အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရေး အလွယ်တကူ မဖြစ်နိုင်

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရေး အလွယ်တကူ မဖြစ်နိုင်

မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံ အစိုးရတွေက စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ ကိစ္စကို ရုပ်သိမ်းပေးရေးနဲ့ ပတ်သက်ပြီး မကြာသေးခင်က ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေကြား တောင်းဆိုမှုတွေ ရှိသလို ပြီးခဲ့တဲ့အပတ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အင်ဒိုနီးရှားမှာ တွေ့ကြတဲ့ အခါမှာလည်း ထပ်မံ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရတွင်းမှာ လက်ရှိ ဘယ်လိုသဘောထားတွေ ရှိနေပါသလဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နော်ရှိုးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ် နိုင်ငံတကာက ထားရှိတဲ့ မူတွေနဲ့ ပတ်သက်ပြီး ဒီနောက်ပိုင်း အများက အာရုံစိုက်နေတဲ့ ကိစ္စတခုက မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ ကိစ္စပါ။ ဒီအပေါ်မှာလည်း အမြင်တွေက အမျိုးမျိုး ရှိနေကြပါတယ်။ စစ်အစိုးရကတော့ မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျတာ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့်လို့ အပြစ်ဖို့ပါတယ်။ ဒါကို တချို့က မြန်မာနိုင်ငံ စီးပွားရေး ပြဿနာက ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် မဟုတ်ဘဲ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတာကြောင့် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ထိန်းထားသင့်တယ်လို့ ပြောပါတယ်။

တဘက်မှာ တချို့က ပိတ်ဆို့ဒဏ်ခတ်မှုဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှေ့ဆက်သွားဖို့ အဟန့်အတားဖြစ်တယ်၊ ပိတ်ဆို့ ဒဏ်ခတ်မှုဟာ အပြောင်းအလဲအတွက် ထိရောက်မှု မရှိဘူးဆိုပြီး ရုပ်သိမ်းသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။

မကြာသေးခင်က ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ တိုင်းရင်းသား ဒေသတွေမှာ ကုန်သွယ်ရေး၊ နည်းပညာ ဖွံ့ဖြိုးရေးတွေအတွက် အခက်အခဲ ဖြစ်စေတယ်ဆိုပြီး ရုပ်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ တခါ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ပြီးခဲ့တဲ့အပတ် အင်ဒိုနီးရှားမှာ တွေ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာ၊ ရွေးကောက်ပွဲ ကျင်းပခဲ့တာဟာ တိုးတက်မှုဖြစ်တယ် ဆိုတာကို ထောက်ပြပြီး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီတော့ ဒီ ပိတ်ဆို့ ဒဏ်ခတ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ လက်ရှိ သဘောထား ဘယ်လိုရှိသလဲ ဆိုတာကို သိရအောင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်း (Joseph Yun) ကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အမေရိကန်က မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်တာနဲ့ ပတ်သက်ပြီး ပြောဆိုသံတွေ အမျိုးမျိုး ရှိနေပါတယ်။ တချို့ကျတော့လည်း အမေရိကန် အစိုးရ အနေနဲ့ ဘယ်အခြေအနေမျိုး ရှိပြီဆိုရင် ပိတ်ဆို့ ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးမယ်ဆိုပြီး သတင်းမီဒီယာတွေထဲမှာ ရေးတာကိုလည်း တွေ့ရပါတယ်။ ဒါကို ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ တရားဝင် တုံ့ပြန်တာ မရှိသေးပါဘူး။ စဉ်းတော့ စဉ်းစားရပါလိမ့်မယ်။ ပိတ်ဆို့ ဒဏ်ခတ်မှု တခုစီကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို လွှတ်တော်နဲ့ ဆုံးဖြတ်ရမှာပါ။ ဒါကို ဆောင်ရွက်ရတာ အင်မတန် ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စပါ။ ပိတ်ဆို့ ဒဏ်ခတ်မှုကလည်း တခုတည်း မဟုတ်ဘူးဆိုတော့ တခုခုလုပ်ဖို့ဆိုရင် လွှတ်တော်မှာ အဆင့်ဆင့် ဆွေးနွေးငြင်းခုံရဦးမှာ ဖြစ်သလို သမ္မတဆီက ညွှန်ကြားချက်လည်း လိုပါတယ်။ အင်မတန် ရှုပ်ထွေးတဲ့ ကိစ္စပါ။ ဒီအချက်တွေ ပြည့်မီရင် ရုပ်သိမ်းပေးမယ်လို့ လွယ်လွယ်နဲ့ ပြောလို့မရပါဘူး။”

လာမယ့် တနင်္လာနေ့၊ ဇန်နဝါရီလ ၃၁ ရက်နေ့ကျရင် ပထမဦးဆုံး လွှတ်တော်ခေါ်တော့မယ် ဆိုတော့ အခုလို အပြောင်းအလဲ ဖြစ်လာမယ့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်ကိုရော အမေရိကန် အစိုးရ အနေနဲ့ ဘယ်လို ဆက်လက် ကိုင်တွယ်ဖို့ သဘောထား ရှိပါသလဲ။

