ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နိုဝင်ဘာလထဲမှာ စပြီးဌာနေပြန်ပို့တော့မယ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နေရပ်ပြန် ရိုဟင်ဂျာတွေအတွက် လုံခြုံမှုမရှိဘူးလို့ USCIRF - အမေရိကန် ပြည်ထောင်စု ဘာသာရေးလွတ်လပ်မှု ကော်မရှင်က အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်သတိပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ ခန့်မှန်းခြေ ရိုဟင်ဂျာဒုက္ခသည် ၉၂၁ ၀၀၀ လောက်ထဲက အများအပြားဟာ မြန်မာစစ်တပ်နဲ့ အစိုးရအဖွဲ့စည်းမဟုတ်တဲ့ နိုင်ငံရေးသြဇာရှိတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့ ရက်စက်မှုတွေကိုခံခဲ့ရသူတွေဖြစ်ပြီး အခုလည်း ဒါမျိုးတွေ ဆက်ပြီး ဖြစ်ပွါးနေတဲ့ အထောက်အထားတွေ ရှိနေတဲ့အတွက် သူတို့ကို ပြန်ပို့မယ်လို့ ၂ နိုင်ငံအစိုးရတွေဘက်က ပြောဖို့ အချိန်မတန်သေးကြောင်း မြန်မာနိုင်ငံကို မနှစ်တုန်းက လာရောက်ခဲ့တဲ့ USCIRF ဒုဥက္ကဌ Kristina Arriaga က ပြောပါတယ်။
ရိုဟင်ဂျာမူစလင်တွေ နေရပ်ပြန်မယ်ဆိုရင် သူတို့အတွက်လုံခြုံမှု မရှိရုံသာမက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဘာသာရေးလွတ်လပ်ခွင့် အပါအဝင် အခြေခံလူ့အခွင့်ရေးတွေ အတွက်ပါ အာမခံချက်မရှိဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ညှိနှိုင်းမှုတွေ ဆက်လုပ်ရေး USCIRF က အားပေးထောက်ခံနေသလို သူတို့သဘောအလျှောက် ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာ နေရပ်ပြန်ဖို့မလုပ်ခင် လုပ်ဆောင်စရာတွေ အများကြီးရှိသေးတယ်လို့လည်း ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန အနေနဲ့ မြန်မာနိုင်ငံကို စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ဖို့ USCIRF ကတောင်းဆိုလိုက်သလို မြန်မာစစ်တပ်နဲ့ အစိုးရအဖွဲ့စည်းမဟုတ်တဲ့ နိုင်ငံရေးသြဇာရှိတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေထဲက ရိုဟင်ဂျာတွေအပေါ် ရက်စက်မှု ကျူးလွန်သူတွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်တာ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာလို့ ပစ်မှတ်ထား အရေးယူမှုတွေ ဆက်လက် ချမှတ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5