{{Zawgyi/Unicode}}
မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ်၊ တာ့ခ်ပြည်နယ်၊ ချင်းရိုင်ပြည်နယ်တွေမှာ လူကုန်ကူးခံရတဲ့ မြန်မာ ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါထိန်းချုပ်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ နိုင်ငံထဲ လာရောက်ခွင့် ပိတ်ပင်ထားချိန် ခုလိုလူကုန်ကူးခံရသူတွေ ဖမ်းမိတဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ပြောပြပါတယ်။
ထိုင်း မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ထဲက မယ်ဆိုင်တာချီလိတ် ချစ်ကြည်ရေးတံတားအနီးမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦး ကို ဧပြီလ ၁၈ ရက် တနင်္ဂနွေနေ့ညက ဖမ်းဆီးမိခဲ့ပါတယ်။ အခုရက်ပိုင်းတွေအတွင်း ထိုင်းတောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ မြန်မာနိုင်ငံဖက်ကနေ လူကုန်ကူးခံရသူတွေကို ထိုင်းဖက်က ဖမ်းမိတဲ့အကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့ FED အဖွဲက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။
" မြောက်ပိုင်းမဲဆိုင် တာချီလိတ် ဘက်မှာ တရားမဝင်ခိုးဝင်လာတဲ့ အလုပ်လုပ်ဖို့လာတဲ့မြန်မာ ၁၇ယောက်ဖမ်းမိတယ် ။ သူတို့ကိုဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာတွေတော့မသိရသေးဘူး ။ ကမ်ချနဘူရီပြည်နယ် စံခဘူရီမြိုနယ်ထဲမှာလည်း ၆ ယောက်မိတယ် ယောက်ကျားလေး ၅ဦး မိန်းကလေး ၁ဦးမိတယ်"
ထိုင်းနိုင်ငံမှာ ကိုဗစ် ပထမလှိုင်းဖြစ်တဲ့ ၂၀၂၀ မတ်လကစလို့ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ နိုင်ငံထဲဝင်ရောက်တာကို ပိတ်ပင်တားမြစ်ထားတာပါ။ ကိုဗစ် ဒုတိယလှိုင်းတုန်းကလည်း စမွတ်စခွန်းပြည်နယ် ထဲက ပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဆီက စတင်ကူးစက်ခဲ့တာကြောင့် နိုင်ငံတွင်းမှာကို ရွှေ့ပြောင်းလုပ်သားတွေ တနယ်နဲ့ တနယ်သွားလာတာကို အထူးကြပ်မတ် ကန့်သတ်ထားတာပါ။
"၂၀၂၀ ၃လပိုင်း ၂၅ရက်နေ့ကတည်းကစပြီး နယ်စပ်တွေပိတ်လိုက်တာ ကိုဗစ်ကြောင့်ပိတ်လိုက်တာအဝင်အထွက်တွေပိတ်လိုက်တာ အဲဒီထဲကပြန်ဝင်ဖို့က အထူးသဖြင့် မြန်မာပြည်ထဲကကော တခြားနိုင်ငံတွေက ဝင်တာတွေလည်းအကုန် အခက်အခဲဖြစ်ကုန်တာ အဲဒီထဲကစပြီးတရားမဝင်တဲ့နည်းနဲ့ ထိုင်းထဲဝင်ဖို့လုပ်ကြတာပဲ။ MOU နှစ်နိုင်ငံသဘောတူညီချက်နဲ့ခေါ်ဖို့လုပ်သေးတယ်။ ဒါပေမယ့်ကျန်းမာရေးအရ ကန့်သတ်ချက်များတယ်။ အလုပ်ရှင်တွေကတာဝန်မယူနိုင်ဘူး။ စောင့်ကြည့်တဲ့နေရာတွေမှာထားဖို့ကိစ္စတွေကိုလည်းအဆင်မပြေဘူး။ အဲဒီအချိန်ကတည်းက ခေါ်ဖို့နောက်ဆုတ်သွာတာ အခုချိန်ထိ ရောက်သွားတယ်။ ဒီလိုအကြပ်အတည်းတွေကြောင့်ပွဲစားတွေက အကြောင်းပြချက်နဲ့ လူကုန်ကူးတာတွေ လုပ်လို့ပိုကောင်းသွားကြတယ် "။
အခုလို အခြေအနေမှာ ချင်းရိုင်ပြည်နယ်ကနေ မြန်မာနိုင်ငံဖက်က တရားမဝင် ဝင်လာနေသူတွေကို ထိန်းချုပ်ဖို့ မယ်ဆိုင်ခရိုင် ရဲတပ်ဖွဲ့က အခုရက်ပိုင်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေပါတယ်။ ဧပြီလ ၁၈ ရက်နေ့ကလည်း မယ်ဆိုင်မြို့ ဗဟိုရိုသင်လမ်းမပေါ်မှာ မောင်းလာတဲ့ ဗင်ကားထဲကနေ တရားမဝင် ဝင်လာသူ မြန်မာနိုင်ငံသား ၁၇ ယောက်ကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိသူတွေဟာ မန္တလေးနဲ့တောင်ကြီးဘက်ကလာကြတဲ့ ရှမ်းတိုင်းရင်းသားတွေဖြစ်ကြပြီး၊ ထိုင်းမှာ အလုပ်လုပ်ဖို့ လူပွဲစားတွေနဲ့ လာခဲ့တယ်လို့ ပြောပါတယ်။ သူတို့နဲ့အတူ အသက် ၅၇ နှစ်အရွယ် ထိုင်းယာဉ်မောင်းကိုလည်း ဖမ်းဆီးထားပါတယ်။ ဧပြီလ ၁၈ ရက်နေ့မှာပဲ တာခ့်ပြည်နယ်၊ မဲဆောက်မြို့မှာ တရားမဝင် ဝင်လာတဲ့မြန်မာနိုင်ငံသား ၅ ယောက်ကိုလည်းဖမ်းမိခဲ့ပါတယ်။ မြန်မာနိုင်ငံသား လူကုန်ကူးသူ ကျော်သက်ဦး ဆိုသူကိုလည်း သူရှောင်ပုန်းနေတဲ့ စမုတ်ဆာခွန်းပြည်နယ်အတွင်းက နေအိမ်တအိမ်မှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်ရှင်။
.........................................
Your browser doesn’t support HTML5
{{Unicode}}