မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက်တရက် နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး ထိုင်းမြန်မာ နယ်စပ် ကရင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်တွေနဲ့ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ ဒီကေဘီအေ ကရင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ
ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။ ဒီအခြေအနေကို ၁၉ ရက်မှာတော့ မြဝတီနဲ့ နီးတဲ့နေရာတွေမှာ တိုက်ပွဲတွေ ထပ်ဖြစ်နေတာကြောင့် မြန်မာစစ်တပ်က မြဝတီမြို့မှာ စစ်ရေးပြင်ဆင်မူတွေ လုပ်လာပြီး စာသင်ကျောင်းတွေကိုလည်း နေ့ခင်းပိုင်းကတည်းက ပိတ်ပစ်လိုက်ရပါတယ်။ နောက်ဆုံး အခြေအနေကိုတော့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြဝတီမြို့နဲ့ အနီးတဝိုက်မှာ ဒီနေ့မနက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နိုဝင်ဘာ လ ၁၉ ရက်နေ့မှာ မြန်မာစစ်တပ်က မြဝတီမြို့တွင်းမှာ လက်နက်ကြီးနဲ့နေရာယူလာပြီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်မူတွေ ဖြစ်ကာ ပြေးလွှားပုန်းခို နေကြပါတယ်။ နေ့ခင်းပိုင်းမှာတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ကျောင်းတွေကနေ ကျောင်းသားတွေကို ပြန်လွှတ်ပေးနေကြောင်း ကျောင်းသားမိဘတဦးက အခုလို
ပြောပြပါတယ်။
“အစောကြီးကတည်းက လွှတ်တာလေ။ ကလေး ထမင်းစားပြန်ပြီးတော့ ကျောင်းသွားပြန်ပို့တော့ ဆရာမတွေက ပြန်ခေါ်သွားတော့တဲ့။ ကျောင်း ပြန်လွှတ်ပြီတဲ့။ ခုနက အတန်းကြီးတွေ ပြန်လွှတ်လိုက်တယ်တဲ့။ ကျောင်းက ကလေးတွေ အကုန် လွှတ်ပြီ။ အိမ်ကိုရောက်ကုန်ပြီ။ ကျမတို့သွားတဲ့ အချိန်မှာလည်း ကျောင်းအဝမှာ ဆရာမတွေကစောင့်ပြီးတော့ လွှတ်ပေးတာလေ။”
ဒီလိုအခြေအနေတွေကြောင့် ဒီကေဘီအေကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားအောက်ကနေ နေရာယူပြီး မြို့တွင်းကို ချိန်ထားတယ်လို့ ဆိုပါတယ်။ ဒီကေဘီအေ တပ်မှူးတဦး ပြောပြတာကတော့ -
“အခု ပူပူနွေးနွေးပဲ။ တံတားအောက်မှာ အင်အားပို့တယ်။ အခုလက်ရှိ အခြေအနေမှာပေါ့လေ။ တံတားပေါ်မှာ လက်နက်ကြီးတွေ ချိန်ထားတယ်။ လက်ရှိ ပစ်ခတ်မှုဖြစ်ရင် မြို့တွင်းမှာ သူတို့ ပစ်ဖို့ အဆင်သင့် ပြင်ထားတယ်။”
ဒီကေဘီအေတွေ အနေနဲ့ မြဝတီမြို့တွင်းမှာ မြန်မာစစ်တပ်နဲ့ ပစ်ခတ်မယ့် အလားအလာတွေ ရှိနိုင်ပါသလားလို့ မေးတဲ့အခါမှာတော့ -
