ဆီတင်ရထား တိမ်းမှောက်မှု အာဏာပိုင်တွေ စုံစမ်းနေဆဲ

မန္တလေး - မြစ်ကြီးနား ကုန်တင် ဆီတွဲရထား စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အနီး လမ်းချော် တိမ်းမှောက်ခဲ့စဉ်။ (နိုဝင်ဘာလ ၉ ရက်၊ ၂၀၁၂)။

မန္တလေးကနေ မြစ်ကြီးနားကိုသွားတဲ့ ကုန်တင် ဆီတွဲရထားတစီး သောကြာနေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အနီး လမ်းချော် တိမ်းမှောက်ခဲ့တာမှာ သေဆုံးသူဦးရေ ၂၅ ဦးအထိ ရှိနေပြီး ဒဏ်ရာရသူပေါင်း ၁၀၀ နီးပါး ရှိတယ်လို့ မြန်မာအစိုးရ အရာရှိတွေက စနေနေ့က ပြောပါတယ်။

ရထားက ထွက်ကျလာတဲ့ ဆီတွေကို ယူဖို့ အပြေးအလွှား ကြိုးစားကြတဲ့ ရွာသားတွေ ဆီတိုင်ကီတွေ ပေါက်ကွဲတဲ့အခါမှာ ထိခိုက် ဒဏ်ရာရခဲ့ကြတယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၆၄ ဦး ဒဏ်ရာ ရခဲ့တဲ့အကြောင်း မြန်မာအစိုးရ ရုပ်မြင်သံကြားမှာ သောကြာနေ့က ကြေညာပါတယ်။ လောလောဆယ် ရထားတွဲ အပျက်အစီးတွေကို ရှင်းလင်းနေပြီး ရထားလမ်း ပြန်လည် အသုံးပြုနိုင်ဖို့ အင်ဂျင်နီးယာတွေက ကြိုးစားနေတဲ့အကြောင်း မြန်မာ့မီးရထား ဌာနက အရာရှိတဦးက မနေ့က ပြောပါတယ်။

ဘာကြောင့် ခုလို ရထားလမ်းချော် တိန်းမှောက်ခဲ့တာလဲ ဆိုတာကို စုံစမ်းစစ်ဆေးသူတွေက မနေ့က စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အကြောင်းရင်းကိုတော့ သေချာ မသိရသေးပါဘူး။ မန္တလေး မြစ်ကြီးနား မီးရထားလမ်းဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်းကလည်း အခုလို လမ်းချော်တာမျိုးတွေ မကြာခဏ ဖြစ်ပွားတတ်ပါတယ်။ ဒီနှစ် ဧပြီလအတွင်းကတော့ ကချင်ပြည်နယ် မော်ဟန် အနီးမှာ မိုင်းပေါက်ကွဲတာကြောင့် ရထားတွဲ ၈ တွဲ လမ်းချော်ကျခဲ့ရဖူးပါတယ်။