သင်္ကြန်တွင်း လုံခြုံရေးသတိရှိ

၂၀၁၂ ခုနှစ် ရန်ကုန်သင်္ကြန်

မြန်မာနိုင်ငံမှာ ရိုးရာ အတာသင်္ကြန်ပွဲကာလ နီးကပ်လာနေတာနဲ့အမျှ ရေကစားပွဲ ဆင်နွှဲဖို့ စတင် ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့လည်း မကြာသေးခင်တုန်းက သွေးထွက်သံယို တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီး နောက်ဆက်တွဲ ဆူဆူပူပူ အခြေအနေတွေ ပေါ်ပေါက်ခဲ့တာမို့ ရေကစားပွဲ လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်တာတွေလည်း ရှိနေကြပါတယ်။ အတာသင်္ကြန်ပွဲတော်နဲ့ လုံခြုံရေးအတွက် ပြင်ဆင်ထားတဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒီသီတင်းပတ်ကုန်မှာ ကျရောက်မယ့် သင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြီးစီးလုနီးပါး ရှိနေသလို၊ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာ ဆိုရင်လည်း မဏ္ဍပ်တွေ ဆောက်လုပ်ပြီး ရေကစားမယ့် သူတွေအတွက် လက်မှတ်တွေလည်း ကြိုတင်ရောင်းချ နေကြတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မကြာသေးခင် လတွေအတွင်း မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်ခဲ့တဲ့ ရန်ကုန်မြို့မှာတော့ လုံခြုံရေး အစီအမံတွေကိုလည်း အာဏာပိုင်တွေက ဆောင်ရွက်နေတဲ့အကြောင်း သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်နေတဲ့ လူရွှင်တော်အရိုင်း ကပြောပါတယ်။

“မဏ္ဍပ်တွေ တော်တော်များများတော့ ရှိနေပါတယ်။ ကမ္ဘာအေး ဘုရားလမ်းမှာလည်း မဏ္ဍပ်တွေရှိတယ်။ ပြည်လမ်းမှာလည်း မဏ္ဍပ်တွေရှိတယ်။ ပြီးတော့ ကန်တော်ကြီး ပတ်လမ်းပေါ့ဗျာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရော၊ ဒီဘက် တာမွေဘက်က ပတ်တဲ့ ပတ်လမ်းတွေရော အဲ့ဒီကန်တော်ကြီး ပတ်လမ်းမှာလည်း သရုပ်ဆောင်တွေရဲ့ မဏ္ဍပ်တွေလည်း အဲ့ဒီဘက်မှာရှိတယ်။ လုံခြုံရေး အခြေအနေကတော့ သူတို့က မဏ္ဍပ်တွေကိုတော့ တပ်လှန့်ထားပါတယ်။ အဲ့ဒါတွေ သတင်းစာတွေထဲမှာလည်း ပါတယ်။ သတင်းဂျာနယ်တွေထဲမှာလည်း ပါပါတယ်။"

"လုံခြုံရေးကို သူတို့ဘက်ကလည်း တတ်နိုင်သလောက် လုပ်ပေးသလို၊ မဏ္ဍပ်တွေရဲ့ တာဝန်ခံတွေကလည်း သူတို့ဆီမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ လက်မှတ်တွေ ဘာတွေ ထိုးထားရတယ်။ တစုံတခုဖြစ်တယ်၊ သူတို့မဏ္ဍပ်က အကြောင်းတစုံတခု ဥပမာထားပါတော့၊ ရန်ဖြစ်တယ် ဘာညာ ဆိုလို့ရှိရင် မဏ္ဍပ်တာဝန်ခံမှာ တာဝန်ရှိတယ်ပေါ့ဗျာ။ အဲ့ဒါမျိုးလေးတွေပေါ့။ ဒါကတော့ နှစ်စဉ် နှစ်တိုင်း လုပ်ရပါတယ်။”