“ကျနော်တို့အနေနဲ့ ပြောဖို့စောပါသေးတယ်။ စစ်ရေးအရတော့ ရန်သူရှိနေသ၍ ငြိမ်းချမ်းရေး မရသ၍ကတော့ ကျနော်တို့တိုက်ဖို့ အမြဲတမ်း ပြင်ဆင်နေမယ်။ အချိန်အခါတော့ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး။”
ပြီးခဲ့တဲ့တိုက်ပွဲတွေတုန်းကတော့ ဒီကေဘီအေတွေက မြန်မာစစ်တပ်တွေရှိရာကို ပစ်ခတ်တိုင်းမှာ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာကြောင့် အရပ်သားတွေထိခိုက်မူတွေ အများအပြား ဖြစ်ခဲ့ရပါတယ်။ အခုလို တိုက်ပွဲတွေ ဖြစ်မယ်ဆိုရင် မြဝတီလူထုတွေ ထိခိုက်နစ်နာမူတွေ ပိုပြီးဖြစ်မသွားနိုင်ဘူးလို့ မေးတဲ့အခါမှာတော့ -
“အဲဒီလူထုတွေကို ကျနော်တို့ ငဲ့ညှာလို့ စစ်ရေးအရ ကျနော်တို့ ရပ်ဆိုင်းထားတယ်။ တကယ်လို့ လူထုအမြောက်အများ မရှိဘူးဆိုရင် ကျနော်တို့ စစ်ရေးက နေ့တိုင်းဖြစ်တယ်။ မြို့ကြီးလည်းဖြစ်တယ်၊ နယ်စပ်မြို့လည်း ဖြစ်တယ်။ လူထုကို ငဲညှာလွန်းလို့ စာနာလွန်းလို့ စစ်ပွဲက နေ့တိုင်းမဖြစ်တာ။ လူထုကို မငဲညှာဘူး မစာနာဘူးဆိုရင် ကျနော်တို့ နေ့တိုင်း ဝင်ရောက်ထိုးဖောက်ပြီးတော့ စစ်ပွဲတွေ ဖြစ်နိုင်တယ်။”
မြဝတီမြို့က ဟေမာန်ဦး ဘုန်းကြီးကျောင်းအပါအဝင် တချို့ ဘုန်းကြီးကျောင်းတွေနဲ့ ဒုက္ခသည်တွေ ထွက်ပြေးနိုင်တဲ့နေရာတွေမှာ မြန်မာစစ်တပ်က ကတုတ်ကျင်းတူးပြီး အထိုင်ချ တပ်စွဲထားတာတွေလည်း ရှိနေတာကြောင့် လူထုက ပြေးစရာမြေမရှိဘဲ ထိုင်းဘက်ခြမ်းကိုပဲ ပြေးနေကြရတာ ဖြစ်ပါတယ်။ စစ်တပ်ဟာ လူထုကို အကာအကွယ် ယူနေတယ်လို့ ဒီကေဘီအေဘက်ကတော့ ပြောဆိုလိုက်ပါတယ်။
“အမှန်မှာ သူတို့က လူထုကို cover လုပ်တာပဲ။ အဲဒါ သူတို့ အကျင့်စရိုက်တခုပဲ။ လူထုကို အကာအကွယ်ယူတယ်။ ဘုန်းကြီးကျောင်းကို အကာအကွယ် ယူတယ်။”
ဒီအခြေအနေတွေကြောင့် မြဝတီပြည်သူတွေ လုပ်ကိုင်စားသောက်ရ ခက်ခဲမူတွေဖြစ်နေရပြီး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို မြို့ခံတွေက ပြောပါတယ်။
“လက်လုပ်လက်စားသမားတွေက ပိုဆိုးတာပေါ့။ မဖြစ်မနေ အလုပ်သွားလုပ်ကြရတာဆိုတော့။”
နေ့လည်ခင်းက မြဝတီမြို့နဲ့ မလှမ်းမကမ်း နေရာတွေဖြစ်တဲ့ သင်္ကန်းညီနောင်ဘက်က သေနတ်သံတွေ ကြားတာကြောင့် ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေပြီး ညနေပိုင်းမှာတော့ အစုလိုက်အပြုံလိုက် မဟုတ်ပေမဲ့ ထိုင်းဘက်ကို တိမ်းရှောင်လာသူတွေလည်း ရာဂဏန်းလောက် ရှိနေပါတယ်။