ခိုင်မာတဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ အမေရိကန်လိုလား

ခိုင်မာတဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ အမေရိကန်လိုလား

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ မြင်နေရပေမဲ့လည်း ပြီးခဲ့တဲ့သင်ခန်းစာအရ အချိန်မရွေး နောက်ပြန် လှည့်သွားနိုင်တာမျိုးကို သတိထားနေရတယ်လို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ပြောပါတယ်။ ဒါကြောင့် ရလဒ်ကောင်းထွက်မယ့် အပြောင်းအလဲတွေ ခိုင်ခိုင်မာမာရှိနေဖို့နဲ့ ဒီလို ပြောင်းလဲမယ်ဆိုရင် အမေရိကန်ဘက်ကလည်း ပူးပေါင်းကူညီသွားဖို့ ပြင်ဆင်ပြီးသားဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောပါတယ်။ မနေ့က ရန်ကုန် အမေရိကန်သံရုံး သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုသွားတာတွေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက အစီရင်ခံထားပါတယ်။

နှစ် ၅၀ ကျော်အတွင်း ပထမဆုံးရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေနဲ့ အခုလို လာရောက်တာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုတယ်ဆိုတဲ့အချက်နဲ့ ဒါတွေဟာ တကယ်ပဲ အလားအလာကောင်းတွေကို ဦးတည်နေပြီလား ရလဒ်ကောင်းတွေ ထွက်နိုင်မလား ဆိုတာကိုလည်း စမ်းသပ်လေ့လာကြည့်ဖို့ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောခဲ့ပါတယ်။ အထူးသဖြင်တော့ ခိုင်ခိုင်မာမာရှိတဲ့ ပြောင်းလဲမှုတွေ မြင်ချင်တယ်ဆိုတာကို အစိုးရအာဏာပိုင်တွေနဲ့တွေ့စဉ်မှာ အသေအချာ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိအနေအထားမှာတော့ ပြောင်းလဲမှုတွေကို ကြိုဆိုတယ်၊ ဒါပေမဲ့ သတိထားပြီး စောင့်ကြည့်နေတယ်လို့ ဝန်ကြီးကလင်တန်က သတင်းထောက်တွေကို ပြောသွားပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွေကို အခုလိုပဲ အရှိန်ကောင်းကောင်းနဲ့ ဆက်လုပ်နေမယ် ဆိုရင်တော့ ကျမတို့ ဘက်လည်း နောက်ထပ်ခြေလှမ်းတွေ လှမ်းဖို့ ပြင်ထားပါပြီ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့သမိုင်းကြောင်းအရ သတိထားစရာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာပဲ အခြေအနေတွေ ဆိုးဆိုးရွားရွား နောက်ပြန်လှည့်သွားတာတွေ၊ အလွန်အမင်း စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေ ရှိခဲ့တာပါ။ ဒါကြောင့် မြန်မာပြည်မှာ ဒီမိုကရေစီဖြစ်ထွန်းရေးနဲ့ စီးပွားရေး လွတ်လပ်ခွင့်တွေအတွက် တကယ့်ကို စစ်စစ်မှန်မှန် ရလဒ်ကောင်းတွေ ဖြစ်စေမယ့် ပြုပြင်ပြောင်းလဲမှုတွေ ခိုင်ခိုင်မာမာ ရှိစေချင်ပါတယ်။ ဒီလို အလားအလာ ကောင်းတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ဒီအတိုင်းပဲ အမေရိကန်ပြည်ထောင်စု ကလည်း အတူတွဲလျှောက်သွားဖို့ ပြင်ဆင်ထားတယ်ဆိုတာကို ထပ်ပြောလိုက်ပါရစေ။”

တချိန်တည်းမှာလလည်း မြန်မာ့လွတ်လပ်ရေးပြီးကတည်းက ဆုံးရှုံးခဲ့ရတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စတွေနဲ့ အဲဒီအတွက် စိန်ခေါ်ချက်တွေကိုလည်း သူ့ရဲ့ခရီးစဉ်အတွင်း သက်ဆိုင်သူတွေနဲ့ ဆွေးနွေးပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။

“လှပချစ်စရာကောင်းပြီး အသွင်အမျိုးမျိုးရှိတဲ့ ဒီတိုင်းပြည်ကြီးရဲ့ ကိစ္စရပ်တိုင်းမှာ လူတိုင်း မျှေ၀ ပါဝင်ပတ်သက်နိုင်မှု မရှိသေးသရွေ့တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး စစ်မှန်တဲ့တရားမျှတမှု ဆိုတာ ရှိမှာမဟုတ်ပါဘူး။ အခုလို နိုင်ငံရေး လူမှုရေးဆိုင်ရာ၊ အထူးသဖြင့် ရန်ကုန်မြို့ပေါ်မှာ တိုးတက်မှုအချို့ မြင်နေရပေမဲ့လည်း တိုင်းပြည်ရဲ့ အခြားနေရာတွေ အထူးသဖြင့်တော့ လူမျိုးစု တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေ ဆက်ရှိနေပါတယ်။ ဒီလိုပဋိပက္ခတွေအပြင် ဆင်းရဲမွဲတေမှုတွေ၊ ရောဂါဘယ ထူပြောမှုတွေ၊ ပညာမတတ်မှုတွေလည်း ရာခိုင်နှုန်းမြင့်မြင့်မားမား ရှိနေပါတယ်။ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာကိုလည်း စစ်လက်နက်သဖွယ် စနစ်တကျ အသုံးပြုနေတာတွေ ရှိပါတယ်။”

မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေ တိုးလာတိုင်း ဒီအတိုင်းအတာအပေါ်မှာ အမေရိကန်ပြည်ထောင်စုဘက်က တုံ့ပြန် ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က သူ့ခရီးစဉ်အတွင်းမှာ ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေဘက်က လိုလားနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် ပိတ်ဆို့မှု ပြန်ရုပ်သိမ်းရေး အခြေအနေ အလားအလာဟာလည်း မြန်မာအာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်အပေါ်မှာ တည်လိမ့်မယ်လို့ သူက ပြောသွားပါတယ်။ လတ်တလောအားဖြင့် ဒီအရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန် စောသေးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် အကူအညီ ဒေါ်လာ ၁.၂ သန်း ကူညီသွားဖို့ရှိပြီး ဒါတွေကတော့ အသေးစား ချေးငွေထုတ်ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးပိုင်း ဆိုင်ရာ ကူညီထောက်ပံ့မှု ကိစ္စရပ်တွေမျိုးတွေမှာ သုံးစွဲမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကိုလည်း လူမှုအဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့မှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး ကိစ္စကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီးထောက်ခံတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။ ဒါတွေဟာ တချိန်ချိန်မှာ မြန်မာနိုင်ငံတွင်းကနေ ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဆိုပါတယ်။ အရင်ဆုံးတော့ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့တာမျိုး အရေးကြီးပြီး အခုတော့ အစိုးရက ဒီအဆင့်ကို ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီကော်မရှင်ရဲ့ လွတ်လပ်မှု၊ သမာသမတ်ကျမှု၊ ကျွမ်းကျင်မှုတွေအတွက် နိုင်ငံတကာအကူအညီတွေ တောင်းခံဖို့လိုအပ်ပြီး ဒီလူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာတွေကို ပြန်လည် ကိုင်တွယ်နိုင်ဖို့ဟာလည်း အစိုးရသစ်နဲ့ အတိုက်အခံတွေအကြား မိမိတို့နည်းနဲ့ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ထောက်ပြသွားပါတယ်။