ရိုးရာသင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ မန္တလေးမှာလည်း ရေကစားမဏ္ဍပ်တွေကို လူစည်ကားရာနေရာ အတော်များများမှာ ဆောက်လုပ်ထားပါတယ်။ အခုအချိန်အထိတော့ လုံခြုံရေးအာဏာပိုင်တွေ သိသိသာသာ ချထားတာမျိုး မတွေ့ရသေးပေမဲ့လည်း မကြာသေးခင်တုန်းက ဆူဆူပူပူ ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲအဖြစ် မြို့ခံတွေ လုံခြုံရေးအတွက် သတိရှိဖို့ နှိုးဆော်ထားတာတွေတော့ ရှိနေတုန်းပဲလို့ မန္တလေးမြို့က သတင်းထောက် တယောက်က ပြောပါတယ်။

“အနောက်ဘက်ကျုံးရယ်၊ အရှေ့ဘက်ကျုံးရယ်၊ တောင်ဘက်ကျုံးရယ်မှာတော့ မဏ္ဍပ်အနည်းငယ် တွေ့ရတယ်။ မြောက်ဘက်ကျုံးမှာတော့ လုံးဝမတွေ့ခဲ့ဘူး။ မြို့ထဲမှာလည်း အခု လောလောဆယ်မှာတော့ ရတနာပုံဈေးရှေ့မှာတော့ တခုတွေ့တယ်။ ကျန်တဲ့နေရာတော့ လောလောဆယ်တော့ ကျနော်လည်း မတွေ့မိသေးဘူးဗျ။ လူငယ်တွေကတော့ လည်ကျမယ်နဲ့ တူပါတယ်၊ ခါတိုင်းလိုပဲ လည်မယ်နဲ့တူပါတယ်။ အခုပဲ မဏ္ဍပ်တွေရှေ့မှာဆိုရင် ဘယ်လိုအစီအစဉ်တွေနဲ့ ဧည့်ခံကြိုဆိုရေးတွေကို လုပ်မယ်၊ ဘယ်လိုလုပ်မယ် ဆိုပြီးတော့ Sound Box တွေ ဖွင့်ပြီးတော့ လက်ကမ်းစာစောင်တွေ ဝေနေတာပဲလေ။ နှုန်းတွေကလည်း အရင်လိုပါပဲ မပြောင်းလဲပါဘူး။ အားလုံးပေါင်း အကြို၊ အကြတ်၊ အတက် ဆိုလို့ရှိရင် ကျပ် ၄ သောင်းတို့ ၄ သောင်းခွဲတို့ အစားစားပါ။ ဒါပေမဲ့ ညပိုင်းတွေမှာ ဆိုရင်တော့ တခြားမြို့တွေလိုပါပဲ၊ ညနက်လာလို့ရှိရင် ဆိုင်တွေဘာတွေ ပိတ်ခိုင်းတာတို့ ဘာတို့၊ အဲ့ဒီလို စားသောက်ဆိုင်တို့၊ ဘာတို့ကို ပြောထားတာကတော့ မန္တလေးလည်း ထိုနည်းလည်းကောင်းပါပဲ။”

သင်္ကြန်ကာလ လုံခြုံရေးအတွက်ကိုတော့ ရဲတပ်ဖွဲ့ဝင် ထောင်ဂဏန်းချီပြီး တာဝန်ပေးဖို့ စီစဉ်ထားတဲ့ အကြောင်းလည်း အာဏာပိုင်တွေကို ကိုးကားပြီး ပြည်တွင်းသတင်းတွေက ဖော်ပြနေကြတာပါ။ ဒါပေမဲ့လည်း ဘာသာရေးအရ ကွဲပြားမှုအပေါ် အခြေခံတဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ သီတင်းပတ်လောက်သာ ရှိသေးတာမို့ သင်္ကြန်ပွဲအတွင်း လုံခြုံရေးကိုတော့ အများက စိုးရိမ်နေကြဆဲပါ။ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ ဆူဆူပူပူ အခြေအနေတွေနဲ့ ကြုံခဲ့ရတဲ့ ရန်ကုန်က မြို့ခံတယောက်ကတော့ ရေကစားပွဲတွေမှာ မပါဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

“ခါတိုင်းအခြေအနေနဲ့ စာရင်တော့ လူတွေကတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့နော်။ ကောလဟလတွေကလည်း ပြန့်နေတယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီးတော့။ အဲဒီလိုမျိုး ရှုပ်ရှုပ်ယှက်ယှက်ဆိုတော့ ကျနော်ကတော့ ထွက်ဖို့မရှိဘူး။”

