ကုန်သွယ်မှုအခွင့်ထူးနဲ့ မြန်မာမတန်သေး

GSP လို့ခေါ်တဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးတွေကို လိုချင်တယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက် လာအောင် လုပ်ဆောင်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် US Campaign for Burma အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Jennifer Quigley က ပြောလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒဟာ အောင်မြင်တယ်လို့ အမေရိကန်အစိုးရရော၊ အမေရိကန်လွှတ်တော်အမတ်တချို့ ပြောဆိုနေချိန်မှာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အကောင်းမြင်ဖို့ အချိန်စောနေသေးတယ်လို့ ဝေဖန် ထောက်ပြလိုက်တာပါ။ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲ တာတွေ ဆောင်ရွက်လာတာ တွေ့ရတယ်ဆိုပေမယ့် လူမှု အသိုင်းအဝိုင်းတွေ ကြားမှာ အကြမ်းဖက် ပဋိပက္ခတွေ ကြီးကြီးမားမားရှိနေပြီး ဒါတွေကို အစိုးရဘက်က အပြုသဘောဆောင် ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက်နိုင်တာမျိုးတွေမရှိသေးဘူးလို့လည်း ထောက်ပြကြပါတယ်။

ဒါကြောင့် အမေရိကန်အောက်လွှတ်တော်မှာ ကြာသာပတေးနေ့က ကျင်းပတဲ့ မြန်မာ့အရေးကြားနာပွဲမှာ ကိုယ်တိုင် တက်ရောက်ထွက်ဆိုခဲ့တဲ့ US Campaign for Burma အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Jennifer Quigley ကို အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံကို GSP လို့ခေါ်တဲ့ ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေးတွေ ပြန်ပေးဖို့ စဉ်းစား သုံးသပ်နေတာကို လူ့အခွင့်အရေးအဖွဲ့တွေက ဘာကြောင့် သဘောမတူနိုင်တာလဲလို့ မေးကြည့်ပါတယ်။

“မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင် အမေရိကန်အစိုးရက တွန်းအားပေးဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် GSP လို့ခေါ်တဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေးပေးဖို့ဆိုတာကို ကျမတို့ သဘော မတူတာပါ။ မြန်မာနိုင်ငံမှာ ကလေးလုပ်သားခိုင်းစေမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရတာ၊ အတင်းအဓမ္မ အလုပ်ခိုင်းစေတာ၊ အထူးသဖြင့် မြေယာသိမ်းခံရတဲ့အခြေအနေတွေကို မြန်မာအစိုးကနေ တားမြစ် ကာကွယ်ပေးဖို့ အမေရိကန်အစိုးရအနေနဲ့ ပြောဖို့ ကျမတို့က တောင်းဆိုထားပြီးသား ဖြစ်ပါတယ်။ အမေရိကန်ဘက်က မြန်မာအစိုးရကို ကုန်သွယ်ရေးခံစားခွင့် အများအပြားပေးထားပြီး ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်း ငါးထောင်လောက်ကိုလည်း အခုအခါမှာ အမေရိကန်အစိုးရက အခွန်ကင်းလွတ်ခွင့် ပေးထားပြီးသား ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တဘက်မှာလည်း ဒီမိုကရေစီ စနစ် အမှန်တကယ်ပေါ်ထွန်းဖို့ဆိုရင် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ပေးဖို့ မရှိမဖြစ် လိုအပ်နေတာပါ။ အခုလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဓိကအထောက်အကူဖြစ်စေတဲ့ စီးပွားရေးဆိုင်ရာ ကိစ္စကို ကန့်ကွက်တာဟာ ဒီမိုကရေစီရေးကို အထောက်အကူပြုစေသလားလို့ Jennifer Quigley ကိုမေးကြည့်တော့

