NLD ရွေးတဲ့သမ္မတလောင်း တိုင်းရင်းသားတွေ ထောက်ခံမည်

မတ်လ ၁၀ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သမ္မတလောင်း ၂ ဦး အမည်စာရင်း တင်သွင်းသွားဖို့ ရှိတဲ့အပေါ် တိုင်းရင်းသားပါတီတွေက ကြိုဆိုလိုက်ပါတယ်။

တိုင်းရင်းသားပါတီအတွေအနေနဲ့ သမ္မတလောင်းအမည်စာရင်း ယှဉ်ပြိုင်တင်သွင်းသွားမှာ မဟုတ်ဘဲ NLD က တင်သွင်းတဲ့ သမ္မတလောင်းတွေကိုပဲ ထောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲအတွင်း တနိုင်ငံလုံးမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်အစည်းအဝေးတွေ စတင်ခဲ့ပြီးနောက် မတ်လ ၁၀ ရက်နေ့မှာ သမ္မတလောင်း အမည်စာရင်းကို တင်သွင်းသွားမှာဖြစ်တယ်လို့ NLD လွှတ်တော် အသိုင်းအဝိုင်းကနေ သတင်းတွေ ထွက်ပေါ်နေပါတယ်။ NLD ပါတီက အခုလို သမ္မတလောင်း ရွေးချယ်တင်မြှေက်မှာနဲ့ ပတ်သတ်လို့ တိုင်းရင်းသားပါတီတွေအနေနဲ့ ထောက်ခံသွားမှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။

“NLD ဘက်က တင်လာတဲ့အခါမှာ ကျနော်တို့ တိုင်းရင်းသားအနေနဲ့ ကန့်ကွက်စရာအကြောင်း မရှိပါဘူး။ ကန့်ကွက်လို့လည်း မနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ် အင်အားက တော်တော့်ကို များပါတယ်။ ကျနော်တို့လည်း ဘာပဲပြောပြော အပြုသဘောနဲ့ ဝိုင်းဝန်းပြီး ထောက်ခံပေးမှာ ဖြစ်ပါတယ်။ USDP က ပြိုင်လာမလား အဲဒီအပေါ်မှာတော့ တဦးချင်းခံစားချက်၊ ပါတီတဖွဲ့ချင်းခံစားချက်ကတော့ ကွာချင်ကွာမှာပေါ့။”

NLD ပါတီကနေ သမ္မတလောင်း ၂ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကနေ သမ္မတလောင်းတဦး အမည်စာရင်းတင်သွင်းပြီး ဥပဒေကြောင်းအရ စိစစ်ပြီးတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်ကနေ မဲပေးရွေးချယ်ပြီး မဲအများဆုံးရသူက သမ္မတ ဖြစ်လာမှာပါ။ ဒါပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတ ရွေးချယ်တဲ့အခါမှာ NLD အနေနဲ့ သတိထား ဆောင်ရွက်သင့်ကြောင်းကိုလည်း ဦးဖေသန်းက အခုလို ထောက်ပြပါတယ်။

“ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးတဲ့အခါမှာ သူတို့အင်အား ၃၉၀ စလုံးကို အရင်ဆုံး တယောက်ယောက်ကို ဦးတည်ပြီးတော့ မဲပေးမှ ကောင်းမယ်လို့ ကျနော်ထင်တယ်။ သို့သော် ဒုသမ္မတနှစ်ယောက်စလုံးကို ပထမတယောက်ကိုတော့ သမ္မတဖြစ်စေချင်တယ်။ နောက်တယောက်ကိုတော့ ဒုသမ္မတဖြစ်စေချင်တယ်ဆိုပြီးတော့ ၃၉၀ ကို မျှပြီးတော့ ပေးမယ်ဆိုရင်တော့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပေါင်းလိုက်ရင် သူတို့ ကျော်သွားလိမ့်မယ်။ အဲ့လိုဆိုရင် တပ်က သမ္မတလည်း ရသွားနိုင်တယ်။ ဒုသမ္မတသစ်ကိုလည်း ရသွားနိုင်တယ်။”

ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် ၆၆၄ ဦး ရှိတာကြောင့် မဲကွဲသွားမယ့် အနေအထားနဲ့ ပတ်သတ်လို့ ဦးဖေသန်းက ပြောသွားတာပါ။ NLD ပါတီဟာ တိုင်းရင်းသားတွေနဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် တိုင်းရင်းသားတွေအရေးနဲ့ ပတ်သတ်ပြီး အလေးထား စဉ်းစားမယ်လို့ မျှော်လင့်ထားကြောင်း ကရင်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး ၁ မန်းမြင့်စိုးက အခုလို ပြောပါတယ်။

“ကျနော်တို့နဲ့ NLD ရဲ့ သဘောထားကလည်း ထပ်တူညီမျှ ကျပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေအပေါ်မှာလည်း နားလည်မှုရှိတယ်။ တိုင်းရင်းသားတွေကိုလည်းပဲ သူတို့နေရာပေးမယ်လို့လည်း ကျနော် သတင်းရပါတယ်။ နောက်အထူးသဖြင့် အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌဆိုလည်း ဒါ သူတို့ တိုင်းရင်းသားတွေကိုပဲ တင်မြှောက်ထားပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်တင်မြှောက်မယ့် သမ္မတလောင်းစာရင်းထဲမှာ တိုင်းရင်းသားတွေလည်း ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး မကြာခင် ကိုယ်စားလှယ်လောင်း တွေ စိစစ်ရွေးချယ်ပြီးချိန် မတ်လလယ်ပိုင်းမှာတော့ သမ္မတနဲ့ ဒုသမ္မတလောင်းတွေအဖြစ် ဘယ်သူတွေ ရွေးချယ်ခံရမယ် ဆိုတာကို သိရမှာဖြစ်ပါတယ်။