့် ဒီဥပဒေကြမ်းကို ကျနော့်အနေနဲ့ မလိုလားဘူး။ ဒီဥပဒေမှာ ချို့ယွင်းအားနည်းချက်တွေ အပြည့်ရှိတယ်။ ဒါကြောင့် ဒီဥပဒေကြမ်းကို အလုံးစုံ ပယ်ဖျက်တာ ကျနော် လိုလားတယ်။ ဒီဥပဒေကို ကန့်ကွက်ပါတယ်။”

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ သတင်းဆက်ဆံရေး ကော်မတီ တာဝန်ရှိသူတွေက ဒီဥပဒေနဲ့ပတ်သက်ပြီး သတင်းသမားတွေကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သတင်းသမားတယောက် က အခုလို ပြောပါတယ်။

"သူတို့ဘက်က Option ၃ ခု ချပြပါတယ်။ ဒီဥပဒေ တခုလုံးကို ဖျက်ဖို့က မဖြစ်နိုင်ဘူး ပြောတယ်။ ၂ က ဒီဥပဒေကို ပြင်ဆင်ပြီး ပြဌာန်းလို့ ရနိုင်တာပေါ့နော်။ အဲ့လို ပြင်ဆင်ပြီး ပြဌာန်းမယ်ဆို လည်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) က ထွက်လာမယ့် ဥပဒေတွေနဲ့ ရှေ့နောက် မညီတာတွေ ဖြစ်နေမှာမို့ လောလောဆယ် ဒီဥပဒေကို ဆိုင်းငံ့ထားပြီးတော့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ ဥပဒေထွက်လာမှ ဒီဥပဒေကို စာနယ်ဇင်းကောင်စီရဲ့ ဆွဲထားတဲ့ ဥပဒေအောက်မှာ ထည့်မလားဆိုတဲ့ Option နဲ့ ကျနော်တို့ကို ပြောထားပါတယ်။ ဆိုင်းငံ့ဖို့ ကြိုးစားမယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိပါဘူး။"

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဌ ဦးမောင်ဝံသကလည်း အာဏာရှင်စနစ် စတင်လာချိန်ကစပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဖိနှိပ်ခံရပုံကို ရှင်းလင်းသွားပါတယ်။

“တလောကတည်းမှာ အတူတူ ကျင်လည် ကျက်စားနေတဲ့ ပုဂ္ဂိုလ်ချင်းမို့ ကျနော် သူတို့ကို အပြစ်မတင်ပါဘူး။ သူတို့ကို နားလည်သဘောပေါက်တဲ့အထိ ဆွေးနွေးယူရမယ်လို့ သဘောထား ပါတယ်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်ကတည်းက အားလုံးသိကြတဲ့အတိုင်း ပုဂ္ဂလိက သတင်းမီဒီယာတွေဟာ တဖြည်းဖြည်းနဲ့ လုံးပါး ပါးလာတယ်။ ၁၉၆၇ ခုနှစ်မှာ လူထုသတင်းစာ အပိတ်ခံရတယ်။ အဲ့ဒီနောက်ပိုင်းမှာ ရန်ကုန်သတင်းစာတို့၊ ဟံသာဝတီ သတင်းစာတို့၊ မြန်မာ့ အလင်း သတင်းစာတို့ အပိတ်ခံရတာ နောက်ဆုံးမှာ နည်းမျိုးစုံနဲ့ မြန်မာ့အလင်း၊ ဟံသာဝတီတို့က ၁၉၆၉ ခုနှစ်အထိ ခံပါသေးတယ်။"

စာနယ်ဇင်းသမားတွေကတော့ အခု ဥပဒေကြမ်းကို အတည်ပြု ပြဌာန်းလိုက်မှာ စိုးရိမ်မကင်း ဖြစ်
နေကြပါတယ်။ ဒီဥပဒေသာ အကောင်ထည် ပေါ်လာမယ်ဆိုရင် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာပေစိစစ်ရေးရုံးကို ပြန်လည် အသက်သွင်းသလို ဖြစ်လာနိုင်တယ်လို့ သတင်းသမားတယောက် က စိုးရိမ်မကင်း ဖြစ်နေပါတယ်။

"စာပေစိစစ်ရေး မရှိတော့ဘူးလို့ စာပေ လွတ်လပ်ခွင့်မရှိဘဲ နည်းလမ်းတမျိုးမျိုးနဲ့ ကျနော်တို့ မီဒီယာတွေကို ထိန်းချုပ်တယ်လို့ တွေးထင်စရာ ဖြစ်နေပါတယ်။ အဲဒီအခန်း ၂ မှာပဲ ပုဒ်မ ၅ နဲ့ ၆ တို့မှာ အရင် ညွှန်ကြားရေးမှူး စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနခွဲဆိုတဲ့ စာသားအစား အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးလို့ ပါရှိတဲ့အတွက် ပိုပြီး ကြပ်တည်း ကျဉ်းမြောင်းသွားတဲ့သဘောနဲ့ ဝန်ကြီးရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက်ကိုင်တွယ်တဲ့ သဘောတွေကို ကျနော်တို့ တွေ့ရှိရပါတယ်။"

အခုဆွေးနွေးပွဲက ထွက်ပေါ်လာမယ့် သတင်းမီဒီယာ သမားတွေရဲ့ သဘောထားကို လွှတ်တော် ဥပဒေကြမ်း ကော်မတီတွေနဲ့ သမ္မတ ဦးသိန်းစိန်ထံကိုလည်း ပေးပို့သွားမယ်လို့ သိရပါတယ်။