“မြန်မာအစိုးရက မကောင်းလို့ ကုန်သွယ်မှုအခွင့်အရေးမပေးသင့်ဘူးလို့ကျမတို့ကပြောတာမဟုတ်ပါဘူး။ အမေရိကန် အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံတာကို လက်ခံပါတယ်။ ဒါပေမယ့် အဲဒီကနေ ပြုပြင် ပြောင်းလဲရေးတွေ အရှိန်ရအောင်လုပ်ဖို့ လိုပါတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ မြေယာတွေ အတင်း သိမ်းပိုက်ခံရတာကို ကျမတို့ မလိုလားဘူး။ အမေရိကန်ကပေးတဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်တွေကို မြေယာကို အတင်း သိမ်းယူထားသူတွေ ရဲ့လက်ထဲမထည့်ပဲ မြေယာကို အမှန်တကယ်ပိုင်ဆိုင်တဲ့ ပြည်သူတွေပဲရသင့်တာပါ။ အမေရိကန်အစိုးရက ဒီအခွင့်အရေး ကို မလွဲှသာလို့ ပေးချင်တယ်ဆိုရင်တောင် မတရားလုယူ သိမ်းပိုက်ထားသူတွေကို မပေးသင့်ဘူးလို့ ကျမတို့က ပြောချင်တာပါ။ ဒါကြောင့် မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ ကျမတို့မှာ နည်းလမ်းနှစ်မျိုး အသုံးပြုသွားဖို့ ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ တကယ်ပဲ ကုန်သွယ်ရေး အထူးအခွင့်အရေး လိုချင်တယ်ဆိုရင် ဒီအကျိုးရလဒ်တွေကို ပြည်သူတွေဆီ တိုက်ရိုက်အကျိုးခံစားခွင့်ရနိုင်တဲ့နည်းလမ်းတွေ ရှာပေးမှဖြစ်မယ်။”

တကယ်လို့များ အမေရိကန်ဘက်က မြန်မာနိုင်ငံမှာ စီးပွားရေးအရ အကူအညီမပေးရင် တရုတ်ရဲ့ လွှမ်းမိုးမှု ပိုပြီး ကြီးလာမှာရော မစိုးရိမ်ဘူးလားလို့ မေးကြည့်ပါတယ်။

“တကယ့်ကိုကောင်းတဲ့မေးခွန်းပါ။ ကျမတို့က စီးပွားရေးကုမ္ပဏီဆိုရင် တရုတ်၊ အမေရိကန်၊ ဥရောပ၊ သြစတြေးလျပဲ ဖြစ်ဖြစ် ဘယ်လူမျိုး ဘယ်နိုင်ငံသား ဆိုတာ အကြောင်းမဟုတ်ပါဘူး။ ဒီကုမ္ပဏီတွေဟာ စီးပွားရေးကျင့်ဝတ်ကို လိုက်နာတာမျိုး ရှိမရှိဆိုတာကိုပဲ ကြည့်တာပါ။ အဓိက ပြောချင်တာက စည်းကမ်းမလိုက်နာတဲ့ တရုတ်ကုမ္ပဏီတွေလိုပဲ အမေရိကန် ကုမ္ပဏီတွေမှာလည်းရှိပါတယ်။ အရေးကြီးတာက ဒီကုမ္ပဏီတွေမြန်မာပြည်သူတွေရဲ့ အကျိုး ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ၊ ခရိုနီတွေ၊ စစ်တပ်နဲ့ပဲ အကျိုးတူ ပူးပေါင်းလုပ်နေတာလားဆိုတာကို ကြည့်ပါတယ်။ ဒါကြောင့် အမေရိကန် ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ကျင့်ဝတ်စည်းကမ်းတွေ သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်။”

USCB အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေဖြစ်တဲ့ EarthRights International, International Labour Rights Forum စတဲ့ အဖွဲ့အစည်း (၂၆) ဖွဲ့ကလည်း သမ္မတအိုဘားမားဆီကို အိတ်ဖွင့်ပေးစာပို့ပြီး GSP လို့ခေါ်တဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး မြန်မာနိုင်ငံကို ပေးဖို့ကိစ္စ ကန့်ကွက်ထားကြတာပါ။

တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေဆိုပြီး အကြောင်းပြချက်နဲ့ မြေယာတွေ မတရားသိမ်းယူတဲ့ကိစ္စ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေ၊ လွတ်လပ်စွာဆန္ဒပြခွင့်မရှိဘူး၊ အခုချိန်ထိ ဖမ်းဆီးအရေးယူနေတာတွေကို ထောက်ပြထားပါတယ်ရှင်။