“အစိုးရသစ်တော့ မဖွဲ့ရသေးဘူး ထင်ပါတယ်။ တနင်္လာနေ့ကျရင် ပါလီမန်ခေါ်မယ်ဆိုတာ သိပါတယ်။ ဒါနဲ့ပတ်သက်ပြီး လက်ရှိ အမေရိကန် အစိုးရ သွားနေတဲ့ ဖိအားပေးတာရော၊ ထိတွေ့ဆက်ဆံတာရော တပြိုင်တည်းလုပ်တဲ့ မူကိုပဲ ဆက်ပြီး ကျင့်သုံးသွားဦးမှာပါ။ ပိတ်ဆို့ ဒဏ်ခတ်မှု ချမှတ်ထားနေတဲ့ တချိန်တည်းမှာပဲ အရင်နှစ်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) သွားခဲ့တယ်။ နောက် ကျနော်သွားတယ်။ အာဆီယံနဲ့လည်း ကျနော်တို့ကြား ရှိခဲ့တဲ့ အစည်းအဝေးတွေတိုင်း ဆွေးနွေးဖြစ်ပါတယ်။”

အဲဒီလို သမ္မတ အိုဘားမား အာဏာရလာတဲ့ အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သုံးသပ်ထားတယ်ဆိုတဲ့ မူအပေါ်မှာ ပြန်ပြီးသုံးသပ်ဖို့ ပြောဆိုနေသံတွေလည်း ကြားနေရပါတယ်။ အဓိက ထောက်ပြကြတာက သမ္မတ အိုဘားမား ပြန်လည် သုံးသပ်ထားတဲ့ မူမှာ အချိန်သတ်မှတ်ချက် မရှိဘူး၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့အခါ ဘယ်အချိန်မှာ လွှတ်ပေးရမယ်ဆိုတဲ့ အချက်တွေ မပါဘူးဆိုပြီး ထောက်ပြကြပါတယ်။ အခု မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူတွေမှာ အမေရိကန် အစိုးရအနေနဲ့ ပြန်လည် သုံးသပ်တာတွေ ရှိနေပါသလား။

“အချိန်တိုင်း ဘယ်အချိန်မှာမဆို ကျနော်တို့က ကျနော်တို့ရဲ့မူကို အမြဲ ပြန်လည် သုံးသပ်တတ်ပါတယ်။ ဒီမူကို အကောင်ထည်ဖော် ဆောင်ရွက်နေတာ လက်ရှိ အခြေအနေနဲ့ ဆီလျော်မလား၊ မဆီလျော်ဘူးလားဆိုတာ အမြဲ ဆန်းစစ်ပါတယ်။ နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု ရှိမရှိ အမြဲ ဆန်းစစ်တာက ကျနော်တို့ရဲ့ လုပ်နေကြ စံချိန်စံနှုန်း ဖြစ်ပါတယ်။”

ဒါနဲ့ တဆက်တည်းမှာပဲ မစ္စတာယွန်းက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး ပထမဦးဆုံး အဆင့်မြင့် အမေရိကန် အရာရှိတဦး အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့် ရရှိခဲ့တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ အမေရိကန် အစိုးရ အနေနဲ့ ဘယ်လိုသဘောထားရှိတယ် ဆိုတာကို ပြောခဲ့ပါသလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကရော မစ္စတာယွန်းကို ဘာတွေများ ပြောခဲ့ပါသလဲ။

“ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်လို့ပါ။ ယေဘုယျအားဖြင့် လက်ရှိအခြေအနေအပေါ် သူ့ရဲ့အမြင် ဘယ်လိုရှိသလဲဆိုတာ သိချင်လို့ပါ။ တခြား အသေးစိတ်ကိုတော့ ကျနော် မပြောချင်သေးပါဘူး။”

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တခြား စစ်အစိုးရ အရာရှိတွေနဲ့ တွေ့တဲ့အခါရော ဘာတွေများ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။

“ကျနော်တို့ ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ပွင့်လင်းတဲ့ သံတမန် ဆက်ဆံရေး ဖလှယ်မှု ဖြစ်ပါတယ်။ ဒီလောက်ပဲ ကျနော်ပြောပါရစေ။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်း ပြောသွားတာ ဖြစ်ပါတယ်။

သူပြောသွားတဲ့ အတိုင်းပဲ အမေရိကန် အစိုးရ အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေး ကိစ္စကို ဆောင်ရွက်ဖို့အတွက် အဆင့်ဆင့် ဆွေးနွေး ငြင်းခုံကြရဦးမှာ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံကို ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ကိစ္စ ပြန်ကြည့်မယ်ဆိုရင်လည်း မစ္စတာ မင်ဒဲလား အာဏာရလာပြီး ၂ နှစ်ပတ်ဝန်းကျင်လောက်မှ ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်တာမို့ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဘယ်အချိန် ရုပ်သိမ်းမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။