ဒုတိယသမ္မတ တဦးကို တိုင်းရင်းသားထဲက ဖြစ်စေလို

ဒုတိယသမ္မတ တဦးကို တိုင်းရင်းသားထဲက ဖြစ်စေလို

ဒုတိယသမ္မတ တဦးကို တိုင်းရင်းသားထဲက ဖြစ်စေလို

ဒီလအကုန်မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်ကနေ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ်မှာ ဒုတိယ သမ္မတနေရာကို တိုင်းရင်းသား ခေါင်းဆောင်တဦးဦးကို ရွေးချယ်တင်မြောက်ဖို့အတွက် ချင်းအမျိုးသား တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌက ပန်ကြားလိုက်ပါတယ်။ ဒီလို ရွေးချယ်တာဟာ တန်းတူညီမျှရေးနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကိုပါ အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဒီပန်ကြားချက်ကို တိုင်းရင်းသားပါတီတွေက ကြိုဆိုထောက်ခံပေမဲ့ ပြည်ထောင်စုလွှတ်တော် ၂ ရပ်မှာ တိုင်းရင်းသားပါတီ အများစုက အနိုင်ရထားတာ မဟုတ်တဲ့အတွက် ဒီပန်ကြားချက်အပေါ်မှာတော့ တချို့က သံသယရှိနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ဒီလ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ခေါ်ယူကျင်းပဖို့အတွက် ကြေညာ ထားတာပါ။ လွှတ်တော်စတင်ချိန်မှာ အစိုးရသစ်ဖွဲ့စည်းဖို့အတွက် တိုင်းနဲ့ပြည်နယ်တွေကို အခြေခံတဲ့ အမျိုးသားလွှတ်တော်၊ မြို့နယ် ဒါမှမဟုတ် လူဦးရေကို အခြေခံတဲ့ ပြည်သူ့လွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုသမ္မတ တယောက်စီ ရွေးချယ်ရမှာဖြစ်ပါတယ်။

ဒီလို ရွေးချယ်ရာမှာ တန်းတူညီမျှရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား ခေါင်းဆောင်တဦးဦးကို ဒုသမ္မတအဖြစ် ရွေးချယ်ကြဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို ချင်းအမျိုးသား တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ပူးဇိုဇမ်က အခုလို ပန်ကြားပါတယ်။

“ကျနော်တို့ ပြည်ထောင်စုအစိုးရလုပ်တော့မယ်ဆိုရင် ကျနော်တို့ မေတ္တာရပ်ခံချင်တာက တိုင်းရင်းသား ထဲက သင့်လျော်တဲ့ပုဂ္ဂိုလ်တဦးဦးပေါ့။ ဒုသမ္မတနေရာကို ရွေးချယ်ပေးကြပါလို့။ အဲဒါက ကျနော်တို့ ပြည်ထောင်စုအတွက်လည်း ကောင်းမှာပါ။ နောက်ပြီးတော့ ကျနော်တို့ရဲ့ တန်းတူရည်တူဖြစ်ဖို့ကိစ္စတွေ ရော၊ အမျိုးသားစည်းလုံးညီညွတ်ဖို့ကိစ္စကိုရော အင်မတန် အထောက်အကူ ဖြစ်လိမ့်မယ်ဆိုပြီးတော့ ကျနော် အဲဒါကို အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်လည်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တဦးပါပဲ။ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို ကျနော် request လုပ် ချင်တယ်။ အဲဒါ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌအနေနဲ့ရော၊ ကျနော့်ပါတီ အနေနဲ့ရော၊ တိုင်းရင်းသား တဦးအနေနဲ့ပါ ကျနော် လုပ်ချင်တဲ့ကိစ္စပါ။”

ဒီလို ရွေးချယ်ရာမှာ ပါတီကိုအခြေပြုရွေးချယ်ဖို့ မရည်ရွယ်ဘူးလို့လည်း သူက ဆက်ပြီး ပြောပါတယ်။

“ကျနော် ပါတီနဲ့စကားမပြောပါဘူး။ အကုန်လုံးက ပါတီ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ပဲ ကျနော် သဘောထားပါတယ်။ ကျနော် ဆိုလိုတာက ကျနော်တို့ မြန်မာပြည်က တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပါတီပေါင်းစုံနဲ့ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အဲဒီအခြေခံရပ်တည်ချက်ပါ။ တိုင်းရင်းသားထဲက တဦးပေါ့။ အဲဒါ ကျနော်တို့ အနာဂတ်နိုင်ငံတော်အတွက် အများကြီး အကျိုးဖြစ်ထွန်း လာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”

