ရက် ၁၀၀ မြန်မာအစိုးရ သိသာတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု မလုပ်သေး

ရက် ၁၀၀ မြန်မာအစိုးရ သိသာတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု မလုပ်သေး

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်က သမ္မတတာဝန်ကို သူ လက်ခံရယူချိန်မှာ နိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲမွဲတေမှုတွေကို ပပျောက်အောင် ဦးတည်ချက်ထား လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အခုလို အစိုးရ ရက်ပိုင်း ၁၀၀ ကာလအတွင်း တိုင်းပြည်စီးပွားရေး အခြေအနေနဲ့ပတ်သက်ပြီး တိုးတက် ပြောင်းလဲအောင် ဘယ်လိုမူဝါဒတွေကို ချမှတ်ခဲ့ပြီလဲ။ ဘာတွေ လုပ်ဆောင်ပေးနိုင်ခဲ့သလဲ ဆိုတာကို စုံစမ်းမေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် အငြိမ်းစားယူလိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အများစုဦးစီးတဲ့ အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အဲဒီအရပ်သားအစိုးရ စတင် အာဏာယူခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၀၀ တိတိ ရှိသွားပါပြီ။ အဲဒီကာလအတွင်းမှာ သိသာထင်ရှားတဲ့ တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေ ဘာများလုပ်နိုင်ခဲ့ပါသလဲ၊ အားရစရာ အနေအထား ဘာများ တွေ့မြင်ရပါသလဲလို့ စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ဦးခင်မောင်ညိုကို မေးကြည့်ခဲ့ရာမှာတော့ -

“သုံးလအချိန်ကတော့ တော်တော်နည်းပါတယ်။ ဘာမှတော့ သိသိသာသာ လုပ်နိုင်တယ်လို့တော့ ပြောလို့မရသေးဘူး။ သိသာတဲ့ကိစ္စကတော့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးရယ်၊ ဆန်စပါး ကိစ္စရယ်။ အဲဒါတွေကတော့ ဆွေးနွေးပွဲတွေ အများကြီးပဲ။ လက်တွေ့ပြနိုင်တဲ့ဟာကတော့ ပင်စင်လစာ တိုးပေးတဲ့ကိစ္စရယ်၊ ပို့ကုန်ပေါ်မှာ ကောက်တဲ့အခွန် ၃ ရာခိုင်နှုန်း လျှော့ပေးတာရယ်။ ဒါတွေကတော့ လောလောဆယ် သိသာတဲ့ဟာတွေပေါ့နော်။”

ဧပြီလမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောဆိုခဲ့ရာမှာတော့ တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ အလေးထား လုပ်ဆောင်မယ် ဆိုတဲ့အတွက် ကြားရသူတိုင်းက အံ့အားတသင့် ကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်းက စီးပွားရေး လုပ်ငန်းရှင်တဦးကတော့ သူ့အနေနဲ့ အစိုးရက ပေါ်လာတဲ့ပြဿနာတွေကို ရေတို ဖြေရှင်းတာမျိုးပဲ တွေ့နေရသေးတယ်လို့ ပြောဆိုပါတယ်။

“ကျနော်တို့အမြင်ကတော့ စောင့်ကြည့်ရမယ့်ကာလက ရက် ၁၀၀ ပေမဲ့၊ ၆ လလောက်တော့ စောင့်ကြည့်ရမယ် ထင်တယ်။ လောလောဆယ် ပြောရရင်တော့ ထိထိရောက်ရောက် ပြောင်းလဲလာတာ မရှိသေးဘူးဗျ။ နောက်ပြီးတော့ ထိထိရောက်ရောက် ပြောင်းလဲဖို့အတွက် အမြင်သဘောထားလည်း ယေဘုယျတော့ မတွေ့သေးဘူးပေါ့။”

ပြီးခဲ့တဲ့ ၃ လ ကာလတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ ပြည်ပပို့ကုန်အခွန်ကို ၁၀ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ ၃ ရာခိုင်နှုန်း လျှော့ချပေးခဲ့တာနဲ့ ပြည်တွင်းပြည်ပက စီးပွားရေး ပညာရှင်တွေကို ဖိတ်ပြီးတော့ ဆွေးနွေးအကြံဉာဏ် ယူတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ပပို့ကုန်အခွန် လျှော့ချပေးရတာဟာ မြန်မာငွေဈေး မထင်မှတ်ဘဲနဲ့ ထိုးတက်သွားတဲ့အတွက် မြန်မာ့ထုတ်ကုန်တွေ ဈေးတက်သွားပြီး ရောင်းကုန်တွေ ထိခိုက်တာကြောင့် လုပ်ပေးလိုက်ရတာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဦးခင်မောင်ညို (ဘောဂဗေဒ) ရဲ့ အမြင်ကတော့ -

