ဗြိတိန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ တရုတ်သံရုံးရှေ့ ဆန္ဒပြ

မန်ချက်စတာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဆန္ဒပြနေကြတဲ့ ဗြိတိန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများ

မြန်မာ့နိုင်ငံရေးမှာ တရုတ် ဝင်ရောက်ပါဝင်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိန်မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီနေ့ လန်ဒန်မြို့တော်နဲ့ မန်ချက်စတာမြို့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကောင်စီအကြီးအကဲကို တရုတ်ဝန်ကြီးချုပ်က ကူမင်းမြို့မှာ လက်ခံတွေ့ဆုံခဲ့တာအပြင်၊ စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို တရုတ်အစိုးရက ထောက်ခံနေတာနဲ့၊ စစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဖိအားပေးပြီး တိုက်ပွဲတွေ ရပ်ခိုင်းနေတာကို ကန့်ကွက်တဲ့အနေနဲ့ လန်ဒန်မြို့တော်က တရုတ်သံရုံးနဲ့ မန်ချက်စတာက တရုတ်ကောင်စစ်ဝန်ရုံးတို့ရှေ့မှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

မြန်မာပြည်သူအများရဲ့ ဆန္ဒဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ပြန်လွှတ်ရေး ဖိအားပေးဖို့နဲ့ စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ် မပြုဖို့၊ စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီတွေ မရောင်းဖို့နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်သမ္မတကို တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကိုလည်း မြန်မာ့အရေးလှုပ်ရှားသူတွေ လက်မှတ်ထိုးပြီး တရုတ်သံအမတ်ကြီးကို ပေးခဲ့တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက VOA မြန်မာပိုင်းကို ပြောပါတယ်။

ဒီနေ့ လန်ဒန်မြို့က တရုတ်သံရုံးရှေ့နဲ့ မန်ချက်စတာမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွေမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ တရုတ်အနေနဲ့ မြန်မာ့နိုင်ငံရေးကို ဝင်မစွက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာပြည်သူတွေကသာ ပုံဖော်မှာ ဖြစ်တယ်ဆိုတာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်က တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ အစည်းအဝေးကို စစ်ကောင်စီအကြီအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားတက်စဉ်အတွင်း တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အသွင်ကူးပြောင်းရေးလုပ်ဖို့ တရုတ်အစိုးရက တိုက်တွန်းခဲ့တယ်လို့ တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ပြောထားပါတယ်။