ရခိုင်နဲ့ ကချင်ပြည်နယ် ဒုက္ခသည်တွေ အခက်အခဲ ကုလထောက်ပြ

အင်္ဂါနေ့က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။

အင်္ဂါနေ့က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက ပဋိပက္ခဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ အပြည့်အဝပေးနိုင်ဖို့ အဟန့်အတား အတော်များများ ရှိနေတယ်လို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-Wha Kang က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက စစ်တွေမှာ နိုင်ငံတကာ အကူအညီပေးရေးရုံးတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ဟာလည်း၊ ကူညီရေးလုပ်ငန်းတွေအတွက် လုံခြုံရေးအရ စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ထောက်အတွင်းရေးမှူးချုပ် Kang ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်က သွားရောက်ခဲ့ပြီးနောက်၊ မနေ့တုန်းက နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်သွားတဲ့ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-wha Kang ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆို ဝေဖန်ခဲ့တာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံတကာ လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေကို လေ့လာသုံးသပ်ဖို့ သွားရောက်ခဲ့တဲ့ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-wha Kang ဟာ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်နဲ့ မြောက်ပိုင်း ကချင်ပြည်နယ်က ဒုက္ခသည်စခန်းအချို့ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်း ဒုက္ခသည်တွေအတွက် လူသားချင်း စာနာကူညီမှုတွေ ရောက်ရှိနိုင်ရေးမှာ အခက်အခဲတွေ ရှိတာတူညီပေမဲ့ ဘယ်လိုကြောင့် ခက်ခဲသလဲဆိုတဲ့ မတူညီတဲ့ အကြောင်းတရားတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်တွင်းမှာဆိုရင် စစ်ပြေးဒုက္ခသည် တဝက်လောက်ပဲ အစိုးရထိန်းချုပ်တဲ့ နယ်မြေထဲမှာရှိပြီး KIO ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ်ရာနယ်မြေထဲမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေရောက်ဖို့ အကန့်အသတ်တွေ အတော်ကြီးတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာတော့ ကူညီရေးအတွက် အဟန့်အတား ဖြစ်စေတဲ့အကြောင်း အတော်များများ ရှိနေတယ်လို့ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-wha Kang က ပြောပါတယ်။

“ဒုက္ခသည်စခန်းတွေကို လူသားချင်း စာနာကူညီမှုတွေ ပေးနိုင်ဖို့မှာ အဟန့်အတားကိစ္စ အတော်များများ ရှိနေပါတယ်။ တချို့ဒုက္ခသည်စခန်းတွေကို သွားလာရေးက အတော်ကြီး ခက်ခဲပါတယ်။ ဥပမာဆိုရရင် ဒုက္ခသည်စခန်းတခုကို သွားရာမှာ စစ်တွေကနေ လှေနဲ့ ၂ နာရီ သွားခဲ့ရပါတယ်။ ဒါကြောင့် အဲဒီက ဒုက္ခရောက်နေတဲ့ လူမှုအသိုင်းအဝိုင်းဆီကို ရောက်ဖို့ဆိုတာ အတော်ကြီး ခက်ခဲပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုတွေကို ဘက်လိုက်မှုမရှိဘဲ အကောင်းဆုံး ဆောင်ရွက်ပေမဲ့လည်း၊ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှု လုပ်ငန်းအပေါ် ယုံကြည်မှု မရှိတာကလည်း အခက်အခဲတရပ်ပါ။ အခြေခံကတော့ ကုလသမဂ္ဂ အကူအညီတွေဟာ မူဆလင်တွေအတွက် ဘက်လိုက် ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံရခိုင်တွေက ထင်မြင် ယူဆကြတာပါ။ ကုလသမဂ္ဂ လုပ်ငန်းအပေါ် ဒေသခံတွေက မယုံကြည်တာ၊ တခါတရံမှာ ရန်လိုတာတွေဟာ အကူအညီ သွားရောက်ပေးနိုင်ဖို့ အခက်အခဲ ရှိစေပါတယ်။ အုပ်ချုပ်ရေးပိုင်းက အဟန့်အတား ကိစ္စရပ်တွေလည်း ရှိပါတယ်။ အကူအညီတွေပေးဖို့ အာဏာပိုင်တွေရဲ့ ခရီးသွား ခွင့်ပြုချက် လိုပါတယ်။ ဒီလို အခြေအနေ အားလုံးကြောင့် ရခိုင်ပြည်နယ်အတွင်း အကူအညီတွေ အပြည့်အ၀ သွားရောက်ပေးနိုင်ဖို့ အခက်အခဲ ရှိပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ ရှိတဲ့နေရာကလည်း သွားလာရေး ခက်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းကို ရောက်တော့ အဲဒီက အမျိုးသား၊ အမျိုးသမီးတွေ ကလေးငယ်တွေရဲ့ နေထိုင်ရမှုအခြေနေဟာ သူ့အတွေ့အကြုံအရ တခါမှ မကြုံဖူးတဲ့ ဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ Ms. Kang က ပြောပါတယ်။ ဒုက္ခသည်တွေထဲမှာ အများစုက မူဆလင်တွေဖြစ်ပြီး၊ သူတို့ဟာ အာဏာပိုင်တွေရဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ သွားလာခွင့် ကန့်သတ်ခံနေရတယ်လို့ ပြောပါတယ်။ ဒီ သွားလာခွင့် ကန့်သတ်ခံရတဲ့ အခြေအနေကြောင့်လည်း ကျန်းမာရေး၊ ပညာရေးကအစ စားဝတ်နေရေးအဆုံး ရှင်သန်ရပ်တည်ဖို့ အခက်အခဲ အတော်ကြီးတယ်လို့ ဆိုပါတယ်။