“အဲဒါက ဆက်စပ်မှုရှိပါတယ်။ မြန်မာငွေရဲ့ လဲလှယ်နှုန်း တက်ပြီးတော့ ပို့ကုန်လုပ်ငန်းတွေက လုပ်ရကိုင်ရတာ အဆင်မပြေဘူးပေါ့နော်။ မြန်မာငွေဈေးက အမြင့်ဆုံးပေါ့လေ ၁ ဒေါ်လာကို ၇၄၀ ကျပ်နှုန်း ဖြစ်သွားပြီးတော့ နှစ်ပတ်အတွင်းမှာ ဒီကိစ္စက အကောင်အထည်ပေါ်လာတာ တွေ့ရတယ်။”

စိုက်ပျိုးရေးကို အခြေခံတဲ့ လယ်ယာကဏ္ဍ ထုတ်ကုန်တွေကို တိုးမြင့်လာအောင် ပြုလုပ်မယ်လို့လည်း အစိုးရသစ်ရဲ့ မူဝါဒမှာ ပြောထားပါတယ်။ စီးပွားရေး ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း အဲဒီကိစ္စကို အဓိက ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဦးခင်မောင်ညို ရှင်းပြတာကတော့ -

“လွယ်လွယ်ကူကူ ပြောရရင်တော့ ဆန်စပါးက ခါတိုင်းကတော့ စိုက်ပျိုးတာ သက်သက်လောက်ပဲ စဉ်းစားတာပေါ့။ အခုကတော့ စီးပွားရေး လုပ်ငန်းတခုလို သဘောထားဖို့၊ နောက်ခုက ဈေးကွက်နဲ့ ချိတ်ဆက်ပေးဖို့၊ ဆန်ဈေးကွက်ကို ရောက်အောင်ပို့ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် လုပ်ပေးဖို့တို့၊ ဆန်ဈေးနှုန်းက အတက်အကျ အရမ်းများတဲ့ကိစ္စမှာ ဆန်ဈေးနှုန်းငြိမ်အောင် တတ်နိုင်သလောက် လုပ်ပေးဖို့တို့၊ ချေးငွေကိစ္စလည်း ပါတယ်။ နောက်ပြီးတော့ သူတို့ကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ပေးဖို့တို့ အဲဒီကိစ္စတွေ အများကြီး ဆွေးနွေးကြတာပဲ။”

ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်ကတော့ အကောင်အထည် မပေါ်သေးတာကို နားလည်နိုင်ပါတယ်၊ ဒါပေမဲ့ ရေရှည်အတွက် ရည်မှန်းပြီးလုပ်ဆောင်နေတာ မျိုးကိုတော့ မြင်နေရသင့်ပြီလို့ ယုံကြည့်တဲ့အကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့မြင်တဲ့ စီးပွားရေး ပညာရှင်တွေပိုင်းက ပြောသင့်သလောက် ပြောတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ထိရောက်တဲ့လုပ်ဆောင်မှု၊ ခြေလှမ်းပေါ့။ အဲဒါမျိုးကတော့ သိသလောက်တော့ မတွေ့သေးဘူးဗျ။ တကယ်တမ်း မူဝါဒတွေကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အပြောင်းအလဲ လုပ်မယ်ဆိုရင် အဲဒီ လုပ်မယ့် အရိပ်လက္ခဏာ ခြေလှမ်းတွေကိုတော့ ကျနော်တို့ မြင်ရချိန်တော့ တန်ပြီ။”

တိုင်းပြည်ရဲ့ သယံဇာတကို ဖော်ထုတ်ရောင်းချပြီးတော့ ငွေရှာနေရမယ့်အချိန် မဟုတ်တော့ဘူး၊ လက်တွေ့ဆန်တဲ့ နိုင်ငံတကာမှာလည်း အဓိက ကျင့်သုံးနေတဲ့ တိုင်းပြည်ရဲ့ ထုတ်ကုန် ထွက်ကုန်တွေကို နည်းမျိုးစုံနဲ့ အားပေးဖို့၊ တွန်းအားပေးဖို့ လုပ်ဆောင်သင့်တယ်လို့လည်း လုပ်ငန်းရှင်က ဆက်ပြောပါတယ်။ စီးပွားရေးသာမက အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံက လူထုအနေနဲ့ကတော့ အစိုးရဘက်က မှန်ကန်တဲ့ စီးပွားရေး မူဝါဒတွေ အလျင်အမြန် ချမှတ်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို မြင်လိုတဲ့ဆန္ဒ များနေကြတယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။