သံတွဲအကြမ်းဖက်မှုနဲ့ဆက်နွယ်သူ ၉၀ ကျော် စတင်အရေးယူ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှု လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး လူပေါင်း ၁၀၀ နီးပါးကို စတင် အရေးယူထားပြီ ဖြစ်တဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင် တချို့ကြားဖြစ်ပွားတဲ့ သွေးထွက်သံယို ပဋိပက္ခတွေ နောက်ဆက်တွဲအဖြစ် အခုလို အရေးယူနေပေမဲ့ မျှတမှု မရှိဘူးလို့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာပါ။

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်သူတွေအဖြစ် သံသယရှိသူတွေထဲက နိုဝင်ဘာလ ၂၂ ရက်နေ့အထိ လူပေါင်း ၁၀၂ ယောက်ကို ဖမ်းဆီးပြီး ပြစ်မှုကျူးလွန်သူတွေအဖြစ် ၉၃ ဦးကို တရားစွဲတင်ထားတဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးထားသူတွေထဲက ပြစ်မှုကျူးလွန်မှုမရှိသူ ၉ ဦးကို ပြန်လွှတ်ပေးပြီး နောက်ထပ် တရားခံပြေးအဖြစ် အရေးယူထားသူ ၇၀ ကျော်အထိ ရှိတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ကပြောပါတယ်။

စက်တင်ဘာလကနေ အခု နိုဝင်ဘာလ ၂၂ ရက်နေ့ထိ သံသယရှိသူ ၁၀၂ ဦးကို ဖမ်းဆီးပြီး ပြစ်မှုကျူးလွန်သူ ၉၃ ဦးကို တရားဆွဲတင်ထားသလို ပြစ်မှု ကျူးလွန်တယ်လို့ မပေါ်လွင်တဲ့ လူ ၉ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သံသယရှိသူ ၁၀၂ ယောက်ကို ကျနော်တို့ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်။ အမှုပေါင်း ၁၉ မှုကိုတော့ ကျနော်တို့ တရားစွဲတင်နိုင်ခဲ့တာပေါ့။ အမှုပေါင်း ၁၉ မှုမှာကတော့ ကျနော်တို့ ပြစ်မှုကျူးလွန်သူပေါင်းက ၉၃ ယောက်ရှိတာပေါ့။ အမှုကတော့ ၁၉ မှုပေါ့။ ကျန်တဲ့ ၉ ယောက်ကတော့ ကျနော်တို့ အထောက်အထား မခိုင်လုံဘူး။ ပြစ်မှုကျူးလွန်မှုရှိတဲ့ အထောက်အထား ပေါ်လွင်မှုမရှိလို့ ကျနော်တို့ ပြန်လွှတ်လိုက်တာပါ။ မမိသေးတဲ့ ၇၁ ယောက်ကိုလည်း တရားခံပြေးအဖြစ် ကျနော်တို့ ကြေညာထားပါတယ်။”

ရခိုင်ပြည်နယ်မှာ လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေ နောက်ဆက်တွဲ သံတွဲမြို့မှာ ထပ်မံဖြစ်ပွားတဲ့ အကြမ်းဖက်တွေမှာ ပါဝင်ခဲ့တဲ့ သူတွေကို အခုလို ဖမ်းဆီးအရေးယူရာမှာ တဖက်သတ် ဆောင်ရွက်တာတွေ ရှိတယ်လို့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေတာပါ။ သံတွဲမြို့က ပဋိပက္ခတွေ စတင်ဖြစ်ပွားချိန်မှာ ဖမ်းဆီးခံထားရတဲ့ ကမန်အမျိုးသားပါတီရဲ့ သံတွဲမြို့နယ် ဥက္ကဌ ဦးကျော်ဇံလှရဲ့ မိသားစုဝင်တစ်ဦးကတော့ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေဟာ မျှတမှု မရှိဘူးလို့ ဆိုပါတယ်။