မြို့ခံတချို့ကတော့ သင်္ကြန်ပွဲမှာ ရေပက်ခံထွက်ကြတဲ့ ကားတွေ ငှားရမ်းမှုဟာလည်း အရင်နှစ်ထက် နည်းပါးနေတယ်လို့ ပြောကြပါတယ်။ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အစ္စလာမ်ဘာသာဝင် အများစုအပါအဝင် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ပဲခူးတိုင်းအထိ ကူးစက်ပျံ့နှံ့ခဲ့သလို၊ ရန်ကုန်မြို့မှာလည်း ဆူပူအောင် လှုံ့ဆော်မှုတချို့ ကြုံခဲ့ရတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေကြတာပါ။ ဒါပေမဲ့လည်း ဒီနှစ်သင်္ကြန်ကို အစဉ်အလာအတိုင်း စည်စည်ကားကား ကျင်းပသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း လူရွှင်တော် အရိုင်း ကပြောပါတယ်။

“အမှန်တကယ်တော့ ဒီနှစ်က တကယ်ကို စည်ဖို့၊ စည်မယ်လို့ ကျနော်က ထင်တာပဲလေ။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ဒီနှစ်မှာ လူတွေရဲ့ စိတ်ကလေးတွေလည်း ဘာပဲပြောပြော နိုင်ငံရေး အပြောင်းအလဲတွေရယ်၊ အရင်တုန်းကလို ချစ်ချစ်ခင်ခင်နဲ့ ဘာပဲပြောပြော အရင်ထက်စာရင်တော့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြစ်လာကြတဲ့ အခါကျတော့ ဒီနှစ်တော့ ပျော်မယ်ဆိုပြီးတော့၊ အသားကုန်နွှဲကြမှာပဲ ဆိုပြီးတော့ တွက်ထားတယ်။ သို့သော်ငြားလည်း ပြီးခဲ့တဲ့ အရေးအခင်းတွေဖြစ်၊ ဘာတွေညာတွေ မိတ္ထီလာ ဆူပူမှုတွေဘာတွေ ဖြစ်တဲ့အခါကျတော့ ရန်ကုန်မြို့ပေါ်မှာကတော့ ကျနော်ထင်ပါတယ်၊ သိပ်ပြီးတော့ ရိုက်ခတ်မှုကတော့ ကြီးကြီးမားမားတော့ မရှိဘူး။ အဲဒီတော့ ကျနော်ထင်ပါတယ်၊ စည်တာတော့ စည်ပါလိမ့်မယ်။ ကျနော်တို့ ကခဲ့တဲ့ ပွဲတွေတောင် လူတော်တော်များများ လာတယ်ဆိုတော့ ရန်ကုန်မြို့ အနေအထားနဲ့ ကြည့်မယ်ဆိုရင်တော့ ကောင်းပုံရတယ်။”

မြန်မာ့ရိုးရာ အတာသင်္ကြန် ကာလအတွင်း အဆိုးရွားဆုံး သွေးထွက်သံယို
ဖြစ်ရပ်တခုဖြစ်တဲ့ ၂၀၁၀ ပြည့်နှစ် ရန်ကုန်မြို့ X2O မဏ္ဍပ်က ဗုံးပေါက်ကွဲမှု အတွင်းမှာတော့ လူ ၁၀ ဦး သေဆုံးပြီး ၁၇၀ လောက်အထိ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။ ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်ပြီး လူတချို့ကိုတော့ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး၊ တာဝန်ရှိသူအဖြစ် စွပ်စွဲခံရတဲ့ ကိုဖြိုးဝေအောင် ကိုလည်း သေဒဏ်အထိ အပြစ်ပေးခဲ့တာပါ။

ဒါပေမဲ့လည်း အာဏာပိုင်တွေဖက်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပဲ စီရင်ခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြသလို ထောင်တွင်းမှာ အသည်းကင်ဆာဝေဒနာ အပြင်းအထန် ခံစားနေရတဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ ဒီနှစ်ဆန်းပိုင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပေမဲ့ မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တာလည်း ဖြစ်ပါတယ်။