မြန်မာဘိန်းစိုက်တောင်သူတွေအရေးအလေးထားဖို့ TNI တိုက်တွန်း

ရှမ်းပြည်နယ်က ဘိန်းစိုက်တောင်သူများ

ကမ္ဘာပေါ်မှာဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာဟာ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ အထောက်အကူမဖြစ်တဲ့အကြောင်းနဲ့ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး အစီအစဉ်တွေအတွက် မူဝါဒချမှတ်တဲ့နေရာမှာ ဘိန်းစိုက်တောင်သူတွေကို ပါဝင်စေသင့်တဲ့အကြောင်း အရှေ့တောင်အာရှဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ အကြောင်း သုတေသနပြုနေတဲ့ နယ်သာလန်နိုင်ငံ အခြေစိုက် Transnational Institute (TNI) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်တောင်သူတွေရဲ့ ဆွေးနွေးပွဲ Myanmar Opium Farmers Forum ၂၀၁၃ခုနှစ်က စတင်ပြီး နှစ်စဉ်ပုံမှန် ကျင်းပလာခဲ့ရာမှာ၊ တွေ့ရှိချက်တွေကို အခြေခံပြီး အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြင်ဦးလွင်မြို့မှာ ကျင်းပတဲ့ တတိယအကြိမ်မြောက် ဘိန်းစိုက်တောင်သူများဆွေးနွေးပွဲမှာ ဘိန်းအဓိက စိုက်ပျိုးတဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်း က တောင်သူတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့ကြပြီး၊ အစိုးရရဲ့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မူဝါဒတွေ ချမှတ်ရာမှာ ဘိန်းစိုက်တောင်သူတွေ ပိုမိုပါဝင်ခွင့်ရဖို့ အဓိကထားပြီး တောင်းဆိုခဲ့ကြပါတယ်။

TNI က ထုတ်တဲ့အစီရင်ခံစာမှာ အဓိက တွေ့ရှိချက်အနေနဲ့ ဘိန်းစိုက်ပျိုးတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးပြီး၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနဲ့ ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် မူဝါဒ ချမှတ်တဲ့နေရာမှာ ဘိန်းစိုက်တောင်သူတွေကို အခုထက်မက ပါဝင်ခွင့်ပေးဖို့ လိုတယ်လို့ TNI က သုတေသီ Ernestien Jensema က ပြောပါတယ်။

“ဘိန်းစိုက်ပျိုးတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးနိုင်မယ်ဆိုရင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အများကြီး အထောက်အကူဖြစ်မှာပါ။ အဲဒါနဲ့ ဆိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး၊ သူတို့ရဲ့ ဘ၀ ရပ်တည်မှုအတွက် ပမာဏ အနည်းငယ်လောက် စိုက်ပျိုးတာကို ခွင့်ပြုသင့်ပါတယ်။ ဘိန်းစိုက်ခင်းတွေကို လုံး၀ ရှင်းမပစ်ခင် ဘိန်းစိုက်တောင်သူတွေရဲ့ စားဝတ်နေရေးနဲ့ သူတို့ရဲ့ သားသမီးတွေရဲ့ ပညာရေးကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေဖြစ်အောင် အရင်လုပ်ဖို့ လိုပါတယ်။”

ဘိန်းစိုက်ပျိုးနေတဲ့ တောင်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ဘဝရှင်သန်ရေးအတွက် ဘိန်းစိုက်ပျိုးနေရတာဖြစ်တဲ့အပြင်၊ အခြား ငွေပေါ်သီးနှံတွေ စိုက်ပျိုးဖို့ လိုအပ်ချက်တွေ၊ ရောင်းချဖို့ ဈေးကွက်မရှိတဲ့အတွက် ဘိန်းကိုပဲ မဖြစ်မနေစိုက်နေရတာဖြစ်တဲ့အကြောင်း၊ ဝေးလံတဲ့ တောင်ပေါ်ဒေသတွေမှာ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းတွေဆီသွားဖို့ အလွန်ခက်ခဲတဲ့အတွက် ရောဂါဘယ အတော်များများကို ကုသဖို့ ဘိန်းကို တွင်တွင်ကျယ်ကျယ် သုံးနေရဆဲဖြစ်တဲ့အကြောင်း နဲ့ အစိုးရအနေနဲ့ ဘိန်းစိုက်တာကို ရာဇဝတ်မှုလို သတ်မှတ်ပြီး လုံး၀ ပပျောက်အောင် ကြိုးပမ်းမယ့်အစား မိသားစု ဝမ်းရေး ပြေလည်ဖို့ တစ်ပိုင် တစ်နိုင်စိုက်ပျိုးတာကို တရားဝင်ခွင့်ပြုပေးသင့်တဲ့ အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အစိုးရရဲ့ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ၂၀၁၉ခုနှစ်မှာ မူးယစ်ဆေးဝါး လုံးဝပပျောက်ဖို့ ရည်မှန်းချက်ထားဆောင်ရွက်နေတဲ့အပေါ်မှာလည်း သူမက အခုလို သုံးသပ်ခဲ့ပါတယ်။

