မလေးမှာ မြန်မာအလုပ်သမား ၄၀ ကျော် အဖမ်းခံရ

မလေးရှားနိုင်ငံတွင်း လုပ်ငန်းခွင်။

တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေ ရှင်းလင်းဖို့ ပြီးခဲ့တဲ့လပိုင်းကစပြီး မလေးရှားအစိုးရက စီမံချက်ချ ဆောင်ရွက်လာရာမှာ စနေနေ့ ညဉ့်နက်ပိုင်း အချိန် ကွာလာလမ်ပူမြို့ဆင်ခြေဖုန်းက စားသောက်ဆိုင်တန်းမှာ ဝင်ရောက် ဖမ်းဆီးမှုတွေရှိခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား(၄၀)ကျော် အဖမ်းခံ လိုက်ရပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ကွာလာလမ်ပူမြို့နဲ့ ၁၂မိုင်အကွာ ဖူချောင်းအရပ်ဒေသမှာရှိတဲ့ Tesco စူပါမားကက်နားက ညဉ့်နက်ပိုင်းဖွင့်တဲ့ စားသောက်ဆိုင်တန်းကို မလေးရဲနဲ့ လဝက အင်အားစုက ရှောင်တခင် ဝင်ရောက် စစ်ဆေးရင်း မြန်မာနိုင်ငံသားတွေ နဲ့ အခြားနိုင်ငံခြားသား အလုပ်သမားတွေကို စနေည သန်းခေါင် အချိန်မှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အလုပ်သမား(၄၀)ကျော်ပါသွားတယ်လို့ အလုပ်သမားရေး ကူညီ ဆောင်ရွက်နေတဲ့ ကိုလတ်က VOAကို ပြောပါတယ်။

"ည ၁၂နာရီခွဲမှာ အင်မီဂရေးရှင်းနဲ့ ရဲတွေ လာဖမ်းသွားတယ်။ လာဖမ်းသွားတဲ့ အကြောင်းအရင်းကတော့ သူတို့ အော်ပရေးရှင်းလုပ်တာပေါ့။ အဲ့လာဖမ်းတော့ တိုင်ဘားမှာ လုပ်နေတဲ့ ရောင်းနေတဲ့ မြန်မာတွေ ပါသွားတယ်။ အဓိက ဝင်သွားတာကတော့ စားသောက်ဆိုင်ကို ဝင်သွားတာ။ လောလောဆယ် ပြန် လွတ် လာတယ်။ မလာဘူးဆိုတဲ့ သတင်းက ကျနော်တို့ ပြန်မရသေးဘူး။ ခန့်မှန်းခြေ ဘယ်လောက်လောက်ပါသွားမလဲဆိုတော့ မြန်မာက ၄၀၊ ၅၀လောက်တော့ ပါမယ်ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာတွေ စည်တဲ့နေရာလေဗျာ။ တိုင်းရင်းသားတွေ အားလုံးရှိကြတယ်။"

အဖမ်းဆီးခံရသူတွေရဲ့ နောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။ သူတို့ ရင်ဆိုင်ရမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ကိုလတ်က ပြောပြပါတယ်။

"ဘာတွေဆက်ဖြစ်နိုင်မလဲဆိုတော့၊ UNHCR ကဒ်အတုကိုင် ထားတဲ့သူတွေ၊ လောလောဆယ် ကမ့်ထဲကို သွားရမယ်။ ထောင်သုံးလကျမယ်။ ကြိမ်ဒဏ် ပါရင်လည်း ပါမယ်။ အဲ့ဒီ့အထဲမှာ တချို့ကတော့ ဘာမှ မရှိဘူးဆိုရင် သေချာပေါက် ကတော့ သုံးလနဲ့ ကြိမ်ဒဏ်ပါသွားပြီ။ ဘာ Document မှ မရှိတဲ့ သူတွေအတွက်ကတော့ အခြေအနေ တော်တော်ဆိုးပါတယ်။ ဒီဟာတွေအားလုံးကို မြန်မာသံရုံးအနေနဲ့ စိစစ်ပြီးတော့ ကူညီ ပေးမယ်ဆိုရင်တော့ သူတို့အတွက် မျှော်လင့်ချက် နည်းနည်းရှိတာပေါ့။"

အဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ပတ်သက်လို့ မြန်မာ သံရုံးဖက်က ဆောင်ရွက်ပေးတဲ့ အနေအထားကို ကိုလတ်က ရှင်းပြပါတယ်။

" ဖမ်းသွားပြီးတဲ့အခြေအနေမျိုးမှာ သူတို့က ပြန်ထုတ်ပေးတယ်။ ဒါကလဲ အပြင်ကလူတွေ လိုက်ပြီး လုပ်မှပါ။ သူတို့နဲ့ပတ်သက်ရာ၊ ပတ်သတ်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်းတွေက လိုက်လုပ်ပြီး CI သွားလျှောက်ပေးတာတို့၊ ကိစ္စတွေ အားလုံး လုပ်ပေးမှပဲ၊ သူတို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာရှိပါတယ်။ ဒီမှာရှိနေတဲ့ မြန်မာ အလုပ်သမားတွေ ကိစ္စနဲ့ပတ်သက်လို့ရှိရင် ဘာလိုခေါ်မလဲ တာဝန်ယူခြင်းဟာ ၅၀% တောင် မရှိပါဘူး ခင်ဗျာ။ သံရုံးက တာဝန်မယူတာကိုပြောတာ။ ကျနော်တို့ ဒီနိုင်ငံမှာက လောလောဆယ်က ဗီဇာသတ်သတ် မသတ်သတ် တစ်လ ကို ပုံမှန်သုံးသိန်းလောက် ရှာလို့ရတယ်။ မြန်မာပြည်မှာ မရမယ့်အတူတူ သူတို့က ဒီမှာအဲ့တာတွေကို ခံစားပြီးတော့ ကြိတ်မှိတ်ပြီးတော့ လုပ်နေကြတာ။"

မြန်မာသံရုံး သဘောထားကိုသိနိုင်ဖို့ VOA ဆက်သွယ်ပေမယ့် ရုံးပိတ်ရက်ဖြစ်နေ တာကြောင့် အဆက်သွယ်မရခဲ့ပါဘူး။ မလေးရှားအစိုးရက တရားမဝင် အလုပ်သမားတွေ မိမိနိုင်ငံပြန်ကြဖို့နဲ့ မပြန်ပဲ ရှာတွေ့ခဲ့ရင် ဖမ်းဆီး အရေးယူမယ်လို့ ဒီနှစ်ဆန်းပိုင်းကတည်းက ကြေညာထားတာပါ။

ဒါပေမယ့်လဲ မလေးရှားခရီးသည် တင်လေယာဉ်ပျောက်ဆုံးချိန် ကစလို့ ရွှေ့ပြောင်းအလုပ်သမားတွေ ရှာဖွေဖမ်းဆီးမှု ခေတ္တရပ်တန့်သွားခဲ့ပြီး အခုရက်ပိုင်းတွေမှာ အဖမ်းအဆီးတွေ ပေါ်လာနေတာပါ။

အလုပ်ပွဲစားကတဆင့် CALLING ဆိုတဲ့အစီအစဉ်နဲ့ မလေးရှားမှာ လာရောက် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား (၁)သိန်းခွဲ ဝန်းကျင်လောက်ရှိပြီး ၊ တရားဝင်ရော တရားမဝင်ပါ အားလုံးစုစုပေါင်း မြန်မာနိုင်ငံသား ၃သိန်း နီးပါး မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ခန့်မှန်းထားကြပါတယ်။