“ဘယ်လိုလုပ်နေကြသလဲဆိုရင် ကျနော်တို့က အဖမ်းပြတယ်။ ဖမ်းမရဘူးဆိုတဲ့အခါ အာမခံပေးလိုက်တယ်။ ဒါ ဟို မြို့ပေါ်လူတွေပေါ့ဗျာ။ ပြဿနာမှာပါတယ်ဆိုပြီးတော့ သူတို့ကို ဆွဲတယ်။ ဆွဲပြီးတော့ အာမခံ အကုန်ပေးထားတယ်။ အကုန်ပြန်လွှတ်တယ်။ ပြန်လွှတ်တယ်ဆိုတာ အကိုရာ ကျနော်ဆိုလိုတာက သူတို့က အမှုတက်တယ်။ နောက်ဆုံး တနည်းပြောရမယ်ဆိုရင်ဗျာ မျက်မြင်သက်သေမရှိဘူးဆိုပြီးတော့ ပြန်လွှတ်တယ်ပေါ့။ မူဆလင်ဘက်က လူတွေကိုကျတော့ ဖမ်းထားတယ်ပေါ့ အာမခံတယောက်မှ မပေးဘူး။”

ဒါပေမဲ့လည်း အာဏာပိုင်တွေကတော့ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူနေတာ ဖြစ်တယ်လို့ ပြောဆိုထားကြတာပါ။ အထူးသဖြင့်ကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့တဲ့ သံတွဲမြို့ဖြစ်စဉ်နဲ့ ပတ်သက်လို့ တိတိကျကျ အရေးယူဖို့ မှာကြားထားတာ ဖြစ်တဲ့အကြောင်း သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

“ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ မည်သူပဲဖြစ်စေ၊ ဘယ်ဘက်ကပဲလုပ်လုပ် ကျနော်တို့အနေနဲ့ တိတိကျကျ အရေးယူသွားမယ်ဆိုတာ ကျနော်တို့ ပြောခဲ့ပါတယ်။ ပြောခဲ့တဲ့အတိုင်းပဲ ကျနော်တို့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခြေအနေကို ပြည်သူတွေသိနိုင်အောင်လို့ ကျနော်တို့ သတင်းထုတ်ပြန်ပေးတာဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ - အဲ့ဒီအချိန်က သမ္မတကြီးကလည်း ရခိုင်ပြည်နယ်ရောက်နေတော့ သမ္မတကြီးက နှစ်ဘက် နှစ်ဖွဲ့စလုံးက ပါဝင်ပတ်သက်တဲ့သူတွေပေ့ါနော် တဘက်ကနေပြီး အားပေးအားမြှောက်လုပ်တဲ့သူတွေ၊ ကိုယ်တိုင်ပြစ်မှုကျူးလွန်တဲ့သူတွေ၊ နောက်ကွယ်ကနေ ပဋိပက္ခတွေဖြစ်ပေါ်အောင် ကြိုးကိုင်ခဲ့တဲ့သူတွေကို သေသေချာချာ စိစစ်ပြီးတော့လုပ်ပါ။ ဘက်မလိုက်ပဲနဲ့ အရေးယူပါလို့ ညွှန်ကြားခဲ့ပါတယ်။”

သံတွဲမြို့အပါအဝင် မြန်မာနိုင်ငံ အနောက်ခြမ်းမှာ မကြာခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ အပေါ်မှာတော့ အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်ခဲ့ပြီး၊ မြန်မာအစိုးရ အနေနဲ့ အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းကို အကာအကွယ်ပေးပြီး အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ တိုက်တွန်းခဲ့ကြပါတယ်။ မကြာသေးခင် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ဘီကလင်တန် (Bill Clinton) ကလည်း မြန်မာပြည်ရဲ့ အကြမ်းဖက်မှု ပြသနာတွေဟာ ကမ္ဘာကပါ စိတ်ပျက်စေခဲ့ရတယ်လို့ ပြောခဲ့သလို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ (Tony Blair) ကတော့ မြန်မာနိုင်ငံက အဖြစ်အပျက်တွေဟာ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ အလားသဏ္ဍန် တူပြီးတော့ မတူညီတဲ့ လူမျိုးတွေအကြား အချိန်ပေးပြီး ကုစားရမယ်လို့ ပြောဆိုခဲ့တယ်။