အလုပ်သမားများ သမဂ္ဂဖွဲ့ခွင့်၊ ဆန္ဒပြခွင့် ရပြီ

မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုတာနဲ့ အလုပ်သမားအရေး ဆန္ဒပြခွင့်ပြုတဲ့၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ ဒီနှစ် မတ်လ ၉ ရက်နေ့က စပြီး အာဏာတည်တဲ့နေ့ သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို မတ်လ ၉ ရက်နေ့စွဲနဲ့ပဲ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းလာမယ့် အလုပ်သမား သမဂ္ဂတွေ မှတ်ပုံတင်ကြမှာကို စစ်ဆေးကြီးကြပ်မယ့် မှတ်ပုံတင်အရာရှိချုပ် အဖြစ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ်ကို ခန့်အပ်တာဝန်ပေးတဲ့ အမိန့်ကြောငြာစာကိုလည်း မတ်လ ၉ ရက် နေ့စွဲနဲ့ပဲ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အလုပ်သမား အဖွဲ့အစည်း ဥပဒေကို မနှစ်က ၂၀၁၁ အောက်တိုဘာလမှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥပဒေအရ အနည်းဆုံး အဖွဲ့ဝင်ဦးရေ ၃၀ နဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်း နိုင်ပြီးတော့ အသေးစိတ် အစီအစဉ်တွေ ပါဝင်တဲ့ အလုပ်သမားအရေး ဆန္ဒပြပွဲကို ၁၄ ရက် ကြိုတင် အကြောင်းကြားခွင့် တောင်းခံခဲ့ရင် ဆန္ဒပြခွင့်ကိုလည်း ခွင့်ပြုထားပါတယ်။

အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဖြစ်တာကို အကြောင်းပြု၍ ဖြစ်စေ၊ အလုပ်သမားအရေး ဆန္ဒပြတာကို အကြောင်းပြု၍ ဖြစ်စေ၊ အလုပ်သမားတွေကို အလုပ်မှထုတ်ပယ်တဲ့ အလုပ်ရှင်ဟာ ဒီဥပဒေအရ ထောင်ဒဏ်တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်တစ်သိန်း ပြစ်ဒဏ်ချခံရမှာ ဖြစ်သလို၊ အလုပ်သမားတွေ ဆန္ဒပြနေစဉ်မှာ ယခု ပြဌာန်းထားတဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ချိုးဖောက်မှု ရှိခဲ့ရင်လည်း ချိုးဖောက်သူ အလုပ်သမားဟာ ဒီဥပဒေအရ ထောင်ဒဏ်တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်သုံးသောင်း ပြစ်ဒဏ်ချမှတ် ခံရမှာ ဖြစ်ပါတယ်။