ချင်းအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌရဲ့ ပန်ကြားချက်ကိုတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ကြိုဆိုကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။

“စစ်မှန်တဲ့ပြည်ထောင်စုကို ကျနော်တို့ ဦးတည်သွားမယ်ဆိုရင် တိုင်းရင်းသားအရေးကိုလည်း မေ့ပျောက် ပစ်လို့မရဘူးလေ။ တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တဦးဦး ပါလာမယ်ဆိုရင် ခုနကလို တိုင်းရင်း သားကို အခြေခံတဲ့ပါတီတွေ အကုန်လုံးကလည်း လက်ခံမှာပါ။ အဲဒီတော့ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးဆိုတဲ့ ဦးတည်ချက်ကို ပိုပြီးတော့ တိုင်းရင်းသားတွေ ကြားထဲမှာ ဖြေရှင်းဖို့ပဲ ဦးဆောင်ဦးရွက် ပြုနိုင်တဲ့ ပုဂ္ဂိုလ်တဦးမရှိသေးဘဲနဲ့ ဒါ တိုင်းရင်းသားအကုန်လုံးက သရုပ်ဖော်ကြမယ် ထင်ပါတယ်။ ကြိုဆိုပါတယ်။ ကျနော် ထင်ပါတယ်။ ဒီဥစ္စာကလည်း အနိုင်ရတဲ့ပါတီတွေမှာလည်း ပေါ်လစီရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီလို လူနည်းစုအပေါ်မှာ ဦးစားပေးတဲ့သဘောလည်း ဖြစ်သွားမယ်။ သဘောထားပိုပြီး ကြီးမားတဲ့သဘောလည်း ပြည်တွင်းပြည်ပက ရှိနေကြမှာပါ။”

ချင်းအမျိုးသားပါတီရဲ့ ဥက္ကဋ္ဌရဲ့ အဆိုပြုချက် အောင်မြင်ဖို့ကိုတော့ လွှတ်တော်ကျင်းပချိန်မှာ ဖြစ်ပေါ် လာမယ့် နိုင်ငံရေးအခင်းအကျင်းပေါ်မှာ အခြေတည်ပြီး သူတို့ပါတီက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတော့ တိုင်းရင်းသားပါတီတွေ အနိုင်ရတာ နည်းတဲ့အတွက် တိုင်းရင်းသားလူမျိုးစုတွေထဲက ဒုသမ္မတ တနေရာဖို့ကို သံသယရှိနေပါတယ်။

“ဆန္ဒကတော့ ရှိတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေ အပေါ်မှာမူတည်တာပေါ့။ သူတို့ မဲထည့်ပေးရင် တော့ ရမှာပေါ့။ မဲမထည့်ပေးရင်တော့ မရဘူးပေါ့။ အဲဒါလည်း ရှိသေးတာကိုး။ တိုင်းရင်းသားတွေက ထင်သလောက် မနိုင်ဘူးလေ။ တကယ်တမ်းကျရင်လည်း အမျိုးသား လွှတ်တော်ကနေပြီးတော့ ရနိုင်ခြေ ရှိတာပေါ့။ တကယ့် တိုင်းရင်းသားပါတီတွေ နိုင်တယ်ဆိုလို့ရှိရင်တော့ chance ရှိတာပေါ့၊ အခွင့်အရေး ရှိတာပေါ့နော်။ အခုဟာက တိုင်းရင်းသားပါတီတွေက ထိပ်ဆုံးက မနိုင်ဘူးလေ။”

ဒါကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ပြောသွားတာပါ။

လွန်ခဲ့တဲနှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေ ရှိနေပေမဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက အမျိုးသားလွှတ်တော်မှာ ၇၆ ရာခိုင်နှုန်းကျော်နဲ့ ပြည်သူ့လွှတ်တော်မှာ ၇၉ ရာခိုင်နှုန်းကျော် အနိုင်ရထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လွှတ်တော်အတွင်းမှာ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလည်း ပါဝင်မှာဖြစ်တာကြောင့် မဲအများစုကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ အတွင်းမှာ ရှိနေတာလည်း ဖြစ်ပါတယ်။