“အခုအချိန်အထိတော့ အောင်မြင်တယ်လို့ မထင်ပါဘူး။ အစိုးရရဲ့ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး အစီအစဉ်တွေက ကျယ်ပြန့်မှုမရှိတဲ့အပြင်၊ ဖွံ့ဖြိုးရေး အစီအစဉ်တွေ လုပ်ဆောင်ရာမှာလဲ ဘိန်းစိုက်တောင်သူတွေကို ပါဝင်ခွင်မပေးတဲ့အတွက် ထိရောက်မှုမရှိပါဘူး။ ပါဝင်မှုမရှိတဲ့အတွက် ဘိန်းအစားထိုးသီးနှံ စိုက်ဖို့ မျိုးစေ့ပေးတဲ့ အချိန် မမှန်တာတို့၊ စိုက်ဧကနည်းတဲ့ တောင်သူ အများအပြားဟာ ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ ပါဝင်ခွင့်မရတာတို့လို အခက်အခဲတွေ ရှိနေပါတယ်။ အစိုးရရဲ့ အစီအစဉ်အများစုဟာ တောင်သူအများစုအတွက် မလံလောက်ဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့် အစိုးရရဲ့ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး လုံး၀ ပပျောက်ဖို့ ရည်မှန်းထားတာ အောင်မြင်နိုင်ခြေမရှိပါဘူး။အခုအချိန်မှာ ဘိန်းစိုက်ပျိုးမှုကို အမှီပြုပြီး အသက်မွေးနေတဲ့ မိသားစုက သုံးသိန်းလောက်အထိ ရှိနေပါတယ်။ အဲဒီဘိန်းစိုက်တောင်သူ အားလုံး ၂၀၁၉ ခုနှစ်မှာ အခြား ဘိန်းအစားထိုးသီးနှံ တစ်မျိုးမျိုကို ပြောင်းစိုက်နိုင်အောင် လုပ်ပေးဖို့ မလွယ်ပါဘူး။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုနဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေနဲ့ ဆက်စပ်မှုရှိနေတာကိုလည်း သူမက အခုလို ရှင်းပြခဲ့ပါတယ်။

“ဘိန်းစိုက်တာဟာ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေနဲ့ အထူးကိုက်ညီတာကို တွေ့ရပါတယ်။ ထွက်လာတဲ့ ဘိန်းကို ပမာဏ နည်းနည်းနဲ့ အကြာကြီး သိုလှောင်ထားနိုင်တယ်။ အထွက်နှုန်းလည်း မြင့်တယ်။ နောက်ပြီး ဘိန်းစိုက်တောင်သူတွေဟာ သီးနှံတွေ ရောင်းချဖို့ ဈေးကွက်ရှိတဲ့နေရာကို အလွယ်တကူ မသွားနိုင်ကြဘူး။ ဘိန်းကို ဝယ်ချင်တဲ့သူက ရွာတွေအထိဆင်းပြီး ဝယ်တဲ့အတွက် ရောင်းရတာလဲ ပိုလွယ်တယ်။ နောက်ပြီး ဘိန်းစိုက်တာကို ခွင့်ပြုဖို့ လက်နက်ကိုင် အဖွဲ့တွေကို ဘိန်းခွန်အနေနဲ့ ပေးရတဲ့အတွက် ဘိန်းစိုက်ပျိုးမှုဟာ ပဋိပက္ခတွေ ရှည်ကြာစေတဲ့ အကြောင်းတစ်ခုအဖြစ် ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဖြစ်နေတဲ့ ပဋိပက္ခကြောင့် ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းအစားထိုးသီးနှံ တစ်ခုခုပြောင်း စိုက်ဖို့ အခက်တွေ့ပြီး၊ မူးယစ်ဆေးပပျောက်ဖို့ အတားအဆီး ဖြစ်စေပါတယ်။”

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာက လာတဲ့ ဖိအားတွေအရ မူးယစ်ဆေးဝါး ပပျောက်ဖို့အတွက် ရည်မှန်းချက်တွေ ချမှတ်ပြီး လုပ်ဆောင်တာကို ကြိုဆိုသင့်သလို၊ တစ်ဖက်မှာလည်း ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ဘိန်းကို မဖြစ်မနေ စိုက်နေရတဲ့ ဘိန်းစိုက်တောင်သူတွေရဲ့ အခြေအနေကို နားလည်ဖို့ လိုအပ်တယ်လို့ သူမက ပြောပါတယ်။