ပဲခူးဒေသ တပ်စခန်း အမည်မသိအဖွဲ့ ပစ်ခတ်

ပဲခူးဒေသ စစ်စခန်းပစ်ခံရပြီး စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားချက် (ဓါတ်ပုံ၊ မြန်မာအလင်း)

{{Zawgyi/Unicode}}

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဘေး ဘောနက်ကြီးရွာက တပ်မတော် နယ်မြေခံတပ်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပစ်ခတ်ပြီးတဲ့နောက်ကြာသပတေးနေ့ ညပိုင်းက အမြန်လမ်းမကြီးကို ပိတ်ခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကရတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ပဲခူးမြို့နယ် ဘုရားကြီး တိုက်နယ်အတွင်းရှိ ဘောနက်ကြီးကျေးရွာအခြေစိုက် နယ်မြေခံတပ်ကို ကြာသပတေးနေ့ မနက်အစောပိုင်းက အကြမ်းဖက်အုပ်စုတွေက လာရောက် နှောက်ယှက် ပစ်ခတ်ခဲ့တယ်လို့ ဒီနေ့ထုတ် ကြေးမှုနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ဖော်ပြထားတာပါ။

ဒီတိုက်ခိုက်မှုဟာ အမြန်လမ်းမကြီးဘေးက ဝါးကတုတ်ဆည်နဲ့ အနီးဝန်းကျင်ကနေ ၁၀၇မမ ရှော့တိုက် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး နယ်မြေခံတပ်ရင်းနဲ့ အနီးအနားကို ဒုံးသီး ၄လုံးကျရောက်ပေါက်ကွဲခဲ့ပေမဲ့ လူနဲ့ အဆောင်အဦးတွေ ထိခိုက်ပျက်ဆီးတာမရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့က ရှင်းလင်းရာမှာ ပစ်ခတ်ဖို့ အသင့်ပြင်ဆင်ထားတဲ့ ၁၀၇မမ ဒုံးသီး ၂လုံးကိုလည်း သိမ်းဆည်းရမိကြောင်း ဖော်ပြပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ကြာသပတေးနေ့ ညပိုင်းမှာတော့ ရန်ကုန်- မန္တလေး အဝေးပြေးလမ်းကို ည ၈နာရီကနေ ပိတ်ထားခဲ့တယ်လို့ ၁၁၅မိုင် ယာဉ်ရပ်နားစခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ ၈နာရီကျော်တာနဲ့ ဆက်မသွားခိုင်းတော့ဘူး။ အမြန်လမ်းကြီးမှာလေ။ မနက် ၆နာရီထိ။ ၃၉မိုင်လောက်မှာ ရပ်ထားပြီးတော့ ဆက်မသွားခိုင်းဘူး။ ည ၈နာရီဆိုရင်လေ။ သူ့ထက်ကျော်လာတဲ့ကားတွေလည်း ၁၁၅မိုင်ရောက်တော့ ၁၁၅မိုင်ကားဝင်းထဲ ဝင်နားခိုင်းတာ ဆက်မသွားခိုင်းဘူး။ မနေ့က စတာ။ မနေ့က စတာ။ သတင်းကြားတာကတော့ မိုင် ၄၀မှာ ပစ်ခတ်မှုဖြစ်လို့ ကြားတာပဲ။ အဲဒါကြောင့်လား မသိဘူး။”

အမြန်လမ်းကို သွားလာနေတဲ့ ယာဉ်မောင်း တစ်ဦးကလည်း အခုလို ပြောပါတယ်။

“ ပိတ်တာပေါ့။ ကြုံတဲ့နေရာ ပိတ်တာပဲ။ ကျနော်တောင် ပြန်လာတာ အခုမှ ပြန်လာရတာ။”

အမြန်လမ်းပေါ်မှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကတော့ ည ၈နာရီကနေ မနက် ၄နာရီထိ အမြန်လမ်းတစ်လျောက် ပိတ်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။

ဒီနေ့ နေ့ခင်းဘက်မှာလည်း အမြန်လမ်း ဘောနီအနီးနဲ့ အခြားနေရာတွေမှာ ပစ်ခတ်မှုတွေရှိကြောင်း လူထုအကြား သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘောနီရဲစခန်းကတာဝန်ရှိသူတစ်ဦးကတော့ သူတို့နယ်မြေမှာ ဖြစ်ပွားတာ မရှိကြောင်း ပြောပါတယ်။

“ အဲဒါမျိုးတော့ ဘာမှ မရှိဘူးဗျ။ ကျနော်တို့ကတော့ ဘောနီ စခန်းအပိုင်ထဲမှာပဲ လတ်တလောတော့ ဘာမှ မရှိဘူး။ ဘောနီစခန်းအပိုင်ဟာပဲ ပြောလို့ရမယ်။ ကျန်စခန်းကတော့ ဘာမှ မသိဘူး။ ”

လတ်တလောအခြေအနေမှာတော့ အမြန်လမ်းမကြီးက ညပိုင်းမှာ ဖြတ်သန်းခွင့် ဆက်လက် ပိတ်မယ် မပိတ်ဘူးဆိုတာ မသိရသေးပေမဲ့ အဝေးပြေးယာဉ်မောင်းတွေကတော့ ဆက်လက်ပိတ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရန်ကုန်မြို့မှာနေထိုင်သူတွေဟာ အခြားအရပ်ဒေသတွေကို အများအပြား ထွက်ခွာနေတာကြောင့် ရန်ကုန် မန်း အဝေးပြေးလမ်းက ဂိတ်တွေမှာ ယာဉ်ပိတ်ဆို့တာတွေ ဖြစ်နေပါတယ်။

၁၈ရက်နေ့ မနက်ပိုင်းကတော့ မော်လမြိုင်မြို့ ရွှေနတ်တောင် ပေါ်မှာ အကြမ်းဖက်အဖွဲ့တွေက လူနေရပ်ကွက်ကို ချိန်ရွယ်ထားတဲ့ အချိန်ကိုက်စနစ်နဲ့ ပစ်ခတ်မယ့် ရှော့တိုက် ၁၀၇မမ ဒုံး၂လုံးကို လုံခြုံရေးတပ်ဖွဲ့က တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ ကချင်ပြည်နယ်အတွင်းမှာလည်း တပ်မတော်၊ ရဲနဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို KIA ကချင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိခဲ့ပြီး ဒီကနေ့မှာတော့ တိုက်ပွဲထပ်မံဖြစ်ပွားတဲ့သတင်း မရရှိသလို KIA ပြောခွင့်ရသူကိုလည်း ဆက်သွယ် မရခဲ့ပါဘူး။

................................

Your browser doesn’t support HTML5

ပဲခူးဒေသ တပ်စခန်း အမည်မသိအဖွဲ့ ပစ်ခတ်

{{Unicode}}