“လွတ်လပ်စွာ သွားလာခွင့်ဆိုတာ အခြေခံ လူ့အခွင့်အရေးတရပ် ဖြစ်ပါတယ်။ ဒီလွတ်လပ်ခွင့် မရှိဘူးဆိုရင်တော့ စားဝတ်နေရေး အခြေခံ ရပိုင်ခွင့်တွေမှာ အကန့်အသတ် ကြုံပါလိမ့်မယ်။ ဒါကြောင့် လုံခြုံရေးအရ ထည့်တွက်ရပေမဲ့လည်း၊ ဒုက္ခသည်တွေ ပိုပြီး လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် နည်းလမ်းရှာဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။”

တချိန်တည်းမှာ ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေ ကူညီရေး လုပ်သားတွေအတွက် လုံခြုံရေးဟာ စိုးရိမ်စရာရှိတုန်းပဲလို့ ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်တွေက ကုလသမဂ္ဂနဲ့ NGO ရုံးတွေကို အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ထိထိရောက်ရောက် စုံစမ်း အရေးယူနိုင်တာမျိုး မရှိဘူးလို့ ပြောပါတယ်။

“မတ်လတုန်းက ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ ကူညီရေး အဖွဲ့အစည်းပိုင် ပစ္စည်းတွေ တိုက်ခိုက်ဖျက်ဆီးခံရတာ အပျက်အစီး အတော်များပါတယ်။ ဆန္ဒပြသူတွေရဲ့ အကြမ်းဖက်မှု အတိုင်းအတာက အတော့်ကို တုန်လှုပ်စရာ ကောင်းပါတယ်။ လူအထိအခိုက် မရှိဘူးဆိုပေမဲ့ အဆောက်အဦးနဲ့ ပစ္စည်းတွေ အတော်များများ ပျက်စီးခဲ့ပါတယ်။ ဒီအကြမ်းဖက်သူတွေကို အရေးယူဖို့ အာဏာပိုင်တွေ အထူးသဖြင့် ဗဟိုအစိုးရကို ကျမတို့ တိုက်တွန်း တောင်းဆိုနေပါတယ်။ အခုအချိန်ထိတော့ စုံစမ်းစစ်ဆေးမှုတွေလည်း အနည်းအကျဉ်းပဲ လုပ်နိုင်ပါသေးတယ်။ ဒီကိစ္စကို အသေအချာ မဖြေရှင်းနိုင်ဘူးဆိုရင် ကုလသမဂ္ဂနဲ့ NGO အဆောက်အဦး ပစ္စည်းတွေကို ဖျက်ဆီးတိုက်ခိုက်တာဟာ ဥပဒေကင်းလွတ်ခွင့် မရဘူးဆိုတာ မပြနိုင်ဘူးဆိုရင်တော့ လုံခြုံရေး အခြေအနေ စိုးရိမ်စရာ ရှိနေဦးမှာပါပဲ။”

သတင်းစာရှင်းလင်းပွဲအတွင်း ရိုဟင်ဂျာအသုံးအနှုန်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ရှောင်သုံး မသုံး သတင်းထောက်တွေက မေးကြပါတယ်။ ကုလသမဂ္ဂ အနေနဲ့ကတော့ အခြေခံရပ်တည်ချက်အရ လူမှုအသိုင်းအဝိုင်း တခုအနေနဲ့ သူ့လူမျိုး အခေါ်အဝေါ် သတ်မှတ်မှုအတိုင်း အသိအမှတ်ပြုသွားမှာ ဖြစ်ပေမဲ့လို့၊ အခု ရခိုင်ပြည်နယ်အရေးမှာ အတော်လေး ဒီအခေါ်အဝေါ်က အကဲဆပ်နေတာကြောင့် ပဋိပက္ခတွေ တင်းမာမှုတွေ ထပ်မဖြစ်လာစေဖို့ သူ့အနေနဲ့တော့ သတိထား ရှောင်ပြီး သုံးနှုံးခဲ့တယ်လို့ ဖြေပါတယ်။

သူရဲ့ အခုခရီးစဉ်ဟာ ကချင်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်ခဲ့တာ သုံးနှစ်ပြည့်အချိန်ကာလနဲ့၊ ရခိုင်ပြည်နယ်မှာတော့ ဘာသာရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာ နှစ်နှစ်ပြည့် ကာလနဲ့လည်း တိုက်ဆိုင်နေတယ်လို့ ပြောပါတယ်။ ဒုက္ခသည်တွေဟာလည်း ဒီပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသူတွေပါ။

လက်ထောက်အတွင်းရေးမှူးချုပ် Kang ဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်မှာ မြန်မာဒုသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လူမှုဖူလုံရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီးတို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပြီး လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေ တိုးတက်လာစေဖို့ ဆွေးနွေး အကြံပြုမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။